#ကိုယ်ကျင့်သိက္ခာ.. #အခန်း(၆)ဒုတိယပိုင်း #ကောင်းသောအလေ့အထနှင့် မကောင်းသောအလေ့အထ။/ ၂။ အပြစ်အနာ ချို့ယွင်းမှုများ။
လင်းယုန်တကောင်သည် တောင်ကမ်းပါးယံတခုမှ ပျံတက်ကာကောင်းကင်၌ လဟာပြင်၏ ဘုရင်တဆူပမာ တင့်တယ်စွာ ပျံဝဲလျှက်ရှိသည်ကို သိုးကျောင်းသားတစုကြည့်နေကြ၏။ ရုတ်တရက်သူ၏ပျံသန်းခြင်းမှာ အခြေ မလှတော့၊ အတောင်တဖက်သည် အခြားတဖက်နိမ့်ကျလာပြီးလျှင် နောက်ဆုံး၌ ကျောက်ဆောင်တခု ပေါ်သို့ထိုးကျသွားသည်ကို မြင်လိုက်ကြရ၏။ သိုးကျောင်းသားများသည်ထိုနေရာသို့ သွားရောက်ကြည့်ရှုရာ သေခါနီးဖြစ်နေသော လင်းယုန်ကြီးကို သနားစဖွယ်တွေ့ရလေသည်။ ၎င်းအဘယ်သို့ဖြစ်ရလေသနည်း။
သူသည် တောင်ကမ်းပါးယံမှာ နားနေစဉ် အဆိပ်ပြင်းသော မြွေငယ်တကောင်သည် အတောင်ကြားထဲသို့ ဝင်နေသည်ကို သူမသိခဲ့။ ပျံသန်းနေစဉ်အတောင်၏လှုပ်ရှားခြင်းသည် မြွေကလေးအားအမျှက်ထန်စေသဖြင့် အတောင်ကိုကိုက်သောကြောင့် မြွေဆိပ်တက်ကာ မြေပေါ်သို့ ထိုးကျသေဆုံးရခြင်းဖြစ်လေသည်။ များစွာသောလူကလေးများသည် ထိုကဲ့သို့ အလားတူ ဖြစ်တတ်ကြ၏။ အမိအဘဆရာသမားတို့သည် သူတို့အပေါ်မျှော်မှန်းချက်ကြီးစွာ ထားရှိခဲ့ကြ၏။ ၎င်းတို့သည် အကျင့်သီလပါရမီများ တနေ့တခြားပြည့်ဝကာ လင်းယုန်ငှက်ကဲ့သို့ တဆင့်ထက်တဆင့် အမြင့်သို့တက်လှမ်းခဲ့ကြလေသည်။
သို့သော် အရာခပ်သိမ်းပင် ရုတ်တရက် ချက်ချင်း အခြေအနေပြောင်းလဲကာ၊ ရွှေငွေစည်းစိမ်ပစ္စည်းမှ ရွှေရောင်ပျောက်လွင့်သကဲ့သို့၊ သီလပါရမီများပျောက်ဆုံးလျှက် တောင်ထိပ်မှ အပြစ်ဒုစရိုက်ချောက်ထဲသို့ ထိုးကျပျက်စီးကြလေသည်။ ဤဝမ်းနည်းဘွယ်ဖြစ်ပျက်ခြင်း၏ အကြောင်းရင်းကား အဘယ်နည်း။ ၎င်းတို့သည်မိမိတို့ အတွင်းသဏ္ဍာန်၌ရှိသည့် အဆိပ်ထန်သော မြွေနှင့်တူသည့် ကိလေသာများ၏ စိုးမိုးမှုကိုခံယူကြ၏။ ၎င်းတို့အရွယ်ရောက် ကြီးပြင်းလာသောအခါ ကိလေသာများလည်းအတူတကွကြီးမားခဲ့၍ ရုတ်တရက်ထကြွသောင်းကျန်း လာလေသည်။ သူတို့သည်ထိုကိလေသာများ ထကြွစက နှိပ်ကွပ်သင့်ပါလျှက်၊ လျစ်လျှူရှုခဲ့ကြသဖြင့် ကိလေသာ၏ ကျေးကျွန်ဘဝသို့ကျရောက်ရခြင်းဖြစ်သည်။
လူတိုင်းသည်မြတ်စွာ ဘုရားရှင်၏ တရားတော်၊ မှန်သောဆင်ခြင်တုံတရားနှင့်ဆန့်ကျင်သည့် အပြစ်အမှားများသို့ ယိမ်းညွတ်စေသော ကိလေသာများရှိကြလေသည်။ ၎င်းတို့အနက်အဓိကကိလေသာများမှာ ၃-မျိုးရှိ၏။ စည်းစိမ်နှင့်အာရုံခံစားမှု၌ တရားလွန်အောင်တွယ်တာစွဲလမ်းခြင်း၊ ၎င်းကိလေသာသည် လောဘကြီးခြင်း ကာမဂုဏ်တပ်စွမ်းခြင်း၊ အစားအသောက်ကြူးလွန်ခြင်း၊ စသည့်အပြစ်များကို ကျူးလွန်စေတတ်သည်။
ဒုတိယမှာ အချည်းနှီး သာဖြစ်သောအရာတို့၌ သိမြင်လိုခြင်း၊ လောကီဥစ္စာများကို တရားလွန်အောင် ခင်မင်တွယ်တာလွန်းခြင်း ဖြစ်သည်။ ၎င်းသည်လောဘကြီးခြင်းကြောင့် ကျူးလွန်စေတတ်သော အပြစ်ဒုစရိုက်များကို ပြုကျင့်စေတတ်၏။
တတိယမှာ အခြေအနေအဆင့်အတန်းကိုမှီ၍ မာနထောင်လွှားခြင်းဖြစ်သည်။ ၎င်းကိလေသာကြောင့် စိတ်မြင့်ခြင်း၊ မနာလိုခြင်း၊ အမျှက်ဒေါသထွက်ခြင်းများ ကိုဖြစ်ပေါ်စေသည်။
အကြင်သူသည်အထက်ပါကိလေသာများအနက် တခု၏အလိုသို့လိုက်ငြားအံ့၊ထိုသူသည် တစတစနှင့် ထိုကိ လေသာ၏ ကျေးကျွန် အဖြစ်သို့ရောက်ရ၏။ အထက်ကဖော်ပြပြီးသကဲ့သို့ ကိလေသာတခုကို ပို၍အလျှော့ ပေးလေ၊ ၎င်းသည်ပို၍ပြင်းထန်စွာ ထကြွလေဖြစ်၍ ကာယကံမြောက် ကျူးလွန်ရန် လျင်မြန်လေသည်။ ကာယကံမြောက် ဆက်ခါဆက်ခါ ကျူးလလွန်ခြင်းအားဖြင့် ၎င်းအမှုသည် အကျင့်အလေ့တခုဖြစ်လာလေသည်။ ထိုအခါစိတ်ဓာတ်ပြဋ္ဌါန်းချက်နှင့် ခုခံကာကွယ်ခြင်းရပ်စဲသွား၍ ထိုကိလေသာသည် ကျွန်ုပ်တို့၏ သခင်ဖြစ်လာ လေသည်။