Untitled Document
Untitled Document
Untitled Document
ဆောင်းပါး
#ကိုယ်ကျင့်သိက္ခာ.. #အခန်း(၄)တတိယပိုင်း #၃။ လူ၏ဝိညာဉ်။

ကိုယ်ကာယအပြင် လူ၌ ဝိညာဉ်လည်းပါရှိ၏။ ဝိညာဉ်ဆိုသည် လူကို ၎င်းထက်နိမ့်ကျသော သတ္တဝါများမှ ကွဲပြားခြားနားစေသည့် စိတ်ဓာတ်လှုပ်ရှားခံစားမှု အစွမ်းသတ္တိများကို မွေးထုတ်ပေးသော ကာယမှကင်းသည့် မသေနိုင်သော မွန်မြတ်သည့်မူလရင်းအရာဖြစ်၏။ ဤအချက်ကို နားလည်အံ့သောငှါ ဤလောကမှာ အမှန်တည်ရှိသည့် ကွဲပြားသောအရာလေးမျိုးကို စဉ်းစားကြအံ့။

ပဌမအစုမှာ ဝတ္ထုဟုခေါ်သော သက်မဲ့များဖြင့်တည်ဆောက်ထားသော အစုဖြစ်၏။ ၎င်းတို့တွင် အလေးချိန်၊ အပူစသောရုပ်သဘောတရားနှင့် အပူဓာတ်ထုတ်ခြင်း၊ ဓာတ်တခုနှင့်တခုပေါင်းစပ်ခြင်း တည်းဟူသော ဓာတ်သဘောတရားကို သာလျှင်တွေ့ရ၏။

ဒုတိယအစုမှာ သစ်ပင်မြက်ပင် စသောအရာများ၏ အစုအပေါင်းဖြစ်၏။ ၎င်းအစုတွင် ရုပ်သတ္တိနှင့် ဓာတ်သဘာဝသတ္တိများအပြင် အစာမှီဝဲခြင်း၊ ကြီးပွါးခြင်း၊ မျိုးဆက်ပြန့်ပွားခြင်းစသော သတ္တိထူးများပါရှိသည်။

တတိယအစုမှာ တိရစ္ဆာန်အမျိုးမျိုး၏ အဆောက်အအုံဖြစ်သည်။ ၎င်းအစုတွင်ရုပ်သတ္တိ၊ စိတ်ဓာတ်သဘာဝသတ္တိ၊ သစ်ပင်ဆိုင်ရာ သတ္တိများအပြင် အာရုံခံစားမှုနှင့် လှုပ်ရှားမှုသတ္တိများလည်းရှိကြသည်။ အာရုံကို ခံစားတတ်သော သတ္တိအားဖြင့် ၎င်းတို့သည် အရာဝတ္ထုများ၏ အရောင်အဆင်း၊ အနံ့အရသာ၊ အသံစသည်များကို မြင်နိုင်၊ ခံစားနိုင်၊ ကြားနိုင်ကြသည်။

စတုတ္ထအုပ်စုမှာ ရုပ်သတ္တိ၊ ဓာတ်သဘာဝသတ္တိ၊ သစ်ပင်ဆိုင်ရာသတ္တိ၊ အာရုံခံစား လှုပ်ရှားနိုင်သော သတ္တိများအပြင် ဆင်ခြင်ကြံဆတတ်သော သတ္တိထူးပါဝင်သည့်အုပ်စုဖြစ်သည်။ ၎င်းတို့မှာ အုပ်စုလေးခုပေါင်းစပ်ထားသည့် ကမ္ဘာလေးတခုသဘွယ် ဖြစ်သော လူအုပ်စုဖြစ်လေသည်။ လူ၌ဆင်ခြင်တုံတရားကို ဖြစ်ပေါ်စေသော ဝိညာဉ်ပါရှိသည့်အတွက်၊ ၎င်းထက်နိမ့်ကျသော သတ္တဝါများနှင့် ကွဲပြားခြားနားလေသည်။ အကျိုးတရားကို ထောက်လျှင် အကြောင်းတရားကို သိသာနိုင်ပေသည်။

ဥပမာကောင်းသော အသီးများကို ကြည့်လျှင် ကောင်းသော အပင်မှရကြောင်းကို သိမြင်နိုင်သကဲ့သို့ လူ၏ဝိညာဉ်နှင့် တိရစ္ဆာန်၏ ဝိညာဉ်ကို ၎င်းတို့၏ အကျိုးကို ကြည့်ခြင်းဖြင့် ခွဲခြားသိသာနိုင်သည်။ တိရစ္ဆာန်များ၌ရှိသော သဘောသတ္တိစွမ်းရည်မှာ နှစ်ရာစုများစွာတို့နှင့် နေရာဌာနအမျိုးမျိုးတို့၌ ပြောင်းလဲခြင်းမရှိ ၎င်းတို့၌လွန်ခဲ့သော နှစ်ပေါင်းများစွာမှ စ၍ စွမ်းရည်သတ္တိ ထူးခြားတိုးတက်လာသော အမှတ်လက္ခဏာ တစုံတခုမျှ မတွေ့ရချေ။

သို့ဖြစ်၍ တိရစ္ဆာန်၏ ဝိညာဉ်မှာ ရုပ်ဝတ္ထုဖြစ်သော စက်ယန္တယား၏ သဘောသတ္တိသာလျှင်ဖြစ်လေသည်။ ထိုသဘောသတ္တိသည် အရာဝတ္ထုမှကင်း၍ တည်နိုင်သော အစွမ်း၊ ရုပ်ဝတ္ထုတို့ထက်သာလွန်၍ တဆင့်ထက်တဆင့် တိုးတက်လာနိုင်သောအစွမ်း၊ လွတ်လပ်သည့် အလိုဆန္ဒနှင့် အသိဉာဏ်တို့ကင်းမဲ့လေသည်။ လူ့ဝိညာဉ်၏ အကျိုးတရားမှာ ၎င်းနှင့်လုံးဝကွဲပြားခြားနားလေသည်။ ဥပမာဆိုသော် လူသည် တခေတ်ထက် တခေတ်၊ တနေ့ထက်တနေ့ တိုးတက်မှုရှိရကာ သဘာဝဓမ္မ၏ ဆန်းကြယ်လျှို့ဝှက်သော အရာများကို တစတစ တိုး၍ သိမြင်လာကြသည်။ ၎င်းတို့မှာ အနုမြူဓာတ်အားကို ထုတ်ယူနိုင်ခြင်း၊ ဂြိုလ်များ ကြယ်နက္ခတ်တာယာများ၏ အကြောင်းကို ပိုမိုသိမြင်လာခြင်း၊ ရုပ်မဲ့ဓာတ်မဲ့များ၏ အကြောင်းကိုလည်း သိမြင် အသုံးချနိုင်ခြင်း၊ စသည်တို့ဖြစ်သည်။ သို့ဖြစ်၍ လူ့ဝိညာဉ်သည် တိရစ္ဆာန်ဝိညာဉ်နှင့်လုံးဝမတူ။ ၎င်း၌ရုပ်ဝတ္ထုနှင့် ကင်း၍ တည်နေနိုင်ခြင်း၊ လွတ်လပ်ခြင်းနှင့် မသေနိုင်ခြင်း ဂုဏ်သတ္တိများရှိလေသည်။

၄။ လူသည် ဆင်ခြင်တုံတရား ကျေးဇူးကို ခံစားရသော သတ္တဝါဖြစ်ခြင်း။

လူသည် တိရစ္ဆာန်ကဲ့သို့ အာရုံကိုခံစားတတ်သော အသိမျိုးသာရှိသည် မဟုတ်။ အထူးသဖြင့် သိမှတ်နားလည်တတ်သော အသိဉာဏ်ရှိသည့် သတ္တဝါဖြစ်၏။ ဤအရာသည်လူအားအချိန်ကာလနှင့် နေရာဌာနမှကင်းသည့် အသိဉာဏ်မျိုးကို ပိုင်ဆိုင်စေသည်။ ၎င်းအရာသည် ရုပ်တရားကို မှီခိုခြင်းကင်းသော နာမ်တရားဖြစ်၏။ ထို့ကြောင့်လူ၏ သိမှတ်နားလည်တတ်သော စွမ်းရည်သည် နာမ်တရားပင်ဖြစ်သည်။ ဤအရေးအကြီးဆုံးနှင့် မြင့်မြတ်သောစွမ်းရည်ကြောင့် လူသည်နိမ့်ကျသော သတ္တဝါအပေါင်းတို့ထက် သာလွန်သော အဆင့်တွင်ရှိ၍ အရာခပ်သိမ်း စကြာဝဠာတခုလုံးနှင့် ဆိုင်သည့် မပျောက်ပျက်နိုင်သော သဘောတရားများ၊ စကြာဝဠာကို စိုးမိုးနေသော တရားဥပဒေများ၊ အကောင်းနှင့်အဆိုး၊ ပြုလုပ်ခွင့်ရှိခြင်းနှင့် မရှိခြင်း တို့ကို ခွဲခြားထားသော ကိုယ်ကျင့်တရားဆိုင်ရာ ဘဝ၏ဥပဒေများကို သိနားလည်လျက် ဘော်ပြနိုင်စွမ်းရှိလေသည်။

အသုံးဝင်သောနိဂုံးချုပ်များ။

(က) လူသည်မိမိ၏ အသိဉာဏ်နှင့် အခွင့်အရေးကို အစဉ်အမြဲလေးစားသင့်သည်။ ရုပ်ဝတ္ထု အားလုံးထက်သာလွန်သော ဆုကျေးဇူးတော်ရရှိသောကြောင့် လူနှင့်မထိုက်တန်သော အပြုအမူများကို ပြုကျင့်ခြင်းအားဖြင့် ၎င်းဆုကျေးဇူးတော်ကို မည်သည့်အခါမျှ ယုတ်ညံ့အောင်မပြုသင့်။ ၎င်းကိုအသုံးဝင်မြင့်မြတ်သော နေရာများ၌သာ အသုံးချသင့်သည်။

ဥပမာ ထိုအသိတရားအားဖြင့် လူသည် ဘုရားသခင်နှင့် အဘယ်သို့ဆက်သွယ်နေသည်၊ အခြားသူတပါးအပေါ်ပြုအပ်သော ဝတ္တရားအဘယ်သို့ရှိသည်၊ အဘယ်အမှုသည် မှန်ကန်၍ ပြုပြင်ခွင့်ရှိသည် မဟုတ်မမှန်သော အမှုနှင့်မကောင်းမှုများကို ကွဲပြားခြားနားစွာသိရန်ကြိုးစားရမည်။

(ခ) လူသည်များစွားသောအရာများကို သိမြင်ဖြေရှင်းပြုပြင်နိုင်စွမ်းရှိသော်ငြားလည်း၊ အရာခပ်သိမ်းကို သိမြင်ယောင် မဆောင်သင့်။ ၎င်းသည် အရာအနည်းငယ်ကို သာသိမြင်၍ သိမြင်နိုင်စွမ်းမရှိသောအရာများ၊ မရေမတွက်နိုင်အောင်ရှိ၏။ သို့ဖြစ်၍ လူ၏ဉာဏ်မှာ အကန့်အသတ်ရှိကြောင်းနိမ့်ချစွာ ဝန်ခံရမည်။ ၎င်းပြင် လူနားမလည်သော အရာများကို ပစ်ပယ်ရမည်မဟုတ်ချေ။ လူ၏ပကတိမျက်စေ့ဖြင့် ကြယ်တာယာပေါင်း တသောင်းခန့်ကို မြင်နိုင်၍ မှန်ပြောင်းဖြင့် ကြည်လျှင်ကြယ်တာယာသန်းပေါင်း တသောင်းသုံးထောင် (၁၃၀၀၀၀၀၀၀၀၀) ကျော်ကို တွေ့ရပေမည်။ ပကတိမျက်စေ့၊ အသိအမြင်မထက်သန် မစူးရှသော မျက်စေ့ဖြင့် ကြည့်ရှုလျက် ကြယ်တာယာ အရေအတွက်ကို ကန့်သတ်ဘော်ပြသော နက္ခတ်ဆရာတဦးအား သင်တို့အဘယ်သို့ဆိုကြမည်နည်း။

(ဂ) အထူးအားဖြင့် အကျင့်သိက္ခာကောင်းကို ရရှိရန်အတွက်လူသည် ပတ်ဝန်းကျင်၌ဖြစ်ပျက်နေသော အရာများကို စဉ်းစားဆင်ခြင်သော အလေ့အထရှိရမည်။ တပင်တပန်းစဉ်းစားလုပ်ကိုင်သူသာလျှင် အမှန်တရားကို တွေ့ရှိ၍၊ မြင့်သောအသိဉာဏ်နှင့် ပြည့်စုံနိုင်သည်။ ပြီးစီးလွယ်လုပ်တတ်သောလူငယ် တယောက်သည် စာအုပ်မှစာမျက်နှာများကို အဆုံးသို့ရောက်သည့်တိုင်အောင် ထိုထိုဤဤ လှန်လှောလိမ့်မည်။ သို့ရာတွင် သူ့မှာဘာအကျိုးမျှရရှိမည်မဟုတ်။ သိက္ခာသမာဓိရှိသော သူငယ်မူကား စာမျက်နှာပါအကြောင်း အရာများကို ဖြည်းဖြည်းဘတ်၍ အရေးကြီးသော အချက်အလက်များကို စူးစိုက်စဉ်းစားလိမ့်မည်။

သူသည်အသစ်အသစ်သော အချက်များကို သင်ကြားခြင်းဖြင့် အသစ်သောအသိဉာဏ်တို့ဖြင့် တိုး၍တိုး၍ကြွယ်ဝလာလိမ့်မည်။ သူသည်သူ၏နည်းလမ်းကျနသော အလုပ်တွင်မြဲမြံသောအာရုံစူးစိုက်မှုကို ထားရှိသည်။ သူ၏အလုပ်၌စိတ်တမ်းမိကာ စွဲမြဲသော အလေ့အထဖြင့် ခေတ္တခဏမျှစဉ်းစား၍ သူအဘယ်သို့ လုပ်ခဲ့သည်များကို စစ်ဆေးကြည့်ရှုလိမ့်မည်။ ဤအလေ့အထသည် သူ့အားစိတ်ကို လည်းကောင်း၊ မှတ်ဉာဏ်ကို လည်းကောင်း၊ စိတ်ကူးထင်မြင်ချက်ကိုလည်းကောင်း၊ ကြီးပွားထက်သန်လာအောင်အထောက်အပံ့ကို ပေးလေသည်။ ထူးခြားသောဝါသနာသည် အကန့်အသတ်မရှိသောကြိုးစားခြင်း၊ ပင်ပန်းခြင်းကို ခံယူစေနိုင်သောအခြင်းအရာ သတ္တိပင်ဖြစ်သည်ဟု လူအများပြောဆိုကြသည်။

 

အမှန်အားဖြင့်ပင်အကြင်သူသည် အားစိုက်ရသော အလုပ်အကိုင်နှင့်လုံ့လဝိရိယကို လေ့ကျင့်သည်ဖြစ်အံ့၊ ထိုသူသည် အံ့ ဘွယ်အကျိုးအသီးကို ခံစားရမည် သာတည်း။

ဆောင်းပါးများ