The Rosary: A complete guide to its origin and how to pray it ကက်သလစ်သာသနာတော်၏ စိပ်ပုတီးသမိုင်းကြောင်း
ကက်သလစ်သာသနာတော်၏ စိပ်ပုတီးသမိုင်းကြောင်း
The Rosary: A complete guide to its origin and how to pray it
စိပ်ပုတီးသည် အမိကက်သလစ်သာသနာတော်ကြီးအတွက် ရာစုနှစ်ပေါင်းများစွာကြာညောင်းခဲ့သော ကြည်ညိုခြင်းတစ်ခုဖြစ်ခဲ့သကဲ့သို့အလွန်သဒ္ဒါပွားသောကြည်ညိုမူတစ်ခုလည်းဖြစ်သည်။ ဤကြည်ညိုခြင်းသည် လူကြီး၊ လူငယ်မရွေးဖက်တွယ်အားကိုးသောဆုတောင်းမေတ္တာဖြစ်သည်။ ထို့အတူ ရဟန္တာသူတော်သူမြတ်များ၏ အနှစ်သက်ဆုံးကြည်ညိုမူတစ်ခုလည်းဖြစ်သည်။ ကက်သလစ်ဘာသာတူများသည် စိပ်ပုတီးကိုစိပ်နေကြသော်လည်း အချို့သည် စိပ်ပုတီး၏အစမူလသမိုင်းကိုသိသူရှိသော်လည်း အတော်များများသည် မသိကြပေ။ သမိုင်းသည် သိနိုင်ခွင့်ရှိလျှင် သိထားသင့်ပါသည်။ အဘယ်ကြောင့်ဆိုသော် အမိုင်းအထောက်အထားမရှိဘဲ မည်သည့်အရာမျှဖြစ် တည်လာခဲ့ခြင်းမရှိပေ။ ထို့ကြောင့်စိပ်ပုတီး၏အစမူလသမိုင်းနှင့် စိပ်ပုတီးကိုအဘယ်သို့သောနည်းလမ်းအသွယ်သွယ်ဖြင့် ဆုတောင်းနိုင်သည်ကိုအောက်တွင်ဖော်ပြထားပါသည်။
စိပ်ပုတီးစိပ်ဆုတောင်းခြင်းကိုအဘယ်သူက အဘယ်ကြောင့်စတင်ခဲ့သနည်း။
စိပ်ပုတီး၏အစမူလကိုပြောဆိုကြပြီဆိုလျှင် စိန့်ဒေါမိနစ်ကိုချက်ချင်းသတိရကြသည်။ သူ့ကိုရည်ညွှန်းကြသည်။ သို့သော် အစောပိုင်းခရစ်ယာန်များကြား၌ စိပ်ပုတီးစိပ်နည်းနှင့်ခပ်ဆင်ဆင်တူသော ကြည်ညိုသည့်ဆု တောင်းနည်းများစွာရှိခဲ့သည်။ ဥပမာအားဖြင့် ကောင်းကင်ဘုံမေတ္တာကို (၁၅၀) ကြိမ်ရွတ်ဆိုပူဇော်ခြင်း၊ သို့မဟုတ် ဂုဏ်ကျေးဇူးတော်မေတ္တာကို (၁၅၀) ကြိမ်ရွတ်ဆိုပူဇော်ခြင်းတို့ဖြစ်သည်။ ဤသို့ (၁၅၀) ကြိမ်ဟူသော အရေအတွက် ကိုလည်း မည်သည့်အချက်အလက်၊ အထောက်အထားပေါ်မူတည်၍ သတ်မှတ်ခဲ့ကြသည်ကိုလည်း မှတ်သားထား သင့်လှပေသည်။ ကောင်းကင်ဘုံမေတ္တာဖြစ်စေ၊ ဂုဏ်ကျေးဇူးတော်မေတ္တာဖြစ်စေ (၁၅၀) ကြိမ်ရွတ်ဆိုပူဇော်သည့် အစဉ်အလာကို ဆာလံကျမ်းအား အခြေခံထားသည်။ အဘယ်ကြောင့်ဆိုသော် ဆာလံကျမ်း၌ စုစုပေါင်း အခန်းကြီး (၁၅၀) ခန်းရှိသည်။ ထိုဆာလံကျမ်းကိုသူတော်စဉ်တို့သည် (ရဟန်းမင်းကြီး၊ ဆရာတော်ကြီးများ၊ ဘုန်းတော်ကြီး များ၊ သီလရှင်ဘာရာသာရ်များ၊ စစ္စတာရ်များ၊ သစ္စာသုံးပါးခံကျင့်ကြံရှင်သန်သော ဘာသာတူများ) အပိုင်းလိုက် နေ့စဉ်ရွတ်ဆိုပူဇော်လေ့ရှိသည်။
စိပ်ပုတီးစိပ်သည့်ကြည်ညိုဆုတောင်းခြင်းကို အဘယ်ရဟန္တာက စတင်ခဲ့သည်ဆိုသည်ထက် စိန့်ဒိုမိနစ်တည်ထောင်ခဲ့သော ဒိုမီနီကန်အသင်းများသည် စိပ်ပုတီးစိတ်သည့်ကြည်ညိုခြင်းကို ၎င်းတို့အသင်း၏အမူတော်တစ်ခုအဖြစ် အဘယ်ကြောင့် (၁၅၊ ၁၆) ရာစုမှစ၍ အားထုတ်ခဲ့ကြသနည်း။ ထိုကြည်ညိုခြင်းသည် အဘယ်ကြောင့် ယနေ့ ထိတိုင် ဆက်လက်ရှင်သန်နေရသည်၊ ၄င်းတို့သည် ဤကြည်ညိုခြင်းကို ကမ္ဘာတစ်၀ှမ်းသို့ပျံ့နှံ့ရောက်ရှိစေရန် ဆက်လက်၍အားပေးအားမြောက်ပြုကြသည့်အချက်ကို အလေးအနက်ထားဆင်ခြင်သင့်လှပါသည်။
ဤကြည်ညိုခြင်းကို အဘယ်ကြောင့် "နှင်းဆီပန်းကုံး" ဟုခေါ်သနည်း။
ဤကြည်ညိုခြင်းကို အင်္ဂလိပ်စကားဖြင့် "Rosary" ဟုခေါ်သည်။ မူရင်းစကားမှာ လာတင်းစကား "rosa" မှဆင်းသက်လာပြီး အင်္ဂလိပ်စကား "rose" အဖြစ်မွေးစားခဲ့သည်။ သူ၏အနက်ကား "နှင်းဆီပန်း" ဖြစ်သည်။ အဘယ်ကြောင့် ဤသို့မှည့်ခေါ်ရသနည်းဟုမူ ဤကြည်ညိုခြင်းသည် လောကရှိမိခင်အား နှင်းပန်းခူးပေးတတ်သကဲ့ သို့ ကောင်းကင်မေမေဖြစ်သော အမိမယ်တော်အားနှင်းဆီပန်းကုံးပေးခြင်းဖြစ်သည်။ မြန်မာနိုင်ငံ၌မူ ပုတီးဟုအမည် ရလာခဲ့ခြင်းမှာ ဗုဒ္ဓဘာသာ၀င်ညီအစ်ကိုမောင်နှမများသည်လည်း ၎င်းတို့၏ ဘာသာရေး၌ ပုတီးစိပ်လေ့ရှိသည်။ ပုတီးစိပ်ပုံခြင်းမတူသော်လည်း ပုတီးရှိခြင်းတူသည်။ မြန်မာနိုင်ငံသားများသည် ပုတီးနှင့်ရင်းနှီးပြီး၊ သုံးနှုန်းရလွယ်စေရန် ‘ပုတီး’ ဟုသုံးနှုန်းလိုက်ဟန်ရှိပါသည်။
အဘယ်ကြောင့်စိပ်ပုတီးစိပ်ရသနည်း။
မေးသင့်သောမေးခွန်းတစ်ခုဖြစ်ပါသည်။ အဘယ်ကြောင့်ဆိုသော် ဘာမျှမသိဘဲလုပ်ခိုင်း၍သာလုပ်ရသည့် အဖြစ်မျိုးမဖြစ်စေရန် အဘယ်ကြောင့်လုပ်ရသည့်ရည်ရွယ်ချက်ကိုလည်းသိရန်လိုပါသည်။ သို့မှသာ စိပ်ပုတီးစိပ် သည်ကို အမျိုးမျိုးဝေဖန်တိုက်ခိုက်နေကြသောသူများအားလည်း ချက်ကျလက်ကျ သမိုင်းအထောက်အထားများဖြင့်ပြန်လည်ရှင်းပြနိုင်မည်ဖြစ်သည်။
စိပ်ပုတီးကိုစိပ်ရသည့်ရည်ရွယ်ချက်ကို စိပ်ပုတီးစိပ်တိုင်းဆင်ခြင်သော ကယ်တင်ခြင်း၏နက်နဲရာအချက်ကိုဆင်ခြင်ရန်ဖြစ်သည်။ ဤသို့ဆင်ခြင်ခြင်းကြောင့် ခရစ်ယာန်တို့၏တရားထိုင်ခြင်းကို ပိုမိုလေးနက်ထိရောက်စေသကဲ့သို့ ယေဇူးသခင်အကြောင်း၊ ယေဇူးသခင်၏ချစ်ခြင်းမေတ္တာကိုပိုမိုသိရှိလာစေသည်။
ဆုတောင်းသည့်အခါ သမ္မာကျမ်းစာကိုအသုံးပြုပါ။
စိပ်ပုတီးစိပ်သောအခါ သတ်မှတ်ထားသည့် စိတ်ပုတီးဆယ့်စေ့စီကို မစိပ်မီ သမ္မာကျမ်းလာ ယေဇူးသခင်၏နက်နဲရာသက်တော်စဉ်ကို ဦးစွာကြေညာလေ့ရှိကြသည်။ ဤနက်နဲရာအချက်ကို တစ်ဦးတည်းဖြစ်စေ၊ အများနှင့်ဖြစ်စေ၊ စိပ်ပုတီးစိပ်တိုင်းဆိုရမည်ဖြစ်သည်။ ဤနက်နဲရာအချက်သည် စိပ်ပုတီး၏အဓိက သော့ချက်ဖြစ်သည်။ ဤနက်နဲရာကို လေးနက်စွာ၊ အကျယ်တ၀င့်ထောက်ရူနိုင်ရန် အချို့သည် စိပ်ပုတီးတစ်ပိုဒ်စီ၏အစ၌ ဤနက်နဲရာအကြောင်းအရာအဖြစ်အပျက်ပါသည့် သမ္မာကျမ်းပိုဒ်များကိုဖတ်ရူလေ့ရှိသည်။ ဤသို့ပြုလုပ်ခြင်းဖြင့် ဆုတောင်းချိန်ပို မိုကြာမြင့်သွားပေမည်။ သို့သော် ဆုတောင်းခြင်းကို အသီးအပွင့်ပိုမိုသီးပွင့်စေမည်။ အဘယ်ကြောင့်ဆိုသော် ဆင်ခြင်စရာအကြောင်းအရာများစွာကိုအလင်းရလာမည်ဖြစ်သည်။ နက်နဲရာများကိုဆင်ခြင်ရာ၌ ယေဇူးသခင်၏အကြောင်း သာမဟုတ်။ ယေဇူးသခင်၏မိခင်အကြောင်းကိုလည်း ဆင်ခြင်မိလာမည်ဖြစ်သည်။
စိပ်ပုတီးကိုအဘယ်သို့စိပ်ကြမည်နည်း။
စိပ်ပုတီးစိပ်နည်းကိုမူ နေ့စဉ်စိပ်နေကြသူများအဖို့ထွေထွေထူးထူးပြောရန်မလိုသော်လည်း ပုံမှန်စိတ်နေသူ များမဟုတ်က စိပ်ပုတီးစိပ်နည်းသည် အသစ်အဆန်းအဖြစ်နေပေမည်။ စိပ်ပုတီးကိုကြည့်လိုက်မည်ဆိုပါက ခရူးစူး တစ်ခုပါရှိသည်။ ထိုခရူးစူးကိုကိုင်၍ ပုဂ္ဂိုလ်သုံးပါးတစ်ဆူဘုရား၏ အမည်နာမကိုခေါ်တ၍ ခရူးစူးအမှတ်အသားကို ပုံမှန်အတိုင်းစတင်လိုက်ပါ။
တပည့်တော်ကြီးများ စီရင်ရေးထားကြသော ယုံကြည်ခြင်းအချုပ်ကိုရွတ်ဆိုပူဇော်ရသည်။ ထို့နောက် ကောင်းကင်ဘုံ၌ (၁) ကြိမ်၊ ဂုဏ်ကျေးဇူးတော် (၃) ကြိမ်၊ ပုဂ္ဂိုလ်သုံးပါးတစ်ဆူဘုရားအားချီးမွှမ်းသောဆု တောင်းမေတ္တာ (၁) ကြိမ်၊ ဖာတီမာမေတ္တာဟုလည်း လူသိများသော အိုယေဇူးဆုတောင်းမေတ္တာတို့ကိုရွတ်ဆိုရသည်။ အဆိုပါမေတ္တာတစ်ပုဒ်ဆီ ရွတ်ဆိုပူဇော် ၍ပြီးဆုံးတိုင်း ပုတီးတစ်စေ့စီကိုမှတ်ရပါသည်။ ဤအပိုင်းကိုပထမအပိုင်းဟု အကြမ်းအားဖြင့်သတ်မှတ်နိုင်ပါသည်။
စိပ်ပုတီး၏ဒုတိယအပိုင်း၌မူ ပုတီးစေ့ (၁၀) စေ့ဆီဖြင့် (၅) ပိုင်းထပ်ပိုင်းထားသည်။ ဤပုတီး (၁၀) စေ့ကိုစတင်ဆုတောင်းခြင်းမပြုမီ တစ်ပိုင်းစီ၌ ဆင်ခြင်ရသောနက်နဲရာအချက်ကိုကြေညာရသည်။ ထို့နက်နဲရာအ ချက်ကို ခေတ္တခဏ တိတ်ဆိတ်စွာဆင်ခြင်ပြီးနောက် ကောင်းကင်ဘုံ (၁) ကြိမ်၊ ဂုဏ်ကျေးဇူးတော်မေတ္တာ (၁၀) ကြိမ်၊ ပုဂ္ဂိုလ်သုံးပါးတစ်ဆူဘုရားအားချီးမွှမ်းသော ဆုတောင်းမေတ္တာ (၁) ကြိမ်၊ အိုယေဇူးမေတ္တာ (၁) ကြိမ်ကိုရွတ် ဆိုရသည်။ ဤအစီအစဉ်အတိုင်း အဆိုပါ ပုတီး (၁၀) စေ့ (၅) ပိုင်းလုံးပြီးသည်အထိရွတ်ဆိုရမည်။ ပုတီး (၁၀) စေ့စီ ၌မတူညီသောအကြောင်းအရာမှာ နက်နဲရာအချက်ပင်ဖြစ်သည်။ နက်နဲရာအချက်သည် ပုတီး (၁၀) အတွက်မတူပေ။ ထို့အတူ နေ့တိုင်းလည်းမတူပေ။
ရိုးရှင်းသောစိပ်ပုတီးစိပ်သည့်ပုံစံ
စိပ်ပုတီးစိပ်ရာတွင် အရိုးရှင်းဆုံးနှင့်ကက်သလစ်ဘာသာတူများအရင်းနှီးဆုံးသောနည်းလမ်းကား အထက်ကဆိုခဲ့သကဲ့သို့ ဧ၀ဂေလိကျမ်းလာယေဇူးသခင်၏ သက်တော်စဉ်အဖြစ်အပျက်များကို ပုတီး (၁၀) စေ့ကိုမစိပ်မီကြေညာထောက်ရူခြင်းဖြစ်ပါသည်။ သို့သော် စိပ်ပုတီးစိပ်နည်း ဤတစ်ခုတည်းရှိသည်မဟုတ်ပေ။ ‘ရွှေလက်စွဲ’ ဟုအမည်ပေးထားသော (၁၈) ရာစုက ကြည်ညိုမူဆိုင်ရာစာမေတ္တာစာအုပ်ထဲ၌ ဤစာအုပ်ပြုစုရေးသားခဲ့သူက နက်နဲရာ အချက်တစ်ချက်တည်းကိုသာကြေညာပြီး စိပ်ပုတီးတစ်ကုံးလုံးကိုလည်းရွတ်ဆိုပူဇော်နိုင်သည့်နည်းလမ်းကိုလည်း ဖော်ပြထားသည်။ ဤနည်းလမ်းသည် လူသိနည်းသည်။ အထူးသဖြင့်မြန်မာနိုင်ငံရှိကက်သလစ်ဘာသာတူများအနေ ဖြင့်ကြားဖူးခဲ့ခြင်းလည်းရှိမည်မထင်။ အကောင်းဆုံးကား လက်ရှိကျင့်သုံးနေသော ပုတီး (၁၀) မတိုင်မီ၌နက်နဲရာအ ချက်ကိုထောက်ရူဆင်ခြင်သည့်နည်းလမ်းပင်ဖြစ်သည်။
သင်၏ကိုယ်စောင့်သိကြားသည် သင်၏စိပ်ပုတီးစိပ်ခြင်းကိုကူညီပေးနိုင်သည်။
ကျွန်ုပ်တို့၏ကိုယ်စောင့်သိကြားများသည် ကျွန်ုပ်တို့အား ကောင်းကင်သို့ရောက်ရန် လုပ်ဆောင်ပေးနိုင်သော အမှုအားလုံးကို လုပ်ပေးရန်အမြဲအသင့်ရှိသည်။ သူတို့သည် သိကြားတမန်များဖြစ်သော်လည်း ဖန်ဆင်းခံဖြစ်၍ ဖန်ဆင်းရှင်ကဲ့သို့ ကျွန်ုပ်တို့၏စိတ်ကူးစိတ်သန်း၊ လိုလားချက်များကို ထုတ်ဖော်တောင်းခံခြင်းမပြုမခြင်းမသိနိုင်။ ကျွန်ုပ် တို့၏အတွင်းစိတ်ကို ထိုးထွင်းမြင်တွေ့နိုင်သောအစွမ်းကိုဘုရားသခင်က ပေးမထားပေ။ ထိုးထွင်းမြင်နိုင်စွမ်းကိုဖန်ဆင်းခံဘုရားသခင်သာရှိသည်။ ထို့ကြောင့် ကျွန်ုပ်တို့သည် ပုတီးစိပ်၍ မပြီးအပြတ်နှင့်ဖြစ်ခဲ့ပါက စိပ်လက်စစိပ်ပုတီး ကိုယ်စောင့်သိကြားက ဆက်လက်ရွတ်ဆိုပူဇော်ရန် ပန်ကြားရသည်။ အထူးသဖြင့် ညအိပ်ယာ၀င်ချိန်၌ စိပ်ပုတီးစိပ်သည့်အလေ့အကျင့်ရှိသူများသည် ပုတီးမဆုံးမီအိပ်မောကျသွားတတ်သည်။ ထိုအခြေအနေမျိုး၌ မိမိတို့ မအိပ်မီကပင် မိမိတို့၏ကိုယ်စောင့်သိကြားအား ပြီးဆုံးသည်အထိ စိပ်ပုတီးကိုစိပ်ပေးရန်တောင်းခံထားရမည်။