Untitled Document
Untitled Document
Untitled Document
ကဗ်ာ
" ဆုတောင်းခြင်းအား ဘယ်သောခါမျှ မရပ်နားသော မိခင် " ( စိန့်မော်နီကာ )

  " ဆုတောင်းခြင်းအား ဘယ်သောခါမျှ မရပ်နားသော မိခင် "  ( စိန့်မော်နီကာ )

 

မျက်ရည်များအကြား သူမ- နှလုံးသားအား

ဘုရားသခင်ထံ အပ်နှံခဲ့ပြီး။

သူမ - ဆုတောင်းခြင်းဖြင့်

နှစ်ပေါင်းများစွာ စောင့်မျှော်ခဲ့ရသော်လည်း

ဘုရားသခင်ရဲ့မေတ္တာတော်ကို ယုံကြည်ခဲ့သူ

မျှော်လင့်ချက် ဝေးကွာနေသလို ထင်ရချိန်ဝယ်

သူမ - လက်မလျှော့ ဒူးထောက်  ဆုတောင်းခဲ့သူ။

မိခင်တစ်ဦး - သူမ - မျက်ရည်များက

ယုံကြည်ခြင်းမျိုးစေ့များ ဖြစ်လာခဲ့ပြီး။

သူမ - စိတ်ရှည်ခြင်းက

ကောင်းကင်သို့ ဦးတည်ရာလမ်း ဖြစ်လာခဲ့ပြီ။

သူမ - နှုတ်ဖြင့်ရွတ်ဆို ဆုတောင်းရုံသာမဟုတ်၊

ချစ်ခြင်းမေတ္တာ ပြည့်သောနှလုံးသားဖြင့်

 အပ်နှံဆုတောင်းခဲ့သူပါ။

 

စိန့်မော်နီကား ဆုတောင်းခြင်း၌ သစ္စာရှိသောမိခင် 

ဘုရားသခင်ထံမှ ပြန်၍ထူးသံ နှောင့်နှေးနေသည်ဟု

ခံစားရသော အချိန်၌ဝယ် စောင့်မျှော်တတ်ရန် 

ကျွန်ုပ်တို့အား သွန်သင်ပေးပါ။

ဘဝခရီးလမ်း ခက်ခဲသည်ဟု ခံစားရချိန်

ဘုရားအား ယုံကြည် အားကိုးရန် သွန်သင်ပေးပါ။

ကျွန်ုပ်တို့ သံယောစဥ်ထားရသူများကိုလည်း

ဘုရားသခင်ရဲ့လက်တော်ထဲသို့ အပ်နှံတတ်စေပါ။

သင့်မျက်ရည်များက  ဆုတောင်းခြင်း ဖြစ်လာသလို

သင့်ဆုတောင်းခြင်းက မျှော်လင့်ခြင်း ဖြစ်လာ၍

သင့်မျှော်လင့်ခြင်းက ယုံကြည်ခြင်း ဖြစ်လာကာ

သင့်ယုံကြည်ခြင်းက ကောင်းကြီးမင်္ဂလာဖြစ်လာပြီ။

 

ကျွန်ုပ်တို့သည်လည်း

ဆုတောင်းခြင်း၌ ဘယ်သောခါမျှ စိတ်မပျက်စေရန်

ဘုရားကရုဏာတော်ကိုလည်း

ဘယ်သောခါမျှ သံသယ မဝင်စေရန်

စိန့်မော်နီကာကဲ့သို့

ကျွန်ုပ်တို့ရဲ့မျက်ရည်များကို ဆုတောင်းခြင်းအဖြစ်၊

ကျွန်ုပ်တို့ရဲ့ဆုတောင်းခြင်းများကို 

သံယောစဥ်ထားရသူများအား ဘုရားသခင်ထံသို့

ပိုမိုနီးကပ်လာစေသော လမ်းများအဖြစ်

ပြောင်းလဲပေးနိုင်သူများစေပါ။

 

စိတ်ရှည်ခြင်း နဲ့  မျှော်လင့်ခြင်းပြည့်သော မိခင် (စိန့်မော်နီကာ)

မိခင်များ၊ မိသားစုများ နဲ့ သားသမီးများအတွက်

ဆုတောင်းပေးတော်မူပါ။

ဘုရားသခင်ရဲ့အချိန်တော်ကို ယုံကြည်တတ်ရန်

ကျွန်ုပ်တို့ကို ကူညီပေးတော်မူပါ။

ဆုတောင်းခြင်းရဲ့တန်ခိုးတော်ကို

ဘယ်သောခါမျှ လက်မလျှော့ဘဲ 

ယုံကြည်နိုင်စေတော်မူပါ။

အာမင်။ 

 

✍️ Celeste, MSP

ကဗ်ာမ်ား