အောက်ပါစာမျက်နှာများတွင် ဘော်ပြပြီးသော ကိုယ်ကျင့်သိက္ခာ၏ ရန်သူများကို ကြံ့ကြံ့ခုခံတွန်းလှန်ရာ၌ ကြီးသော အထောက်အပံ့ကို ဖြစ်စေသည့် အချို့သောပါရမီများကို ဘော်ပြပေအံ့။
၃။ (က) ခြိုးခြံခြင်း။
လူငယ်များအား ကောင်းမွန်စွာနှင့် စံနစ်တကျပညာပေးရန်လည်းကောင်း၊ ပါရမီများဖြင့်ကြွယ်ဝသော အသက်ရှင်မှု၌ နေထိုင်နိုင်ရန်အလို့ငှါ လည်းကောင်း၊ ခြိုးခြံခြင်းနှင့် စွန့်ပယ်ရှောင်ကြဉ်ခြင်းတို့သည် လိုအပ်သော အရာများဖြစ်ကြောင်း ထပ်တလဲလဲ ပြောဆိုရခြင်းသည် ပိုသည်လုံလောက်သည်ဟူ၍ မရှိနိုင်ပါ။ ယခင်က ဘော်ပြပြီးခဲ့သည့်အတိုင်း စိတ်တွင်းက အလွန်နှစ်သက်တမ်းတနေသည့်အရာကို ခေတ္တမျှဘေးသို့ တမင်ဖယ်ရှားလျက် ချုပ်တည်းထားလိုက်ခြင်း၊ မိမိမနှစ်သက်သူ တဦးအား ချိုသာကြင်နာသောစကား တခွန်း၊ နှစ်ခွန်းပြောဆိုခြင်း၊ အလွန်နှစ်သက်သော အစားအစာကို မစားဘဲ ရှောင်ကြဉ်လိုက်ခြင်း စသည်တို့သည် မပြောပလောက်သည့် သေးငယ်သော အမှုကိစ္စသာဖြစ်သည်ဟု ထင်မှတ်ရ၏။ သို့သော် ဤသေးငယ်သော အရာကလေးများသည် ကောင်းသောကိုယ်ကျင့်သိက္ခာကို ဆောက်တည် ဆည်းပူးရာ၌ များစွာသောအထောက်အပံ့ ဖြစ်စေလေသည်။ နှင်းဆီပင်တပင်ကို လှပထွားကြိုင်းသော နှင်းဆီပန်းပွင့်များဖြင့် ဝေဝေဆာဆာဖူးပွင့်စေလိုသော ဥယျာဉ်မှူးသည် အသုံးမဝင်ဘဲ ဒုက္ခပေးမည့်အကိုင်းများကို ဖြတ်တောက်ပယ်ရှားပစ်ရန် နှမြောနေမည်နေဟုတ်ပေ။ ကတ်ကြေးဖြင့် မတွေ့မထိဘူးသော နှင်းဆီပင်သည် အလေ့ပေါက် အရိုင်းပင်သဘွယ် ရှင်သန်ကြီးပွား၍ အမျိုးအစားညံ့ဖျင်းကြုံလှီသော နှင်းဆီပန်းများကိုသာ ပွင့်နိုင်သကဲ့သို့ မိမိစိတ်အလိုကို ငြင်းပယ်ချုပ်တည်းခြင်း အလေ့မရှိခဲ့သော လူငယ်သည်လည်း သူ၏တသက်တာတွင် မြင့်မြတ်ရက်ရောသော အပြုအမူမျိုးပြုမူရန် မတတ်နိုင်ချေ။
၃။ (ခ) တည်ကြည်မြဲမြံခြင်း။
စိတ်ပြဌါန်းမှုကို ခိုင်မာစေသောအခြားတနည်းကား မိမိအလိုနှင့် ဆန့်ကျင်သောအရာများကို တည်ကြည်မြဲမြံစွာ ခံယူခြင်းဖြစ်၏။ ကျော်ကြားသောစိတ်ပညာရှင်ကြီး (Jammes) တဦးက လူငယ်များအား မိမိစိတ်အလိုနှင့် ဆန့်ကျင်သော အရာတစုံတခုကို နေ့စဉ်ပြုလုပ်ရန် အကြံပေးခဲ့လေသည်။ စာပေသင်ယူနေရသော အချိန်ကာလသည် လူငယ်အား မိမိစိတ်အလိုနှင့်ဆန့်ကျင်သော သေးငယ်သည့်အမှုများကို ခံယူရန်အတွက် များစွာသော အလေ့အကျင့် အခွင့်အရေးကို ရရှိစေ၏။
ဥပမာ၊ မညည်းမညူမပျင်းမရိပဲ စာအံရခြင်း၊ စိတ်ရှည်ရှည်ဖြင့် အဖြေပေးရခြင်း စသည့်အရာများဖြစ်၏။ ၎င်းပြင် လမ်းစဉ်ကို မြဲမြဲမြံမြံ လိုက်နာသူသာလျှင် အောင်မြင်ခြင်းသရဖူကို ဆင်မြန်းနိုင်ကြောင်း ကိုထောက်၍ ကောင်းသောလမ်းစဉ်ကို မသွေမဖီမြဲမြံစွာ လိုက်နာခြင်းမှာအရေးကြီးကြောင်း၊ မြဲမြံမှုချို့တဲ့လာသည်နှင့်တပြိုင်နက် ယခင်ကကြိုးစားခဲ့ရသမျှ ဆုံးရှုံးရကြောင်းကို သတိပြုရာသည်။ တနေ့လျှင် တနာရီမျှကြိုးစားခြင်းသည် အောင်မြင်မှုအတွက်လုံလောက်နိုင်၏။ သို့သော် ဆက်လက်ကြိုးစားမှုမရှိလျှင်မူကား အောင်မြင်လိမ့်မည်မဟုတ်။ ခက်ခဲလှသော အချိန်အခါမျိုးနှင့် တွေ့ကြုံလျှင် “ငါလက်မလျှော့၊ ထိုအခက်အခဲကို ငါကြံ့ကြံ့ခံမည်၊ ယနေ့ပင်ခုခံမည်။” ဟုပြောကာ ကိုယ့်ကိုယ်ကို အားတင်း ကြံ့ခိုင်အောင် ပြုသင့်၏။ နောက်တရက်တွင်လည်း ထို့သို့သော စိတ်ဓာတ်ပြဌါန်းချက်ဖြင့် ထိုစကားမျိုးကို မြွက်ဟသင့်၏။ အမှန်စင်စစ်ကား လေပြေတွင် ယိမ်းထိုးနေသော ဝါးပင်များကဲ့သို့မဟုတ်ပဲ၊ တကယ်ယောက်ျားပီသသော သူသည် အံ့ဘွယ်သော အောင်မြင်ခြင်းမျိုးကို လက်ဝယ်ရရှိနိုင်ပေ၏။
၃။ (ဂ) စိတ်မပြောင်းလဲ တသမတ်တည်းရှိခြင်း။
စိတ်ပြောင်းတတ်ခြင်း ချို့ယွင်းမှုကို အောင်မြင်ရန်လူငယ်များသည် ၎င်းနှင့်ဆန့်ကျင်ဘက်ပါရမီကို ဆည်းပူးရာ၏။ ၎င်းပါရမီကား စိတ်မပြောင်းမလဲ တသမတ်တည်းရှိခြင်း တနည်းအားဖြင့် သမာဓိရှိခြင်းပင်ဖြစ်၏။ လေ့ကျင့်မှုအနည်းငယ်မျှ မပြုလုပ်လိုက်ရဘဲ ကုန်လွန်သွားသောနေ့ဟူ၍ မရှိစေခြင်းအားဖြင့် အချို့သူတို့သည် ထင်ရှားသော ကမ္ဘာကျော် ပန်းချီပညာရှင်ကြီးများဖြစ်လာကြ၏။ ဤနည်းအတိုင်းပင် နေ့စဉ်အနည်းငယ်လေ့ကျင့်ပေးခြင်းအားဖြင့် လူတိုင်းကောင်းသော ကိုယ်ကျင့်သိက္ခာကို အမှန်တကယ် ဆောက်တည် စောင့်ထိန်းနိုင်ပေ၏။ နေ့စဉ်လေ့ကျင့်ရမည်ဆိုရာ၌ တခါတရံမျှသာ ပြုခွင့်ကြုံသော သူရဲကောင်းလုပ်ငန်းမျိုးမဟုတ်။ တတ်နိုင်သမျှအကောင်းဆုံးနည်းလမ်းဖြင့် နေ့စဉ်ပြုနိုင်သည့် မရေမတွက်နိုင်သော အမှုကိစ္စ အသေးအဖွဲကလေးများကို ဆိုလိုခြင်းဖြစ်သည်။ မည်သူမျှ တာဝန်ရှိသော ဤနေ့စဉ်လုပ်ငန်းကလေးများကို ရှောင်လွဲ၍မရ။ အသက်ရှင်မှုနှင့် ပါရမီများ၏ ရည်မှန်းချက် အဆင့်အတန်းမြင့်မြင့်ရောက်အောင် ဆောင်ရွက်ရာတွင် ခေတ္တခဏမျှသာ စွဲလမ်းထက်သန်စွာ ကြိုးစားပြုမူခြင်းထက်၊ လုပ်ငန်းအစအဆုံးတိုင်အောင် စွဲမြဲစွာအားထုတ်မှုသည် သာ၍လိုအပ်ကြောင်း သတိစွဲသင့်ပေသည်။
ခေတ္တမျှသာ ကြိုးစားအားထုတ်ပြီးနောက် ငြီးငွေ့ကာ ရပ်တန့်သောသူများကား တသက်တာတွင် လုပ်ငန်းကို ပြီးဆုံးခြင်း မရောက်စေဘဲ၊ တဝက်တပျက်နှင့်သာ စခန်းသွားသူများဖြစ်ကြ၏။ ကြိုးစားအားထုတ်မှု၌ စွဲမြဲသော လုံလရှိသူများမူကား လုပ်ငန်းပြီးဆုံးအောင်မြင်ခြင်းနှင့် နှစ်ထောင်းအားရ ကျေနပ်နှစ်သိမ့်ခြင်းသို့ ရောက်ရှိကြလေသည်။
ဒေါ်မေနိကို ဆာဗီယိုသည် အသက် ၁၀-နှစ်အရွယ်ရောက်လျှင်၊ သူ၏ဇာတိ ရပ်ရွာကျောင်းမှ မူလတန်း အောင်မြင်ပြီးဆုံးသဖြင့် သူ၏ရွာနှင့် ၃-မိုင်ခန့်ဝေးသော မြို့တမြို့ရှိ မူလတန်းလွန်ကျောင်းတကျောင်းသို့ သွားရောက်၍ ပညာဆည်းပူးရန် မိဘများထံအပူတပြင်း အခွင့်ပန်ကြားလေသည်။ သူကကျွန်ုပ်သာ ငှက်ကလေးတကောင်ဖြစ်ပါလျှင် ပညာဆက်သင်ရန် ကျောင်းသို့ နံနက်-နေ့လည် အချိန်များမှာ ပျံသန်းသွာမည်ဟုပြောလေ့ရှိ၏။ သို့ရာတွင်သူသည် အတောင်ပါသော ငှက်မဟုတ်သဖြင့် ထိုမျှသောခရီးကို တနေ့လျှင် အသွားအပြန် နံနက်တကြိမ် နေ့လည်ကျောင်းဆင်းလျှင် အိမ်သို့ တကြိမ်၊ အိမ်မှကျောင်းသို့ နေ့လည်တကြိမ် ညနေကျောင်းဆင်းအိမ်ပြန်တကြိမ် (၄) ကြိမ်ခြေလျင်ရှောက်ရလေသည်။ ဆောင်းတွင်းမှာ မိုးရွာခြင်း၊ နှင်းကျခြင်းများရှိ၍၊ နွေအခါမှာလည်း လမ်းတခုလုံး ဖုန်ထူလျှက်ရှိ၏။ သို့သော်သူသည် နံနက်သင်တန်းနှင့် ညနေသင်တန်းများကို တနှစ်ပတ်လုံး မပျက်ကွက်ခဲ့ချေ။ ၎င်းသည် ကိုယ်အင်္ဂါကျန်းမာတောင့်တင်း၍ အင်အားပြည့်ဖြိုးသော လူငယ်မဟုတ်။ အင်အားချိနှဲ့သူဖြစ်လျက် ထိုမျှသောခရီးကို လျှောက်ကာ သူ့တာဝန်ကို ထူးကဲစွာကျေပြွန်အောင် ပြုနိုင်ခြင်းမှာ သူ၌စာပေလေ့ကျက်မှုနှင့် တည်ကြည်သောပါရမီကို နှစ်သက်မြတ်နိုးခြင်းသည် ကြီးမားသော ထုထည်ရှိခြင်းပင်ဖြစ်လေသည်။
ဆက်ရန်…
စာရေးသူ(အမည်မသိ)နှင့်အန်ထော်နီဆရာစိန်။
မေလ.. ၁၉၆၄။