
ကောင်းသော ကိုယ်ကျင့်သိက္ခာကိုဆောက်တည်ထိန်းသိမ်းရန်အတွက် စိန်ထားကောင်းရှိရုံဖြင့် လုံလောက်ပြီမဟုတ်။ မိမိကိုယ်ကိုငြင်းပယ်ခြင်း၊ သူတပါးအတွက် ကိုယ်ကျိုးအနစ်နာခံခြင်းများကို တနေ့ထက်တနေ့ ကျင့်သုံးပေးခြင်း စသည်များကိုလည်း ကြိုးစားရမည်ဖြစ်၏။ များစွာသောသူများသည် ဤနည်းမှာခဲယဉ်းသည်ဖြစ်၍ အခြားနည်းဖြင့် ကိုယ်ကျင့်သိက္ခာကိုဆောက်တည်လိုကြ၏။ သို့သော် အောင်မြင်ခြင်းမရှိ၊ ဆုံးရှုံးကြရ၏။ ကိုယ်ကျင့်တရားဆိုင်ရာ ပညာရေး၌ စိတ်ဓာတ်ကို လေ့ကျင့်ပေးခြင်း၊ ကိုယ်ကျိုးအနစ်နာခံမှုကို ကျင့်သုံးရခြင်းနှင့် ကြိုးစားအားထုတ်ခြင်းများပါဝင်၏။ အကြင်သူသည် မိမိကိုယ်ကိုပြင်းပြင်းထန်ထန် ငြင်းပယ်လေ၊ လူလောက အသက်ရှင်နေရခြင်း ရည်ရွယ်ချက်အတွက် ပို၍ပြင်ဆင်နိုင်လေဖြစ်၍ ကောင်းသောဘဝဖြင့် နေထိုင်နိုင်လေဖြစ်သည်။ အနာမခံဘဲ အသာမစံရဆိုသောစကားသည် အထူးသဖြင့်ကောာင်းသောကိုယ်ကျင့်တရားကို ဆည်းပူးခြင်းအတွက်သာ၍ မှန်ကန်လှ၏။ အရာခပ်သိမ်း၏အောင်မြင်ခြင်း သရဖူကား တပင်တပန်း ပြုခဲ့သောလုပ်အား၏ အကျိုးသာလျှင်ဖြစ်၏။ ထို့အတူပင်ပန်းစွာကြိုးစားအားထုတ် လုပ်ကိုင်မှုနှင့်ကင်း၍ အဘိုးထိုက်သော ဘဏ္ဍာဖြစ်သည့် သိက္ခာသမာဓိကို ဆည်းပူးရယူခြင်းငှါ မတတ်နိုင်ရာချေ။ မိမိနှစ်သက်မြတ်နိုးသော အရာတခုကိုမျှခြိုးခြံမှု မပြုနိုင်သောသူသည် တားမြစ်ထားသော အမှုကိုရှောင်ကြဉ်ရန်လည်း အလွန်ခက်ခဲပေမည်။ အထူးသဖြင့် တပါးသူအတွက် ကိုယ်ကျိုးအနစ်နာခံခြင်း၊ မိမိကိုယ်ကို ငြင်းပယ်ခြင်း၊ ဒုက္ခဝေဒနာများကို အောင့်အည်းသည်းခံခြင်းများကို အကျင့်ပြုခဲ့သောလူငယ်သည် အနာဂတ်ခရီး၌ တွေ့ကြုံလတ္တံ့သော အခက်အခဲများကိုလည်း ကျော်လွှားအောင်မြင်လိမ့်မည်ဟုယုံကြည်မျှော်လင့်နိုင်ပေမည်။ ငယ်စဥ်ကပင်ပန်းစွာ အားထုတ်မှုမပြုပဲ အသက်သာခံကာ နေထိုင်လာခဲ့သောလူငယ်များကား အနာဂတ်ကာလ၌ အရှုံးနှင့်သာရင်ဆိုင်ရလိမ့်မည်။ သူတပါးအတွက် ကိုယ်ကျိုး အနစ်နာခံပါ၊ မိမိကိုယ်ကို ငြင်းပယ်ပါ ဆိုရာ၌ မိမိကိုယ်တိုင်ကိုလည်းကောင်း၊ မိမိဂုဏ်၏ သိက္ခာကိုလည်းကောင်း၊ မိမိ၏စိတ်အလိုကိုလည်းကောင်း၊ ဖျက်စီးပစ်ရမည်ဟုဆိုလိုခြင်းမဟုတ်။ ကိုယ့်ကိုယ်ကိုတွယ်တာခင်မင်လွန်းခြင်း၊ ယုတ်ညံ့သောကိလေသာ တိမ်းညွတ်ခြင်းများမှ ကင်းလွတ်ပါစေဟူ၍သာဆိုလိုသည်။
ဤသို့ပြုခြင်းသည် ကိလေသာ၏ နှောင်ကြိုးကို ဖြတ်တောက်ပြီးလျှင် ၎င်းအကျဥ်းသားအဖြစ်မှ လွတ်မြောက်ရေးအတွက် ဘုရားသခင်၏ အလိုတော်အစီအစဥ်အတိုင်း လိုက်နာပြုလုပ်ခြင်းပင်ဖြစ်လေသည်။ မကောင်းသော ကိလေသာများကို သုတ်သင်ဖယ်ရှားခြင်းဖြစ်သော ကိုယ့်အလိုကိုငြင်းပယ်ခြင်းသည် ကိုယ်ကျင့်တရားပြုရသူအဖြစ် အသက်ရှင်နေထိုင်ရေး အတွက်အတွင်းသန္တာန်ရှိ ဒုစရိုက်များကိုသတ်ဖြတ်ခြင်းဖြစ်လေသည်။ သို့ဖြစ်၍ခြိုးခြံခြင်း၊ အကျိုးအနစ်နာခံခြင်း၊ မိမိကိုယ်ကို စွန့်ပစ်ခြင်း များကို ပါရမီများအတွက်သာမဟုတ်ပဲ၊ အပြစ်ငရဲနှင့်ပြည့်ဝသော လူအသက်ရှင်မှုကို စင်ကြယ်စေရန်နှင့် ချို့ယွင်းချက်များကို ကိလေသာများ၏ကျွန်အဖြစ်မှ လွတ်ကင်းစေရန်အတွက်လည်း ရည်ရွယ်ချက်ထားလျက်ပြုလုပ်ရသည်။ စကားတခွန်းအားဖြင့်ဘော်ပြရသော် ၎င်းအမှုသည်ရောဂါတခုကို ကုစားသော ဆေးဝါးနှင့်တူလေသည်။ ဆေးဝါးသည်တခါတရံ အရသာအလွန်ခါးသကဲ့သို့ ဤအမှုများသည်လည်း ရံဖန်ရံခါအလွန်ခဲယဥ်းလှ၏၊၊ သို့ရာတွင် ၎င်းတို့၏ အကျိုးကျေးဇူးကားကြီးမားလှဘိသည်။
လူများသည် တနည်းမဟုတ်အခြားတနည်းအားဖြင့် မိမိကိုယ်ကို အနစ်နာခံကြသည်။ ဥပမာ အလွန်ကပ်စေးနှဲသူသည် ကြေးငွေချမ်းသာကြွယ်ဝမှုအတွက် မိမိကိုယ်ကိုအနစ်နခံ၏။ ရွှေငွေဥစ္စာသည် သူ့အားအမြဲတစေဘမ်းပြနေသဖြင့်၊ ထိုသူသည်၎င်းတို့ကို ပို၍စုဆောင်းနိုင်မှုအတွက် ရပ်နားခွင့်မရခဲ့။ ဂုဏ်ပကာသန လိုလားတပ်မက်သူသည် ထင်ပေါ်ကျော်စောမှုအတွက် မည်သို့သော အနစ်နာခံမှုကိုမဆို ခံယူနိုင်၏။ သူသည် မိမိအလိုပြည်ဝရန်အတွက် နေ့ရောညပါ လုပ်ကိုင်သင့်က လုပ်ကိုင်မည်ဖြစ်သည်။ စည်းမဲ့ကမ်းမဲ့ပျော်ပါးမှု လိုလားသူများသည် ဤနည်းအတိုင်းသာဖြစ်၏။ ကခုန်ကစားမှု၌ ဝါသနာကြီးသူများလည်းကြီးစွာသော ဒုက္ခများကို ခံယူကြရ၏။
ဥပမာ၊ ၎င်းတို့သည် နံနက်စောစောထ၍ လေ့ကျင့်မှုများပြုလုပ်ရခြင်း၊ လိုအပ်လျှင်အပြင်းအထန်လေ့ကျင့်ရခြင်း၊ ဆေးလိပ်နှင့် အရက်သေစာများကို ဆန္ဒရှိသော်လည်း ရှောင်ကြဉ်ရခြင်း၊ အချို့သော စားဘွယ်ရာများနှင့် အချို့သောယမကာ အရည်များကို ရှောင်ကြဉ်ရခြင်း စသည်ဖြစ်၏။ ဤလောက၌ တခဏမျှသာ တန်ဘိုးရှိသော ဂုဏ်သိမ်၊ စည်းစိမ် ရွှေငွေအတွက် ထိုမျှလောက်အနစ်နာခံကြိုးစားကြပါလျှင်၊ ယခုဘဝအတွက်သာမက၊ နောင်ဘဝ၌ကြီးကျယ်များပြားလှသော အကျိုးအသီးကိုပေးမည့် ကောင်းသောကိုယ်ကျင့်သိက္ခာကို ဆောက်တည်ရန်အတွက် အနစ်နာခံယူရန် မထိုက်ပါသလော။
ပီရူးပြည်ကိုအောင်မြင်သည့် ဖရန်စ္စကိုပီဇာရို (Francisco Pizzarro) အမည်ရှိသောစစ် သေနာပတိကြီးသည် သူ၏စစ်သားများကသူ့အား ပုန်ကန်ဆန့်ကျင်ကာ တိုင်းပြည်သို့ပြန်ရန်အကျပ်ကိုင် ကြသောအခါ၊ သူသည်ထိုသူများ၏ရှေ့သို့သွားရောက်၍ သူ၏ဓားဖြင့်မြေပေါ်၌ စည်းတကြောင်းကို ရေးခြစ်ပြီးလျှင်၊ ဤစည်းကြောင်း၏မြောက်ဘက်ကို ကျော်လွန်ပါလျှင် သင်တို့သည်ငြိမ်သက်ခြင်းနှင့်၊ ဘေးကင်းသောဘဝကို ရရှိကြမည်။ သို့သော်ထိုဘဝမှာ ဆင်းရဲနိမ့်ကျသောဘဝဖြစ်၏။ ဤစည်းကြောင်း၏ တောင်ဘက်မှာနေလျှင် အနစ်နာခံရခြင်း၊ ဒုက္ခဆင်းရဲခြင်းများနှင့် တိုက်ခိုက်မှုများကို ရင်ဆိုင်ရမည်။ သို့သော် အောင်မြင်သော ကာလတွင် တန်ခိုးအာဏာနှင့် ရွှေငွေဥစ္စာကြွယ်ဝချမ်းသာမှုများကို ခံစားကြရမည်။ နှစ်သက်ရာကို ရွေးခြယ်ကြပါဟု ရှင်းလင်းပြောဆိုလေသည်။ ထိုအခါရှိသမျှလူအားလုံးလောက်နည်းပါးမျှ အခက်အခဲ၊ တိုက်ပွဲများကို ရင်မဆိုင်ဝံ့ကြသဖြင့် စည်းကြောင်း၏ မြောက်ဘက်သို့ကျော်ဖြတ်ကြလေသည်။ ရဲရင့်သူတဆယ့်နှစ်ယောက်သာ ပီဇာရိုနှင့်အတူ စည်းကြောင်း၏တောင်ဘက်တွင် ကျန်ရစ်ကြသည်။ ပီဇာရိုပြောသည့်အတိုင်း ဤသူတဆယ့်သုံးယောက်သည် ထင်ရှားကျော်ဇောခြင်းနှင့် ကြွယ်ဝချမ်းသာခြင်းကို ရရှိခံစားကြရ၏။ သို့ရာတွင်ထိုအခြေအနေသို့ရောက်ရှိကြရန် ၎င်းတို့သည် အခက်အခဲများ၊ တိုက်ခိုက်မှုများကို ရင်ဆိုင်တွန်းလှန်ကြရကုန်သည်။ နယ်ချဲ့စစ်ပွဲအတွက်မဟုတ်ပဲ၊ ကောင်းသောကိုယ်ကျင့်သိက္ခာ ဆည်းပူးမှုအတွက်ဖြစ်သောတိုက်ပွဲ၌ လူငယ်များသည် ဤသူရဲကောင်းများကို အတုယူကြပါလျှင်၊ ရာထောင်မကသော အခက်အခဲများကို ရဲရင့်ခြင်းဝိရိယအားထုတ်ခြင်းဖြင့် အောင်မြင် ကျော်လွှားနိုင်ကြ၍၊ ဤသူရဲကောင်းများ၏ ရည်ရွယ်ချက်ထက် သာလွန်မြင့်မြတ်ဘုန်းကြက်သရေရှိသော ရည်ရွယ်ချက်သို့ ဧကန်ထုတ်ခြောက် ရောက်ရှိကြမည်ဖြစ်၏။ ဝမ်းနည်းဘွယ်ကောင်းသည်မှာ နေ့ရှိသမျှ များစွာသော လူငယ်များသည်၊ မိမိတို့၏အဘိုးမတန်သော စိတ်ကူးယဉ်မှု ကလေးအတွက် အခက်အခဲဒုက္ခများစွာခံစားကာ၊ အပတ်တကုပ် ပြုလုပ်ကြပါသော်လည်း၊ နောက်ဆုံး၌ အကျိုးကျေးဇူး တဆုပ်တဖွဲမျှသာ ခံစားကြရသည်။ ၎င်းတို့သည်မိမိ တို့၏ကိုယ်ကျင့်သိက္ခာအတွက် ကိလေသာအာရုံခံစားမှု၌ ခံယူသောဒုက္ခဆင်းရဲများ၏ တဝက်မျှသောဒုက္ခ နစ်နာမှုများကို ခံယူကြပါလျှင်၊ သူတို့သည် အလွယ်တကူနှင့်အာဇာနည် သူရဲကောင်းကြီးများဖြစ် လာနိုင်ပေသည်။ ဤသူများသည် ၎င်းတို့ဆောက်တည်သော ပါရမီများ၏ကြီးမြတ်ခြင်း၊ မိမိတို့ပတ်ဝန်း ကျင်ရှိသူများ အကျိုးအတွက် ဆောင်ရွက်မှုအောင်မြင်ခြင်း စသည် များကြောင့် ရာဇဝင် ဥဒါန်း တွင်ရစ်ကြမည်။
ဆက်ရန်…
စာရေးသူ(အမည်မသိ)နှင့်အန်ထော်နီဆရာစိန်။
မေလ.. ၁၉၆၄။