Untitled Document
Untitled Document
Untitled Document
ဆောင်းပါး
#ကိုယ်ကျင့်သိက္ခာ.. #အခန်း(၄)ဒုတိယပိုင်း #၂။ လူ၏ကာယအကြောင်း။

ပါစကား (De Luca) အမည်ရှိ အဘိဓမ္မာဆရာကြီးတဦးက၊ လူသည်လူ၏မြင့်မြတ်သောဂုဏ်သိက္ခာကို ဘော်ပြခြင်းမပြုမူ၍ တိရစ္ဆာန်ကဲ့သို့သာ မိမိကိုယ်ကို ဘော်ထုတ်လျှင် အလွန်အန္တရာယ်များ၏။ သူ၏နိမ့်ကျခြင်းကို မတွက်ဆပဲ မြင့်မြတ်မှုကို သာ ထင်မြင်ဘော်ပြခဲ့လျှင်သာ၍ပင် ဘေးဥပါတ်သင့်တတ်သည်။ သို့ရာတွင် နိမ့်ကျခြင်း၊ မြင့်မြတ်ခြင်းနှစ်မျိုးလုံး မသိမြင်ခဲ့သော် အန္တရာယ်အကြီးဆုံးဖြစ်သည်ဟု ရေးသားခဲ့ဘူးလေသည်။ သိပ္ပံပညာရှင်တဦးက ပိုးမွှားတိရစ္ဆာန်များသည် အိုလံပစ်ပြေးခုန်ကစားပွဲကြီးတွင် ဝင်ရောက်ယှဉ်ပြိုင်ကာ အံ့ဘွယ်ရာများ လုပ်ဆောင်သည်ကို လူများမြင်ကြလျှင် အလွန်အံ့အားသင့်ကြပေမည် ဟုဆိုလေသည်။ ဥပမာ ခွေးလေးတမျိုးသည် သူ့ကိုယ်အလျား၏ အဆ ၂၀၀ အမြင့်ကို ခုန်နိုင်စွမ်းရှိသည်။ လူသည် ထိုပိုးမွှားလောက် အစွမ်းရှိခဲ့ပါလျှင် မန္တလေးတောင်မျှမကသောအမြင့်ကို ခုန်နိုင်စွမ်းရှိပေမည်။

ယင်ရိုးရိုးတကောင်သည် သူ၏ခြေကြားတွင် မီးခြစ်တဆံကို သယ်ယူပျံသန်းနိုင်အောင် အတောင်အင်အားရှိသည်၊ ဤအချိုးအတိုင်း လူ၏အင်အားရှိခဲ့လျှင် ၎င်းသည် ၂၄ ပေမြင့်၍ ပင်စည်အချင်း ၂ ပေရှိသော သစ်ပင်ကို မည်သည့်အကူအညီမျှမပါဘဲ သူ့အားဖြင့် သယ်ယူသွားနိုင်ပေမည်။ ကနုကမာ ကောင်များသည် သူ၏အခွံကို ပေါင် ၃၀ ခန့်နှင့်ညီမျှသော ညှစ်အားထုတ်၍ ပိတ်နိုင်ကြသည်။ ထိုအချိုးအစားအတိုင်းဆိုသော် လူသည် ကုန်အပြည့်တင်ထားသော ရထားတစင်းကို သယ်ပိုးနိုင်လောက်သည်။ ဤသည်ကို ထောက်၍ လူ၏ ကာယပြေးခုန်ကစားခွန်အား စံချိန်များမှာ ဤသေးငယ်သော တိရစ္ဆာန်ကောင်ကလေးများ၏ စွမ်းအင်နှင့်နှိုင်းစာလျှင် အလွန်နိမ့်ကျလေသည်။

အကယ်၍လူကို ကာယခွန်အားတခုတည်း စဉ်းစားပြောဆိုရပါလျှင် ခွန်အားအသံမာဆုံးသောလူပင် မာနတက်ဘွယ်၊ ဂုဏ်ယူဘွယ်ဘာမျှမရှိချေ။ လှေခါးထစ်များသဏ္ဍာန် အဆင့်ဆင့်ခွဲခြားဘော်ပြခဲ့သော် လူသည် အလွန်နိမ့်သော အထစ်တွင်သာရှိပေမည်။ ကောင်းကင်ကြယ်တာရာများ၊ ပင်လယ်သမုဒ္ဒရာများ၊ တောတောင်ကြီးများ၊ မြစ်ကြီးများနှင့်နှိုင်းယှဉ်လျှင် လူသည်အဘယ်မျှသေးငယ်သနည်း။

လူသည်ဘာမျှမရှိခြင်းထက်ပိုသည် ဆိုရုံလောက်သာပြောရပေမည်။ လူတို့ဆောက်လုပ်သောအရာများသည်ပင် လူထက်ကြီးမားလေသည်။ ဘုရားပုထိုးတဆူ၏ရှေ့မှာရပ်၍ နှိုင်းယှဉ်ကြည့်လျှင်၊ ထိုထုထည်ကြီးနှင့်မနှိုင်းသာအောင် သေးငယ်သည်ကို တွေ့ရမည်။ ၎င်းပြင် လူ၏ခန္ဓာကိုယ်သည် များလှစွာသော အနာရောဂါများကို အောင်မြင်နိုင်နင်းရန် အားအလွန်နည်းလှသည်။ လူတယောက်ကိုအောင်မြင်ရန်မှာ စကြာဝဠာကြီးတခုလုံးတပ်ကြီး ဖွဲ့စည်းတိုက်ခိုက်ရန်မလို၊ ရေတစက် လေတချက် တိုက်ခတ်ရုံမျှဖြင့်ပင် လူတယောက်ကို သေနိုင်စွမ်းရှိလေသည်။

အကယ်၍သာကျွန်ုပ်တို့သည်လူကို ကိုယ်ခန္ဓာအကြီးအငယ်၊ အလေးချိန်စသည့်ရုပ်နှင့်ဆိုင်ရာကို သာအတိုင်းအတာပြုမည်ဆိုလျှင် လူဟူသောသတ္တဝါမှာ အလွန်သိမ်ဖျင်း နုံချာသောအရာမျိုးမျှသာ စာရင်းဝင်ပေမည်။ သို့ရာတွင်လူသည် တိရစ္ဆာန်များနှင့် ရုပ်ဝတ္ထုများအားလုံးထက် သာလွန်စေသောအရာတခုကို ပိုင်ဆိုင်လေသည်။ ထိုအရာကား လွတ်လပ်ခြင်းနှင့် ကိုယ်ကျင့်တရားဖြစ်၏။ ဤအကြောင်းကြောင့် လူတယောက်တည်းပင်လျှင် စကြာဝဠာတခုလုံးရှိ ရုပ်ဝတ္ထုများအားလုံး စုပေါင်းထားသည်ထက် သာလွန်ကြီးမြတ်ပေသည်။ လူသည်ဘုရားသခင်၏ ရွှေပုံသဏ္ဍာန်နှင့်တူ၍ ကိုယ်တော်ရှင်၏ သားသမီးဖြစ်သည်။ သူ၏ကာယသည် သေးငယ်အားနည်းသော်လည်း ဝိညာဉ်နှင့်ပေါင်းစပ်ခြင်းအားဖြင့် ကြီးမြတ်သောအဖြစ်သို့ ရောက်ရလေသည်။ ကာယကို ငြင်းပယ်၍ ယုတ်ညံ့အောင်ပြုသူသည် သိမ်ဖျင်းသူဖြစ်သည်။ လူ၏ကာယ၌ သူပိုင်တန်ခိုးသတ္တိရှိ၏။ ကိုယ်ခန္ဓာကို ဝန်ထုပ်ဝန်ပိုးတခုကို သယ်ယူရခြင်းမျိုးဟု သဘောမထားဘဲ၊ အတောင်းသဖွယ်ကဲ့သို့၎င်း၊ ယာဉ်တခုကဲ့သို့၎င်း အသုံးပြုသူတို့သည် မင်္ဂလာရှိကြ၏။ ညီအကိုများ၏ခန္ဓာကို နှိပ်စက်၍ သတ်ဖြတ်သူများသည် ကံဆိုးသူများဖြစ်ကြ၏။ ကိုယ်ခန္ဓာကို ပြုစုကုသသူ၊ ကျွေးမွေးနှစ်သိမ့်သူ၊ ချီးမွမ်းသူများသည် ကံကောင်းသူများဖြစ်ကြ၏။

ရောမဘုရင် ဧကရာဇ်၏ ဥယျာဉ်တော်တွင် အလွန်လှပ၍လည်ပင်းတွင် ရွှေချူလည်ပတ်၌ ကျွန်ုပ်ကို မထိပါနှင့် ကျွန်ုပ်ကိုဘုရင်ဧကရာဇ် ပိုင်ဆိုင်ပါသည်ဟု စာတန်းထိုးထားသော သမင်တကောင်သည်လွတ်လပ်စွာ သွားလာနေခဲ့ဘူး၏။ ထို့အတူလူတိုင်းလူတိုင်း၏ ကိုယ်ခန္ဓာ၌လည်း ဘုရားသခင်၏တံဆိပ်တော်ပါရှိသည်။ ၎င်းမှာအံ့ဩဘွယ်ဂုဏ်သတ္တိများဖြစ်သော အာရုံခံစားတတ်ခြင်း၊ အလွန်ရှုပ်ထွေးသော အင်္ဂါအစိပ်အပိုင်း ဖြစ်သည့် မျက်စေ့များ၊ သွေးလည်ပတ်သွားလာခြင်း၊ အစာကြေကျက်ကာ အသွေးအသားအရိုးသို့ ပြောင်းလဲခြင်း၊ စသည်ဖြစ်ကြ၏။

မြတ်စွာဘုရားသခင်သည် လူ့အမိအဘအကူအညီဖြင့် ဤခန္ဓာကိုယ်ကို လူအားပေးသနားတော်မူ၏။ သို့ရာတွင် ၎င်းခန္ဓာကိုယ်ကို ဘုရားသခင်ပိုင်ဆိုင်တော်မူသည်ဖြစ်၍ မည်သူမျှမိမိ၏ ဤအံ့ဘွယ်သော အချက်အင်္ဂါများကို ပျက်စီးစေအောင် ယုတ်ညံ့သောအမှုများပြုခွင့်မရှိ။

 တနေ့သ၌ မထင်ရှားသော လူတယောက်သည် ပန်းချီကားကောင်းများဆွဲချိတ်ပြသထားသော စင်္ကြံတခုကိုလျှောက်လျက် ကြည့်ရှုနေရင်း ရုတ်တရက် မင်အိုးတလုံးကို ဆွဲထုတ်ပြီးလျှင် အလှဆုံးသော ပန်ချီကားတချပ်ကို မင်ဖြင့်ပက်၍ ညစ်ညမ်းစွန်းထင်အောင်ပြုလိုက်၏။ ချက်ချင်းပင်သူ့အား ဆိုင်ရာမှ ဘမ်းဆီးချုပ်နှောင်လိုက်လေသည်။ သတင်းစာ အသီးသီးကလည်း ထိုသူ၏အပြုအမူသည် အလွန်စော်ကားသော အမှုဖြစ်သဖြင့် ရာဇဝတ်မှုဖြင့် တရားစွဲကာ ပြင်းထန်သော အပြစ်ဒဏ်ကို စီရင်ထိုက်ကြောင်း ရေးသား တောင်းဆိုကြကုန်သည်။ သို့ရာတွင် ၎င်းတရားခံမှာ လူကောင်းတယောက်မဟုတ်၊ စိတ်ဖေါက်ပြန်နေသူဖြစ်သဖြင့် သူ၏အပြုအမူအတွက်သူ့မှာ အပြစ်မရှိ၊ ထိုအမှုထက်ကဲ၍ ဖြစ်ပျက်သည်မှာ စိတ်ဖေါက်ပြန်ခြင်းမရှိသော လူကောင်းများသည် အလှဆုံးသော ပန်းချီကားချပ်ထက် များစွာသာလွန်အဘိုးထိုက်သော ပစ္စည်းဘဏ္ဍာကို နေ့စဉ်နေ့တိုင်း ဖျက်ဆီးလျက်ရှိကြခြင်းဖြစ်၏။ ၎င်းတို့သည် ဘုရားသခင်၏လက်ရာတော်ဖြစ်သော ခန္ဓာကိုယ်ကို လူ့သိက္ခာနှင့်အလျော်မညီသော အပြုအမူများအားဖြင့် ညစ်ညမ်းစေကြလေသည်။

ဆက်ရန်..

ဆောင်းပါးများ