"ကောက်ကျစ်စဥ်းလဲခြင်း နဲ့ ကင်းသောနှလုံးသား"
အို စိန့်ဘာသိုလိုမေဦး( St. Bartholomew )
“နာဇရက်မြို့မှ ကောင်းသောအရာ
တစ်စုံတစ်ခု ထွက်ပေါ်နိုင်ပါသလား”
ဟု မေးခဲ့သော်လည်း၊
ရှာဖွေလိုသော နှလုံးသားဖြင့်
ယေဇူး၏ခေါ်သံကို ကြားသောအခါ
သံသယများက ယုံကြည်ခြင်းအဖြစ် ပြောင်းလဲလာခဲ့
" လာ၍ကြည့်လော့ "ဟူသော စကားအတိုင်း
ကြည့်၍ မြင်ခဲ့သော တမန်တော်
ကောက်ကျစ်စဥ်းလဲခြင်းနဲ့ကင်းသော တမန်တော်
အရှင်မြတ်နှလုံးသားမှ အမှန်တရားကိုသိမြင်ခဲ့ကာ
“ကိုယ်တော်သည် ဘုရားသခင်၏သားတော်၊
အစ္စရာအဲလ်လူမျိုးတို့၏ဘုရင်ဖြစ်တော်မူ၏၊ ဝန်ခံ၍
လှည့်စားခြင်းနဲ့ကင်းသော နှလုံးသား၊
မာနကင်းသော ဝိညာဉ်ဖြင့်
ဂုဏ်သိက္ခာအတွက် မဟုတ်ဘဲ
ချစ်ခြင်းမေတ္တာအတွက်ကြောင့်
ယေဇူးနောက်သို့ လိုက်လျှောက်ခဲ့သူ
အို တမန်တော် - စိန့်ဘာသိုလိုမေဦး
ယေဇူးကို ရိုးသားဖြောင့်မတ်သော နှလုံးသားဖြင့်
ရှာဖွေတတ်ရန် ကျွန်ုပ်တို့ကို သွန်သင်ပေးပါ။
ကျွန်ုပ်တို့၏ သံသယများကို စွန့်လွှတ်၍
ကိုယ်တော်၏ ခေါ်သံကို ယုံကြည်တတ်စေပါ။
" လာ၍ကြည့်လော့" ဟူသောစကား အတိုင်း
ကြည့်၍ မြင်နိုင်ပါစေ၊
ယုံကြည်၍ လိုက်လျှောက်နိုင်ပါစေ၊
ကျွန်ုပ်တို့၏ဘဝတစ်ခုလုံးဖြင့်
ယေဇူးသည် ကျွန်ုပ်တို့၏သခင်၊
ကျွန်ုပ်တို့၏ဘုရင် ဖြစ်တော်မူ၏”
ဟု သက်သေခံနိုင်ပါစေ။
✍️ Celeste, MSP