
ကိလေသာဆိုသည် ဆွဲဆောင်ခြင်းနှင့် တွန်းကန်ခြင်း၏ အစွမ်းအားဖြစ်သည်။ ဆွဲဆောင်ခြင်းသည် နှစ်သက်သောအရာများဆီသို့ ချဉ်းကပ်စေ၍၊ တွန်းကန်ခြင်းသည် မနှစ်သက်သော အရာများမှ ကွဲလွင့်သွားစေသည်။ ဥပမာ၊ လူသည်နှစ်သက်သော အရာများ၌ ချစ်ခင်ခြင်း၊ ဆန္ဒရှိခြင်း၊ မြှော်လင့်ခြင်း၊ ပျော်မြူးခြင်းတို့ကို စံစား၍ မနှစ်သက်သော အရာများ၌ မုန်းထားခြင်း၊ စက်ဆုပ်ခြင်း၊ ကြောက်ရွံ့ခြင်း၊ အမျက်ထွက်ခြင်းတို့ကို ခံစားလေသည်။ ကိလေသာများသည် သဘာဝအားဖြင့် ၎င်းတို့အားနိုးဆွသောအရာများကို မြင်ရ၊ ကြားရ၊ ထင်မြင်စဉ်းစားရသောအခါ ထကြွလာတတ်သည်။ မကြာမကြာ ကိလေသာများသည် အပြင်သို့ပင် ထင်ရှားပေါ်ထွက်လာအောင် အတွင်းသန္တာန်၌ ပြင်းထန်စွာ ထကြွတတ်၏။ မီးဖိုပေါ်ရှိအိုးတလုံးမှ ရေများပူနွေးစတွင် သင်တို့သည် ဘာမှအသံ မကြားမမြင်ရသော်လည်း ဆူပွက်လာသောအခါ လှုပ်ရှားဆူပွက်သံကို ကြားရသည်။ လူ၌လည်း ထိုသဘောတရားအတိုင်းဖြစ်သည်။ လူတယောက်စိတ်တိုနေစဉ် လုပ်ကိုင်သောအမူအရာကို ကြည့်ပါ။ လက်ဦးအစ၌သူသည် အနည်းငယ်မျှသာစိတ်ထွက်သည်။ ၎င်းကို မဖိနှိပ်ဘဲထားသောအခါ နောက်ဆုံး၌ ပွင့်အံပေါက်ကွဲလာသည်အထိ ပြင်းထန်လာလျက်၊ သွေးများဆူတက်လာ၍ မျက်နှာတခုလုံး နီမြန်းလာပြီးလျှင် မျက်စေ့များလည်း အရောင်လျှမ်းကာ ကိုယ်တခုလုံးတုန်ခါ လည်ပတ်သွားလေသည်။
ကိလေသာများသည် တနည်းတလမ်းအားဖြင့် လူအတွက် အသုံးဝင်ပေသည်။ အမှန်အတိုင်း ၎င်းတို့သည် လူတဦးတယောက်အား တစုံတခုကို သူ၏မူလစိတ်ဓာတ်ခံရှိတိုင်း လုပ်ကိုင်စေလျက် ချမ်းသာမှုနှင့် ဆင်းရဲမှုကို ခံစားစေခြင်းအားဖြင့်၊ လူကို နှိုးဆွလှုပ်ရှား ပေးလေသည်။ ဥပမာမွတ်သိပ်ဆာလောင်ခြင်း၊ အရသာခံလိုခြင်းစသော ကိလေသာဒုက္ခများသည် လူ့အားကျန်းမာသန်စွမ်းခွန်အားပြည့်ဖြိုးစေရန်အတွက် အစားကို စားသောက်စေလေသည်။ ချစ်ခြင်းသုခကို ခံစားလိုခြင်းသည် လူတို့အားအိမ်ထောင်သားမွေးခြင်းဖြင့် လူ့လောကကို ထိန်းသိမ်းစေသည်။ ဒါဏ်ရာနှင့် အနာရောဂါများ၏ နာကျင်မှုဝေဒနာသည် ၎င်းတို့မှရှောင်ကြဉ်စေ၍ ၎င်းတို့ကို ကုသပျောက်ကင်းစေသည်။ သေခြင်းနှင့် ပျက်စီးဆုံးပါးမှုကို ကြောက်ရွံ့ထိတ်လန့်မှုသည် လူ့အားအန္တရာယ်မှကင်းစေသည်။ ဒုစရိုက်ကို ကြောက်ရွံ့ခြင်းသည် ထိုအမှုကို ရှောင်ရှားစေ၍ တွန်းလှန်ကာကွယ်စေသည်။
၎င်းပြင် ကိလေသာများကို စံနစ်တကျ အုပ်ထိန်း အသုံးပြုပါလျှင် ထိုထက်ပင်ပို၍ အဘိုးတန်သော ကျေးဇူးများကို ခံစားရနိုင်လေသည်။ ၎င်းကျေးဇူးများကား အသိညာဏ်နှင့် စိတ်ပြဌါန်းချက်ကို ထောက်ပံ့ကူညီသော လှုပ်ရှားမှုကိုနိုးဆွပေးသည့် အင်အားများဖြစ်ပေါ်စေဖြင်းဖြစ်သည်။ ၎င်းပြင်လူတို့အားအလုပ်၌ စိတ်ပါဝင်စားစေခြင်းနှင့် အမှန်တရားကို ရှာဖွေသိမြင်လိုသောဆန္ဒကိုလည်း နှိုးဆွပေးလေသည်။
ဥပမာ ကျောင်းသားတယောက်သည်ထင်ပေါ်ကျော်ကြားမှုအတွက်လည်းကောင်း၊ တိုင်းပြည်ဝန်ကို ထမ်းဆောင်လိုသောကြောင့်လည်းကောင်း၊ ပညာသင်ယူဆည်းပူးနေသည်ဖြစ်အံ့ သူသည်ပိုလွန်သော ဝိရိယ စိုက်ထုတ်မှုကို ပြုသဖြင့် ထူးကဲသောအကျိုးကို ရရှိနိုင်၏။ ကိလေသာများသည် စိတ်ပြဌါန်းချက်ကို ခိုင်မြဲစေ၍ ခွန်အားသတ္တိကို တောင့်တင်းစေသည်။ အကြောင်းမှာ စိတ်ကမြတ်မြတ်နိုးနိုးဖြင့် ဆောင်ရွက်လုပ်ကိုင်သောအမှုသည် ပြုလုပ်သူအားသာ၍ စွဲမြဲသောအာရုံနှင့် ပိုမိုကောင်းမွန်သောအကျိုးထူးကို ရစေသည်။ ဥပမာ သားသမ္မီးချစ်သော အမိ၏ မေတ္တာဓာတ်သည် သားသမီးအတွက် အဘယ်မျှ ကြီးမားသော နစ်နာမှုဒုက္ခကို ခံစားရစေကာမူ ပြုံးရွှင်စွာဖြင့် ခံထမ်းနိုင်စေသည်။ ထို့အတူ တိုင်းပြည်ကို ချစ်ခင်လှသဖြင့် များလှစွာသောအာဇာနည် မျိုးချစ် ပုဂ္ဂိုလ်များ၏ သူမတူထူးကဲသည့် အံ့ဘွယ်သရဲအပြုအမူများသည် ရာဇဝင်တွင် မော်ကွန်းထိုးခဲ့နိုင်လေသည်။ သို့ရာတွင် ကိလေသာများကို နိုင်နင်းစွာ မချုပ်ကိုင်ခဲ့သော် ၎င်းတို့သည် များစွာသော မကောင်းကျိုးများ အနှောက်အယှက်များကို ကျွန်ုပ်တို့အားပေးလိမ့်မည်။ သူတို့သည် လက်ဦးပဌမတွင် ထိုဘေးအန္တရာယ်များ၊ ဒုစရိုက်များကို မမြင်နိုင်အောင် ဖုံးကွယ်ထားလေသည်။ ၎င်းတို့သည်နေရောင်ကို ဖုံးကွယ်သော တိမ်ထုနှင့်၎င်း၊ ခရီးသည်အားလမ်းမမြင်နိုင်အောင် ပိတ်ဆို့ထားသော မြူခိုးများနှင့်၎င်း တူကြ၏။ ဖျားနာသောသူတယောက်သည် အဖျားမလွတ်မခြင်း ရေငတ်မပြေ၊ အဖျားတိုးလေ၊ ရေတိုး၍ငတ်လေ ဖြစ်သကဲ့သို့ ကိလေသာများကိုလည်း မချုပ်မထိန်းဘဲထားခဲ့သော် ဘယ်အခါမျှရောင့်ရဲခြင်းမရှိ၊ အစဉ်အမြဲသာ၍ သာ၍ တောင့်တခံစားလိုသော ဆန္ဒရှိ၏။
ကိလေသာကို အလျော့ပေးခဲ့သော် ၎င်းသည် လူ၏စိတ်ဓတ်ကြံ့ခိုင်မှုကို အားနည်းစေသည်။ ကိလေသာ၏အထုအထည်ကြီးမားလေ၊ စိတ်ဓာတ်ကြံ့ခိုင်မှု အားနည်းလေဖြစ်ရ၏။ သစ်ပင်တပင်၌ အသုံးမဝင်သော အတက်အညှောက်များ များပြားစွာရှိနေလျှင် အသီးကိုဆောင်သောအကိုင်းအခက်များ အတွက်သစ်ရည်မှာ လိုသည်ထက်လျော့ပါးစွာမှီဝဲရပေမည်။ ကိလေသာ၏နောက်သို့ လိုက်ပါနေလျှင် အပြစ်သို့ရောက်၍ နိမ့်ကျလျော့ဆင်းကာ နောက်ဆုံး၌ ဝိညာဉ်သည် သူ့ကို လွှမ်းမိုးအုပ်စီးနေသော ကိလေသာ၏ကျွန်အဖြစ်သို့ ရောက်ရှိလေသည်။
လူတို့အားအပြစ်ဒုစရိုက်ကျူးလွန်စေသော ကိလေသာများကားအဘယ်နည်း။
လူနှစ်သက်သောအရာများမှ ပေါ်ပေါက်သော ကိလေသာများမှာ အစားအသောက်၌စုံမက်ခြင်း၊ ကာယ၏တွေ့ထိမှုအာရုံကို ခုံမင်ခြင်း၊ ကြေးငွေနှင့် အခြားလောကီပစ္စည်းများ၌ လောတပ်မက်ခြင်း၊ ဂုဏ်သိမ်တန်ခိုးအာဏာတို့ကို လိုလားခြင်း၊ ပျော်ပါးရွှင်မြူးမှု တက်ကြွမှုတို့ကို စံစားလိုခြင်း၊ သက်သာ၍ စည်းစိမ်ရှိမှုကို တောင့်တခြင်းများဖြစ်ကြ၏။ မနှစ်သက်သော အရာများမှဖြစ်ပေါ်သော ကိလေသာများမှာ နာကျင်ခြင်း၊ ဒုက္ခနှင့် အင်အားစိုက်ထုတ်ရမှုကို မလိုလားခြင်း၊ အခြားသူများကို မနှစ်သက်ခြင်း၊ မုန်းတီးခြင်း၊ မနာလိုဝန်တိုခြင်း၊ အမျက်ထွက်ခြင်း၊ ဝေဒနာနှင့်မအောင်မြင်ဆုံးရှုံးမှုများကို ကြောက်ရွံ့ခြင်း၊ သို့မဟုတ် အခြားသူများအားကြောက်ရွံ့ခြင်းများဖြစ်ကြသည်။
ဆက်ရန်...