Untitled Document
Untitled Document
Untitled Document
ကဗ်ာ
"အမှန်တရားအတွက် သစ္စာရှိသောအသံ”

 

 "အမှန်တရားအတွက် သစ္စာရှိသောအသံ”

တောကန္တာရထဲမှ အသံတစ်သံ ထွက်ပေါ်လာ၊

သခင်ဘုရားကိုရှာဖွေရန်နှလုံးသားများကို နိုးဆော်သံ

“သခင်ကြွလာရာ လမ်းကို ပြင်ဆင်ကြလော့၊

ကိုယ်တော်ရဲ့လမ်းကို ဖြောင့်တန်းစေကြလော့" ဟု ကြွေးကြော်သံ

လူတို့ရဲ့ ချီးမွမ်း ဂုဏ်ပြုခြင်းကို မရှာဖွေခဲ့၊

မိမိအတွက် ဂုဏ်အသရေကိုလည်း မယူခဲ့။

“ကိုယ်တော်မူကား ကြီးမြတ်ရမည်၊

ငါမူကား ဆုတ်လျော့ရမည်” ဟု ဆိုသောအသံ

သူရဲ့နှိမ့်ချသောဘဝက အလင်းရောင်လို တောက်ပခဲ့

အမှန်တရားကို မကြောက်မရွံ့ ဟောပြောခဲ့သောအသံ

အာဏာရှိသူများ မနှစ်သက်ကြသော်လည်း နောက်မဆုတ်ခဲ့သောသူ။

အမှန်တရားနဲ့ တရားမျှတမှု ပျောက်ကွယ်သွားစေမည့်အစား၊

ဆင်းရဲဒုက္ခကိုပင် ရွေးချယ်ခဲ့သူ။

သူ့ဦးခေါင်းကို ဖြတ်ယူနိုင်ခဲ့ကြသော်လည်း၊

သူ့ သက်သေခံသောအသံကို မဖြတ်တောက်နိုင်ခဲ့။

ယနေ့တိုင် သူရဲ့သက်သေခံချက်က ကျွန်ုပ်တို့အား ပြောနေဆဲ

ကြောက်ရွံ့ခြင်းထက် သစ္စာရှိခြင်းက ပိုမြတ်၏၊

အမှန်တရားအတွက် ပေးဆပ်ရခြင်းက တန်ဖိုးရှိ၏။

အို သူတော်မြတ် ရှင်ယောဟန်

 သခင်၏ ရဲရင့်သော အစေခံတော်၊

အမှန်တရား၌ ခိုင်မြဲစွာ ရပ်တည်တတ်ရန် 

ကျွန်ုပ်တို့အား သွန်သင်ပေးပါ။

မေတ္တာဖြင့် 

အမှန်တရားကို ပြောတတ်ရန်၊

ရဲရင့်စွာ အသက်ရှင်တတ်ရန်၊

ယေဇူးရှင်အတွက် 

ကျွန်ုပ်တို့၏နှလုံးသားများကို

ပြု ပြင်တတ်ရန် သွန်သင်ပေးပါ။

အရှင်မြတ်ကဲ့သို့ ကျွန်ုပ်တို့လည်း အသံတစ်သံ ဖြစ်စေပါ၊

ခရစ်တော်ဘုရင်ထံသို့ လမ်းပျောက်သူများကို

ဦးဆောင်ပေးသောအသံ ဖြစ်စေပါ။

ဂုဏ်ပြုခံခြင်း၊ ချီးမွမ်းခံခြင်း၊ 

အာဏာရရှိရေးတို့ကို မရှာဖွေဘဲ၊

အရာအားလုံးရဲ့ ဗဟို-ခရစ်တော်၌သာ

 အသက်ရှင်ခြင်းဖြင့် ဘဝကိုတည်ဆောက်သူများ ဖြစ်စေတော်မူပါ။

✍️ Celeste, MSP

ကဗ်ာမ်ား