စိပ်ပုတီးစိပ်ရခြင်း၏ရည်ရွယ်ချက်မှာ၊ ကယ်တင်ခြင်းကိုပေးခဲ့သော၊ ယေဇူးသခင်၏ အံ့သြဖွယ်ရာ နက်နဲချက်များကို၊ စဉ်းစားထောက် ရှူရန်ဖြစ်ပါသည်။ ရဟန်းမင်းကြီး ပီအု(စ်) ကစိပ်ပုတီးကို၊ ဧဝဂေလိကျမ်းစာ အစိပ်အပိုင်းတစ်ခုဖြစ်ကြောင်းမိန့်ကြားခဲ့ပါသည်။ စိပ်ပုတီး၏အဓိက အသားပေးထားသောအချက်မှာ၊ ယေဇူးသခင်၏ သက်တော်စဉ်ဖြစ်ပြီး၊ ၎င်း၏မွေးဖွားခြင်းအကြောင်း၊ သက်တော်စဉ်၊ သေခြင်းနှင့်၊ ရှင်ပြန် ထမြောက်ခြင်းတို့ဖြစ်ပါသည်။
ယေဇူးသခင်သင်ကြားပေးသော၊ မေတ္တာစာကိုရွှတ်ဆိုပူဇော်ခြင်းဖြင့်၊ ယေဇူးသခင်၏ခမည်းတော်သည်၊ ကျွန်ုပ်တို့၏ကယ်တင်ခြင်းကို၊ အစပြုခဲ့သူဖြစ်ကြောင်း၊ အမှတ်ရစေပါသည်။ ဂုဏ်ကျေးဇူးတော် (ကောင်းကင်တမန် အမိန့်တော်ပြန်သောဆုတောင်းစာ) ကိုရွှတ်ဆိုပူဇော်ခြင်းဖြင့်၊ အမိမယ်တော်သည်၊ နက်နဲသောမိမိ၏သားတော်နှင့်၊ လောကအသက်တာ၌သော်လည်းကောင်း၊ နီးနီးကပ်ကပ်ပေါင်းစပ်ခဲ့ကြောင်း၊ ဆက်လက်၍ကောင်းကင်ဘုံ၌ လည်း၊ ပေါင်းစပ်နေကြောင်းကို၊ အမှတ်ရစေပါသည်။ ထို့အတူပုဂ္ဂိုလ်သုံးပါး၊ တစ်ဆူဘုရားအားဂုဏ်ပြုသော၊ ဂလိုရီယာပါတြီကိုရွှတ်ဆိုခြင်းသည်လည်း၊ ကျွန်ုပ်တို့ခရစ်ယာန်အသက်တာတစ်ခုလုံး၏၊ နေထိုင်၊ လုပ်ဆောင်၊ အသက်ရှင်ခြင်းသည်၊ ပုဂိုလ်သုံးပါး၊ တစ်ဆုဘုရား၏ဘုန်းဂုဏ်တော်အတွက်သာဖြစ်ကြောင်း၊ တရားရစေပါသည်။
စိပ်ပုတီးစိပ်ခြင်းဖြင့်၊ အကြောင်းအရာများစွာနှင့်ဆက်နွယ်ေနပါသည်။ စိပ်ပုတီးစိပ်ခြင်းသည်၊ ရိုးရှင်းပြီး၊ စာဖတ်တတ်သူ၊ မဖတ် တတ်သူများလည်း၊ အလွယ်တကူရွှတ်ဆိုပူဇော်နိုင်ပါသည်။ မေတ္တာစာတစ်ပုဒ်တည်းကို၊ ထပ်ခါထပ်ခါပြန်လည်ရွှတ်ဆိုခြင်းဖြင့်၊ ဘုရားရှင်၏နက်နဲသော၊ ကယ်တင်ခြင်းလုပ်ငန်းတော်ကိုပို၍ သိရှိလာရပါ သည်။ စိပ်ပုတီးစိပ်ခြင်းဖြင့်၊ ယေဇူးသခင်နှင့်၊ အမိမယ်တော်သည်၊ ဘဝ၏ပျော်ရွှင်ချိန်များ၌ဖြစ်စေ၊ ဝမ်းနည်းချိန်များ၌ဖြစ်စေ၊ ကျွန်ုပ်တို့နှင့်အတူရှိကြောင်းအသိရှိစေပါသည်။ ထို့အတူ၊ ဘုရားရှင်သည်၊ ယေဇူးသခင်နှင့်၊ အမိမယ်တော်တို့အားပေးသနားခဲ့သော၊ ဘုန်းစည်းစိမ်တော်ကို၊ ကျွန်ုပ်တို့အားလည်း၊ ထာဝရပေး မည်ဟု၊ ယုံကြည်၊ မျှော်လင့်ချက်များ တိုးပွားများပြားလာစေပါသည်။
စိပ်ပုတီးစိပ်ခြင်းသည်၊ အမိမယ်တော်အားဖြင့်၊ ဘုရားရှင်ထံတိုင်တည်သည်ဆိုသော်လည်း၊ အမှန်မှာ ယေဇူးသခင်ကိုသာ၊ တိုက်ရိုက်တစ်မျိုး၊ သွယ်ဝိုက်တစ်မျိုး၊ ဦးတည်ညွှန်းဆိုဖေါ်ပြနေခြင်းဖြစ်ပါသည်။ ၎င်းဆု တောင်းစာတစ်ခုလုံး၌၊ ဧဝဂေလိကျမ်းစာမှ၊ တရားများကိုတွေ့ရပါသည်။ အမိမယ်တော်၏၊ ဝမ်းကြာသိုက်၌၊ လူ့အဖြစ်ကိုယူခြင်းဖြင့်အစပြုခဲ့သော၊ ကယ်တင်ခြင်းလုပ်ငန်းစဉ်ကို၊ ချီးမွမ်းကျုးရင့်ထားသော၊ အမိမယ်တော်၏ ဆုတောင်းပဲ့တင်သံပင်ဖြစ်ပါသည်။ စိပ်ပုတီးဆုတောင်းစာသည်၊ တနည်းအားဖြင့်၊ ဗာတီကန် (၂) ၏၊ စာတမ်းများ အနက်၊ နောက်ဆုံးအခန်း၏အဓိပ္ပါယ်ဖွင့်ဆိုချက်ဖြစ်ပါသည်။ အဘယ်ကြောင့်ဆိုသော်၊ အဆိုပါအခန်း၌၊ ခရစ်တော်နှင့်၊ အသင်းတော်၏နက်နဲချက်၌၊ ထူဆန်းစွာတည်ရှိနေသော၊ ဘုရား၏မယ်တော်ကြောင်း၊ တင်ပြဆွေး နွေးထားသောကြောင့်၊ ဖြစ်ပါသည်။ (ရဟန်းမင်းကြီးဂျွန်ပေါလ်၏ “မယ်တော်မာရိယာ၏စိပ်ပုတီးတော်” စာချွန်တော်မှကောက်နှုတ်ထားခြင်းဖြစ်ပါသည်။)