2.10.2022 - Feastday of the Guardian Angels.
Today is the Birthday of the Institute of the Sisters of Reparation.(ISR) ဆပ်ဖြေခြင်းသီလရှင်အသင်းဂိုဏ်းမွေးနေ့
၂.၁၀ ၂၀၂၂ - အောက်တိုဘာလ ၂ ရက် နေ့ - ကိုယ်စောင့်သိကြားမင်းပွဲနေ့သည် ဆပ်ဖြေခြင်းသီလရှင်အသင်းဂိုဏ်း တည်ထောင်ခဲ့သည့်နေ့ထူးနေ့မြတ် မွေးနေ့ပွဲလည်းဖြစ်ပါသည်။
ဆပ်ဖြေခြင်းသီလရှင် အသင်းဂိုဏ်း ဖြစ်တည်လာခြင်း
ဆပ်ဖြေခြင်းသီလရှင်အသင်းဂိုဏ်းကို ၁၈၅၉ ခုနှစ် အောက်တိုဘာလ (၂) ရက်နေ့တွင် အီတလီနိုင်ငံမီလန်မြို့ ၌ တည်ထောင်ခဲ့ပါသည်။ အသင်းဂိုဏ်းတည်ထောင်သူမှာ ဖာသာရ် ကားရ်လိုဆာလေးရီယိုဖြစ်ပြီး သူသည် ပီးမေအသင်းဂိုဏ်း (PIME) (Pontifical Institute for Foreign Missions - သာသနာပိုင် ပုပ်ရဟန်းမင်းကြီးနှင့်ဆိုင်ရာ နိုင်ငံရပ်ခြားတိုင်းတပါးအတွက် သာသနာပြုအသင်းဂိုဏ်း) ၏ ပထမဦးဆုံးသောရဟန်းများထဲမှတစ်ပါးအပါအဝင် ဖြစ်ပါသည်။၁၈၉၅ ခုနှစ် မေလ(၂၈)ရက်နေ့တွင် ဤအသင်းဂိုဏ်းအသစ်သည် ပုပ်ရဟန်းမင်းကြီး တစ်ဆယ့်သုံးပါးမြောက်လေအိုထံမှ တရားဝင်အတည်ပြုကြောင်း အမိန့်ဒီဂရီ (Decree of Suimia Lude) ကို ရရှိခဲ့ပါသည်။ ဤသို့ဖြင့် ဆပ်ဖြေခြင်းအသင်းဂိုဏ်းသည် သာသနာပိုင်ပုပ်ရဟန်းမင်းကြီးနှင့်ဆိုင်ရာ အသင်းဂိုဏ်းတစ်ခုဖြစ်လာခဲ့ပါသည်။၁၉၂၃ ခုနှစ် ဇူလိုင်လ(၁၇) ရက်နေ့တွင် အသင်းဂိုဏ်း၏ ဥပဒေများကို (၇)နှစ်တာ စမ်းသပ်လေ့လာသည့် အချိန်ကာလကို အတည်ပြုခဲ့ပြီးသည့်နောက် ၁၉၃၃ ခုနှစ် နိုဝင်ဘာလ (၂၁) ရက်နေ့တွင် ပုပ်ရဟန်းမင်းကြီးရုံးတော်မှ အပြီးသတ် တရားဝင်အတည်ပြု ပြဋ္ဌာန်းလိုက်ပါသည်။
ဆပ်ဖြေခြင်းအသင်းဂိုဏ်း၏ အရုဏ်ဦးအချိန်များ
ဖာသာရ်ကားရ်လိုဆာလေးရီယိုသည် အိုဆီးရီးယား(Oceania) တွင် များပြားလှသော ဆင်းရဲသောပင်ပန်း ခက်ခဲခြင်းများ၊ကျန်းမာရေး ချို့ယွင်းခြင်းများနှင့် အကျပ်အတည်း မိုးစုံတို့ကြောင့် အားအင်ကုန်ခမ်း ပင်ပန်းနွမ်းနယ်ခဲ့ရသော်လည်း ဇွဲလုံ့လထက်သန်ပြီး စိတ္တခွန်အား ပြည့်ဝလျက်ရှိသော ငယ်ရွယ်နုပျိုသည့် ရဟန်းတစ်ပါးအဖြစ် အိုဆီးနီးယားမှ ပြန်လည်ရောက်ရှိလာခဲ့သည်။ ထို့နောက် ဘုရားသခင်သည် မိမိထံမှ မည်သည့်အရာကို တောင်းဆိုလျက်ရှိကြောင်း စဉ်းစားဆင်ခြင်၍ နေလေသည်။၁၈၅၆ခုနှစ်တွင် အီတလီနိုင်ငံသည် မိမိ၏လွတ်လပ်ရေးအတွက် တိုက်ပွဲဆင်နွဲနေချိန်ဖြစ်သည်။ မီလန်မြို့တွင်လည်း စစ်၏ဂရက်ရိုက်ခတ်မှုကြောင့် မိန်းမပျိုလေးများ အကျင့်စာရိတ္တ ယိုယွင်းလာခဲ့ကြသည်။ ပီးမေအသင်းဂိုဏ်းဝင်ဖြစ်သည့် ဖာသာရ်ကားရ်လို ဆာလေးရီယိုသည် ကိုယ်ကျင့်တရားမဲ့သည့် အခြေအနေတွင် ရှိနေကြသည့် မိန်းကလေးများအတွက် လွန်စွာပင် စိုးရိမ်ပူပန်လျက်ရှိနေသည်။ သူတို့အား ဘဝလမ်းမှန်သို့ ပြန်လည်ရောက်ရှိလာစေရန် ဖေးမကူညီလိုသည်။ ဖာသာရ်ကားရ်လို ဆာလေးရီယိုသည် မိမိသာသနာပြုရမည့် နေရာဒေသမှာ အိုဆီးနီးယားကဲ့သို့ပင် ဘုရားသခင်၏ ကူညီစောင်မမှုကို လိုအပ်နေသော ဝိညာဉ်များရှိသည့် ဤမီလန်မြို့၌ပင် ဖြစ်ကြောင်းကို သတိပြုမိခဲ့ပြီး ၎င်းဝိညာဉ်များ၏ ကယ်တင်ခြင်းအတွက် လုပ်ဆောင်ရန် ဆန္ဒဖြစ်ပေါ်လာခဲ့ သည်။
ထို့ကြောင့် သူသည် မိမိ၏ စိတ်ကူးအကြံအစည်များကို အကောင်အထည်ဖေါ်ရာ၌ ပါဝင်ကူညီပေးနိုင်မည့် သင့်တော်သည့် လက်တွဲဖော်အမျိုးသမီးတစ်ဦးကိုလည်း အလိုရှိခဲ့သည်။ ထို့အပြင် ဘုရားသခင်အား ထိခိုက် စော်ကားသော လူသားတို့၏ အပြစ်များအတွက် ဆပ်ဖြေခြင်း အမှုကိုပြုရန် အသင်းအဖွဲ့တစ်ခုကို ဖွဲ့စည်းရန်လည်း စိတ်ဆန္ဒပြင်းပြခဲ့သည်။ သို့ရာတွင် သူသည် ပီးမေသာသနာပြုဂိုဏ်းဝင်တစ်ဦးဖြစ်သည့် အားလျော်စွာ မိမိ၌ . ပီးမေအသင်းဂိုဏ်းတွင်လုပ်ဆောင်ရမည့် တာဝန်ဝတ္တရားများလည်း ရှိနေသေးသည်။ ထို့ကြောင့် မိမိ၏ ပြင်းပြလှသော ရည်ရွယ်ချတ်ကို ဘုရားသခင်၏ လက်တော်တွင်အပ်နှံထားကာ ဆုတောင်းလျက် အလိုတော်ကို စောင့်လျက်နေခဲ့သည်။၁၈၅၇ ခုနှစ်တွင် ဖာသာရ်ကားရီလို ဆာလေးရီယိုသည် သူ၏မိတ်ဆွေဖြစ်သော ဖာသာရ်ဂျွန်ရီဘိုးလ်ဒီနှင့်တွေ့ဆုံပြီး မိမိ၏ရည်ရွယ်ချက်ကို ပြောပြခဲ့သည်။ ဖာသာရ် ဂျွန်ရီဘိုးလ်ဒီသည် ဖာသာရ် ကားရ်လို ဆာလေးရီယို၏ အစီအစဉ်ကို အပြည့်အဝထောက်ခံပြီးလျင် သူ၏စိန့်မတ်စ် သာသနာအုပ်စုတွင်ကရုဏာရေးလုပ်ငန်းများကို စေတနာထက်သန်စွာ လုပ်ကိုင်လျက်ရှိနေသော အမျိုးသမီးတစ်စုအကြောင်းကို ပြောပြခဲ့သည်။၎င်းအဖွဲ့ကို ဦးဆောင်သူမှာကျောင်းဆရာမလေး ကယ်ရိုလင်းနာအော်ဆေးနီကို ဖြစ်သည်။ သူမသည် ငယ်ရွယ်စဉ် ကတည်းကပင် ကရုဏာရေးလုပ်ငန်းများအတွက် မိမိကိုယ်ကို ဆက်ကပ်အပ်နှံခဲ့သူဖြစ်ပြီး ဘုရားသခင်နှင့် မိမိ၏ နီးစပ်သူများအပေါ် ပြင်းပြသော ချစ်ခြင်းမေတ္တာထားရှိသည့် အမျိုးသမီးတစ်ဦးလည်း ဖြစ်သည်။ မြို့စား အညေးဇယ်ဆာလာဇာ (နောင်တွင်သူမသည် ဆပ်ဖြေခြင်းအသင်းဂိုဏ်း တည်ထောင်ပြီးနောက် သီလရှင်လောင်း များ၏ ပထမဦးဆုံး အုပ်ထိန်းသူဖြစ်လာသည်) သူသည် ကရုဏာရေးလုပ်ငန်းများကို စိတ်ဝင်စားပြီး ကာရိုလင်းနာ အော်ဆေးနီဂို တို့အဖွဲ့နှင့်လည်း ခင်မင်ရင်းနှီးသူတစ်ဦး ဖြစ်သည်။ သူမ၏ ဝိညာဉ်ရေးလမ်းညွှန်ပုဂ္ဂိုလ်မှာ ဖာသာရ် ဂျွန်ရီဘိုးလ်ဒီ ဖြစ်သည်။ ဖာသာရ် ဂျွန်ရီဘိုးလီဒီသည် ပြောင်းရွှေ့သွားသောအခါ ဝိညာဉ်ရေးလမ်းညွှန်ပုဂ္ဂိုလ် အသစ်ကို ရှာဖွေရပါတော့သည်။ ဤသို့ရှာဖွေရင်း တစ်နေ့တွင် သူမသည် မမျှော်လင့်ပဲနှင့် ဖာသာရ် ကားရ်လိုဆာလေးရီယိုထံတွင် အာပတ်ဖြေရန် အကြောင်းဖန်လာခဲ့သည်။ အာပတ်ဖြေပြီးသည့်နောက် ဖာသာရ်ကားရ်လို ဆာလေးရီယိုကို သူမ၏ဝိညာဉ်ရေး လမ်းညွှန်ပုဂ္ဂိုလ်အဖြစ် ရွေးချယ်လိုက်သည်။တစ်နေ့တွင် သူမသည် ဖာသာရ် ကားရ်လိုဆာလေးရီယိုအား ကာရိုလင်းနာ အော်ဆေးနီဂို တို့၏ အသင်းအဖွဲ့ အကြောင်းကို ရှင်းပြခဲ့သည်။ ဤသို့ရှင်းပြပြီးသည့်နောက်၎င်းအဖွဲ့တွင် ပါဝင်ရန် သင့်လျော်သည် မသင့်လျော်သည်ကို အကြံပေးပါရန် ဖာသာရ် ကားရ်လိုဆာလေးရီယိုအား တောင်းခံခဲ့သည်။ ဖာသာရ်ကားရ်လို ဆာလေးရီယိုသည် သူမအား တိကျသောအဖြေကိုပေးရန်ထက် ထိုအဖွဲ့နှင့် အဖွဲ့ဝင်တို့၏ လှုပ်ရှားမှုများ အကြောင်းကိုသာ စိတ်ဝင်စားစွာမေးမြန်းခဲ့သောကြောင့် သူမသည် ဝိညာဉ်ရေးလမ်းညွှန် ရဟန်းအပေါ် အံ့အားသင့်ပြီး စိတ်၌ရှုပ်ထွေးမှုလည်း ဖြစ်ပေါ်ခဲ့ရသည်။ သို့သော် ထိုရဟန်း၏ လျှို့ဝှက်ဆန်းကျယ်သော စကားများအရ သူ၌ပြင်းပြသော ရည်မှန်းချက်ရှိကြောင်းကို သူမသတိမူမိခဲ့သည်။ ဖာသာရ်ကားရ်လို ဆာလေးရီယို၏ အတွင်းစိတ်တွင် ဘုရားသခင်၏ အလိုတော်ကို သိမြင်ခြင်း ရှိနေသည်ဟု အညေးဇယ်ဆာလာဇာ ခံစားလိုက်ရသည်။ ထို့နောက် ဖာသာရ်ကားရ်လိုဆာလေးရီယိုသည် သူမကို ကာရိုလင်းနာအော်ဆေးနီဂိုအား သူ့ထံသို့ စေလွတ်ပေး ပါရန် ပြောလိုက်သည်။ဤသို့ဖြင့် ၁၈၅၈ ခုနှစ် ဇူလိုင်လတွင် ဖာသာရ်ကားရ်လိုဆာလေးရီယိုနှင့် ကာရှိလင်းနာအော်ဆေးနီဂို တို့နှစ်ဦး တွေ့ဆုံခဲ့ကြပြီး တစ်ဦးနှင့်တစ်ဦး တူညီသောရည်ရွယ်ချက်များ ရှိနေကြောင်းကို ချက်ချင်းပင် သိနားလည် လိုက်ကြသည်။ ဖာသာရ်ကားရ်လိုဆာလေးရီယို ဆိုသည်မှာ တို့တတွေ လက်ဝါးကားတိုင်ပုံတော်ကို မကြာခဏ မြင်တွေ့နေကြရသော်လည်း ၎င်းနှင့်ပတ်သက်၍ လေးလေးနက်နက်ထောက်ရှုစဉ်းစားရန် အချိန်မပေးတတ် ကြပေ။ ထိုလက်ဝါးကားတိုင်ပေါ်တွင် ရက်စက်စွာ အသတ်ခံရခြင်းဝေဒနာကို ကြီးစွာခံစားနေရသော ခရစ်တော်၏ ခန္ဓာတော်၊ သံလွင်ဥယျာဉ်ထဲတွင် ဆုတောင်းနေစဉ် ဝမ်းနည်းပူဆွေးမှု ပြင်းစွာခံစားရသည့် ခရစ်တော်၏ နာကျင်နေသော ရွှေနှလုံးတော်၊ ကမ္ဘာပေါ်တွင် ဖြစ်ပေါ်ခဲ့ပြီးသော၊ ဆက်လက်ဖြစ်ပေါ် နေအုံးမည်ဖြစ်သော ကောက်ကျစ်စဉ်းလဲမှု၊ အကြမ်းဖက်မှု၊ လူသတ်မှု စသည်တို့အတွက် မွန်းကြပ်နာကျင်လျက် ရှိနေသော ခရစ်တော်၏ ရွှေနှလုံးတော် စသည်တို့ကို ဖော်ပြနေပြီး ထိုလက်ဝါးကားတိုင်ပေါ်တွင် ခရစ်တော်သည် ဘုရားသခင်ထံ လူသားအားလုံး၏ အပြစ်များအတွက် မိမိကိုယ်ကို ယဇ်ကောင်အဖြစ် ဆပ်ဖြေပူဇော်ပေးခဲ့ပါသည်။ခရစ်တော်သခင်သည် သူ၏မိတ်ဆွေများအား “သင်တို့၏ နေရာသည် လက်ဝါးကားတိုင်၏ ခြေရင်း၌ရှိပြီး သခင့်ရှေ့မှောက်တော်ဝယ် လော်ဗန်အဖြစ် ရှိနေကြရမည် ဖြစ်သည်လော်ဗန်သဖွယ် သင်တို့သည်အပြစ်အညစ် အကြေးနှင့် ကောက်ကျစ်စဉ်းလဲမှုများ၏ အနံ့ဆိုးများကို ဖယ်ရှားပေးပြီး သင်တို့၏မွှေးကြိုင်သောရနံ့ဖြင့် ကမ္ဘာမြေကို မွှေးထုံစေရမည်ဖြစ်သည်”ဟုမိန့်တော်မူ၏။ ဤသို့ဖြင့် ဖခင်ကြီးသည် မိမိတည်ထောင်လိုသည့် အသင်းဂိုဏ်း၏ အနှစ်သာရကို ဖွင့်ဆိုခဲ့လေသည်။ဖာသာရ်ကားရ်လိုဆာလေးရီယိုသည် ကာရိုလင်းနာအော်ဆေးနီဂိုနှင့် အဖော်သုံးဦးဖြစ်သည့် မေရီအန်းဂျေလာ အာရ်နာဘိုးလ်ဒီ၊ ရောဇာမော်ရ်လားခီနှင့် တရေးဇာဂတ်တီ တို့အားသူတော်စင်ဘဝ၏ နက်နဲမှုများ၊ အခက်အခဲများ၊ ကျင့်ဆောင်ရမည့်ပါရမီများကို လေးနက်စွာသိရှိစေပြီး တန်ဖိုးထားတတ်ရန် ပြင်ဆင်ပေးခဲ့သည်။ ကာရိုလင်းနာအော်ဆေးနီဂိုနှင့်အဖွဲ့သည် သူတို့၏အလုပ်ကရုဏာရေးလုပ်ငန်းများကို ဆက်လက်ဆောင်ရွက်ရင်း မိမိတို့၏ ခေါ်တော်မူခြင်းအတွက် ဖာသာရ်ကားရ်လိုဆာလေးရီယို၏ လမ်းညွှန်မှု အောက်တွင်ပြင်ဆင်ခဲ့ကြသည်။ ဤသို့ပြင်ဆင်နေခဲ့သော အချိန်ကာလများသည် ဆပ်ဖြေခြင်းအသင်းဂိုဏ်းတည်ထောင်ရန်အတွက်အရုဏ်ဦးအချိန် ကာလများပင်ဖြစ်ပါတော့သည်။
ဆပ်ဖြေခြင်းအသင်းဂိုဏ်၏ မွေးနေ့တော်
၁၈၅၉ ခုနှစ် အောက်တိုဘာလ (၂)ရက်နေ့ ကိုယ်စောင့်သိကြားများပွဲနေ့တွင် ဖခင်ကြီး ဖာသာရ်ကားရ်လိုဆာလေးရီယိုသည် မိမိတည်ထောင်လိုသည့် အသင်းဂိုဏ်းအတွက် အိမ်သန့်ရှင်းရေးများပြုလုပ်ခြင်းပြုပြင်မွမ်းမံ ခြင်းများ ပြုလုပ်ခြင်းတို့တွင် ကိုယ်တိုင်ပင် တတတ်တအားတက်ကြွစွာ မိမိ၏သမီးများ နေထိုင်မည့်အိမ်ကို ပြင်ဆင်ပေးခဲ့လေသည်။ အသင်းဂိုဏ်းမွေးဖွားသည့် ဤနေ့ရက်၌ သန့်ရှင်းရေးအတွက် ပင်ပန်းကြီးစွာနှင့် မြောက်များလှစွာသော အလုပ်များလုပ်ဆောင်ရခြင်းသည် ကိုယ်ကျင့်တရား ယိုင်လဲနေသော မိန်းကလေးများကို ပြုပြင်ထိန်းသိမ်းပေးလိုသည့် အသင်းဂိုဏ်းရည်ရွယ်ချက်၏ အမှတ်လက္ခဏာပင် ဖြစ်နေလေတော့သည်။ ပြုပြင်ဆောင်ရွက်ရာများ အားလုံးပြီးဆုံးသွားသောအခါ ဖခင်ကြီးသည် အိမ်ကိုကောင်းချီးပေးပြီး ထိုအိမ်ကိုလည်း နာဇရက်အိမ်”ဟုခေါ်တွင်စေခဲ့သည်။ ကြီးမားလှသောနက်နဲဖွယ်ရာ ကယ်တင်ခြင်း အမှုတော်ကို လျှို့ဝှက်စွာ အစပြုခဲ့သည့် နာဇရက်ရှိ သန့်ရှင်းသော၊ နှိမ့်ချသော အိမ်ထောင်စုကို ပုံတုယူစေလိုခြင်းကြောင့်ပင် ဖြစ်ပါသည်။၎င်းနေ့ရက်တွင် နာဇရက်အိမ်ကလေး၌ ယေဇူးရွှေနှလုံးတော်နှင့် မယ်တော်၏သန့်ရှင်းဖြူစင်သော နှလုံးတော်အား အပ်နှံပူဇော်ပြီး မာသာရ် ကယ်ရိုလင်းနာအော်ဆေးနီဂိုနှင့် အဖော်သုံးဦးဖြစ်သည့် မေရီအန်းဂျေလာ အာရ်နာဘိုးလ်ဒီ၊ ရောဇာမော်ရ်လားမီနှင့် တရေးဇာဂတ်တီ တို့သည် ဝမ်းနည်းကြေကွဲခြင်း၏ မယ်တော်ပုံရှေ့တွင် ဒူးထောက်လျက် ကိုယ်တော်မြတ်စက္ကရမင်မင်္ဂလာ၌ ကိန်းဝပ်တော်မူသော ယေဇူးသခင်၏နှလုံးတော်ကို ဝတ်ပြုကိုးကွယ်ရန်နှင့် လူသားအားလုံး၏ ကယ်တင်ခြင်း၌ ပူးပေါင်းဆောင်ရွက်ရန်တို့ကို ရည်ရွယ်၍ ဆပ်ဖြေခြင်း အမှုတော်ကို ဆောင်ရွက်ရန် ဖာသာရ်ကားရ်လိုဆာလေးရီယို၏ လက်တော်မှ မွေးဖွားသန့်စင်ပေးလိုက်သည်။ သစ္စာသုံးပါးကို ခံယူကာ ဆပ်ဖြေခြင်းသီလရှင်အသင်းဂိုဏ်းကိုအသင်းဂိုဏ်းကို တည်ထောင်ခဲ့သော အချိန်အခါသည် နိုင်ငံရေးအခြေအနေရှုပ်ထွေးနေသော ကာလများဖြစ်သောကြောင့် ကြည်ညိုထိုက်သူ ဖခင်ကြီးသည် ဆင်ခြင်မျှော်တွေး၍ မိမိ၏သီလရှင်များအား “ဘုရားတရားကြည်ညို ကိုင်းရှိုင်းသော အမျိုးသမီးများ” "The Pious Ladies of Repratlon" ဟူ၍ ခေါ်ဆိုရန် ဆုံးဖြတ်ခဲ့သည်။မာသာရ် ကယ်ရိုလင်းနာ အော်ဆေးနီဂိုနှင့် အဖော်များတို့သည် စာပေသင်ကြားပေးခြင်း၊ ဆေးရုံများသို့အလည်အပတ်သွားရောက်၍ လူနာများကိုကြည့်ရှုခြင်း၊ အထူးသဖြင့် စာရိတ္တယိမ်းယိုင်နေသော မိန်းကလေးများကိုဘော်ဒါလက်ခံထားပေးခြင်း၊ လေလွင့်နေသော မိန်းကလေးများကို ဘဝပြန်လည်ပြုစုပျိုးထောင်ပေးခြင်းများ စသည့်လုပ်ငန်းတို့ဖြင့် မိမိတို့၏ အသက်တာကို အထူးပင် ကြေနပ်အားရဝမ်းမြောက်စွာဖြင့် ဆက်ကပ်စွန့်လှူ ကြလေသည်။ မကြာမီ အချိန်အတွင်း၌ပင် မိခင်ကြီးတို့၏ အနစ်နာခံ၊ မေတ္တာစေတနာလုပ်ငန်းကို လူအများ အသိအမှတ်ပြုလာကြပြီး များပြားသောအမျိုးသမီးလေးများကို မိခင်ကြီးတို့၏ အရိပ်အာဝါသအောက်သို့ ခိုလှုံစေခဲ့ကြသည်။ မိခင်ကြီး မသာရ်ကယ်ရှိလင်းနာအော်ဆေးနီဂိုသည် အထူးသဖြင့် စာရိတ္တပျက်ပြား၍ ဘဝပျက်စီးနေသော မိန်းကလေးများကို စုစည်းပြီး မိမိ၏မိခင်သဖွယ် နွေးထွေးသောမေတ္တာရိပ်အောက်တွင် ခိုလှုံခွင့်ပေးခဲ့သည်။
ရည်ရွယ်ချက်တူ အသင်းဂိုဏ်းတစ်ခုနှင့် ပေါင်းစည်းခြင်း၁၈၁၅ ခုနှစ်၊ ဖေဖော်ဝါရီလ (၇) ရက်နေ့တွင် အီတလီနိုင်ငံ၊ ဗင်းနစ်မြို့ ၌ မူးမတ်မျိုးနွယ်ဝင်ဖြစ်သည့်ဂျိုးဇက်ပေမားရိုးဗစ်ချ် နှင့် မာရိယာမားရိုးဗစ်ချီ တို့မှ မိမိတို့၏ တစ်ဦးတည်းသောသမီးဖြစ်သည့် အဲန်မေရီ မားရိုးဗစ်ချ်ကို ဖွားမြင်ခဲ့ပါသည်။မြင့်မြတ်သောအမျိုးအနွယ်မှ ဆင်းသက်လာသောသူမသည် ချမ်းသာကြွယ်ဝပြီး ဘုရားတရားကြည်ညိုကိုင်းရှိုင်းသူဖြစ်သည်။ ငယ်စဉ်ကလေးဘဝကပင် အရွယ်နှင့်မလိုက်အောင် အသိပညာ ရင့်သန်သူ ဖြစ်ခဲ့သည်။ ဂီတ၊ ကဗျာ၊ ပန်းချီအနုပညာရပ်များတွင် ထူးချွန်သူလည်းဖြစ်သည်။ ဘာသာတရား နှင့်ပတ်သက်၍ ပါရမီရင့်သန်စေမည့် စာအုပ်များကို ရေးသားထုတ်ဝေခဲ့သည်။ ထိုစာအုပ်များထဲမှ ဆပ်ဖြေခြင်းဆိုင်ရာ စာအုပ်သည် ဖာသာရ်ကားရ်လိုဆာလေးရီယို ကိုယ်တိုင် ငယ်စဉ်ကဖတ်ရှုခဲ့ရပြီး များစွာ ဆွဲဆောင်မှုရှိခဲ့သည့် စာအုပ်တစ်အုပ် ဖြစ်ခဲ့သည်။ သူမ၏ ဆရာဖြစ်သူ မွန်ဆီညော် ဒါနီအဲလ်ကနားလ်သည် လောကီပညာရပ်များအပြင် လောကုတ္တရာရေး၌လည်း လမ်းညွှန်မှုပေးခဲ့သည်။ သူမသည် ကရုဏာရေး လုပ်ငန်းများတွင် စိတ်အားထက်သန်စွာ ဆောင်ရွက်လေ့ရှိသည်။ အထူးသဖြင့် ကိုယ်ကျင့်သိက္ခာ ပျက်စီးနေသော အမျိုးသမီးများနှင့် ထောင်မှထွက်လာသော အမျိုးသမီးများအား ကူညီစောင့်ရှောက်ပေးသည်။ဤသို့ဖြင့် ၁၈၆၄ ခုနှစ်၊ နိုဝင်ဘာလ (၂၁) ရက်နေ့တွင် အဲန်သည် မိမိနှင့် ဝါသနာတူသည့် အဖော် (၈) ယောက်နှင့်အတူ သူမ၏ ဆရာဖြစ်သူ ဝိညာဉ်လမ်းညွှန် ဘုန်းတော်ကြီး မွန်ဆီညော် ဒါနီအဲလ်ကနားလ် လက်တော်မှ သစ္စာသုံးပါးကို ခံယူခဲ့ပြီး ဘုရားသခင်အား ထိခိုက်ဆန့်ကျင်သော အပြစ်များအတွက်ဆပ်ဖြေရန် ဗင်းနစ်မြို့၌ "Atoners of the Most Sacred Heart of Jesus" အလွန်သန့်ရှင်းစင်ကြယ်တော်မူသော သခင်ယေဇူးရွှေနှလုံးတော်၏ဆပ်ဖြေသူ” အသင်းဂိုဏ်းကို တည်ထောင်လိုက်ပါသည်။ ထို့နောက် သူမ၏ အသင်းဂိုဏ်းအတွက် ကိုယ်တိုင်ပင် ဥပဒေများကိုရေးဆွဲခဲ့သည်။ သူမနေထိုင်ရာကျောင်းကို သန့်ရှင်းသော အိမ်ထောင်စု) (Holy Family) ဟုအမည်တွင်စေခဲ့သည်။မိမိ၏ အသင်းဂိုဏ်းရည်ရွယ်ချက်များအတိုင်း အကောင်အထည်ဖေါ် လုပ်ဆောင်နေစဉ်မှာပင် မာသာရ်အဲန်မေရီမားရိုးဗစ်ချ် သည် မီလန်ရှိ ဆပ်ဖြေခြင်းအသင်းဂိုဏ်းအကြောင်းကိုလည်း ကြားသိနှင့်ပြီး ဖြစ်သောကြောင့် ထိုအသင်းဂိုဏ်း တည်ထောင်သူနှင့်တကွ တည်ရှိရာ နာဇရက်အိမ်သို့ သွားရောက်လေ့လာ လိုသည်။ ထိုနည်းတူပင် မာသာရ်ကားရ်လိုဆာလေးရီယိုသည်လည်း ဗင်းနစ်ရှိ အသင်းဂိုဏ်းအကြောင်းကို ကြားသိရပြီးဖြစ်၍ သွားရောက်လေ့လာကာ မာသာရ် အဲန်မေရီမာရိုးဗစ်ချ်နှင့်လည်း တွေ့ဆုံစကားပြောရန် ဆန္ဒရှိခဲ့သည်။ထို့ကြောင့် ၁၈၆၄ ခုနှစ် အောက်တိုဘာလတွင် အသင်းဂိုဏ်းနှစ်ခုကို တည်ထောင်ခဲ့ကြသူများ တွေ့ဆုံကြ၍ ဆွေးနွေးခြင်းများ ပြုလုပ်နိုင်ခဲ့ကြသည်။ ဤသို့ဆွေးနွေးရာတွင် အသင်းဂိုဏ်းနှစ်ခု၏ အဓိက ရည်ရွယ်ချက်နှင့် သဘောထားတို့မှာ အပြစ်အတွက်ဆပ်ဖြေခြင်းပင် ဖြစ်နေသောကြောင့် ထိုဆပ်ဖြေခြင်းပန်းတိုင် သို့ အတူအကွ သွားကြမည်ဟု ခံယူခဲ့ကြသည်။ တူညီသော ရည်ရွယ်ချက်ကြောင့် အမှုတော်ကိုနေရာအနှံ ကျယ်ပြန့်စွာ အတူတကွ ပူးပေါင်းဆောင်ရွက်နိုင်ရန် ဖာသာရ်ကားရ်လိုစလေးရီယိုသည် ဆုတောင်းလျက် ကြိုးပမ်းနေလေတော့သည်။ မာသာရီ အဲန်မေရီမားရိုးဗစ်ချ် နှင့် မွန်ဆီညော်ဒါနီအဲလ်ကနားလ်တို့ထံသို့ စာရေးဆက်သွယ်ပြီး ဆပ်ဖြေခြင်းအမှုတော်ကို အတူလက်တွဲဆောင်ရွက်သွားရန် အကြံပေးစာများရေးခဲ့သည်။ နောက်ပိုင်းတွင် နှစ်ဘက်သော အသင်းဂိုဏ်းမှ သီလရှင်ကိုယ်စားလှယ်များသည် အချင်းချင်း ပိုမိုသိရှိနားလည် လာနိုင်ကြစေရန် ရည်ရွယ်လျက် အပြန်အလှန် သွားရောက်လည်ပတ် လေ့လာခဲ့ကြသည်။ ၁၈၆၈ ခုနှစ် အစပိုင်းတွင် ဖာသာရ်အဲန်မေရီ သည် မာသာရ် ကယ်ရှိလင်းနာအော်ဆေးနီဂိုနှင့် တွေ့ဆုံပြီး သူမကို ၎င်း၏ အသင်းဂိုဏ်းမှသမီးတစ်ဦးအဖြစ် လက်ခံပေးပါရန် နှိမ့်ချစွာတောင်းဆိုခဲ့သည်။ ၁၈၆ဝခုနှစ် အောက်တိုဘာလတွင် မာသာရ် အဲန်မေရီမားရိုးဗစ်ချ်သည် သူမ၏သီလရှင်များသည် မီလန်ရဲ့ Sisters of Reparation အသင်းဂိုဏ်းသို့ ဝင်ရောက်လာခဲ့ကြသည်။ ဤသို့ဖြင့်ရည်ရွယ်ချက်တူညီသော အသင်းဂိုဏ်းနှစ်ခုသည် တစ်ခုတည်းသာ ဆပ်ဖြေခြင်းအသင်းဂိုဏ်းအဖြစ်ပေါင်းစည်းကာ ဆပ်ဖြေခြင်းအမှုတော်ကို အတူတကွ လက်တွဲဆောင်ရွက်ကြပါ တော့သည်။
မြန်မာနိုင်ငံသို့အသင်းဂိုဏ်းရောက်ရှိလာခြင်း
ဆပ်ဖြေခြင်းအသင်းဂိုဏ်းကို တည်ထောင်ခဲ့သော ဖာသာရ်ကားရ်လို ဆာလေးရီယိုသည် ပီးမေသာသနာပြုအသင်းဂိုဏ်းဝင်တစ်ဦးဖြစ်သည်နှင့်အညီ သာသနာပြုစိတ်ဓာတ်ပြင်းထန်သူတစ်ဦးဖြစ်ခဲ့သည်။ မိမိ၏သမီးများ ဖြစ်သော ဆပ်ဖြေသူများကိုသာသနာပြုနိုင်ငံများသို့ ခေါ်ဆောင်သွားပြီး သာသနာပြုစေလိုခဲ့သည်။ သို့ရာတွင် ဖခင်ကြီး၏ဆန္ဒမှာ မပြည့်ဝခဲ့ပေ။ ဖခင်ကြီးပျံလွန်တော်မူပြီး(၂၅)နှစ်ပြည့်ချိန် ၁၈၉၅ခုနှစ် အီတလီမှ ဆပ်ဖြေခြင်းသီလရှင် (၆)ပါးတို့ မြန်မာနိုင်ငံသို့ ရောက်ရှိလာချိန်မှသာလျှင် ဖခင်ကြီး၏မပြည့်ဝခဲ့သော ဆန္ဒကို အကောင်အထည် ဖေါ်နိုင်ခဲ့ကြသည်။အီတလီနိုင်ငံမှ(P.I.M.E)ဘုန်းတော်ကြီးများသည် မြန်မာနိုင်ငံသို့ ၁၈၆၈ခုနှစ်တွင် ရောက်ရှိခဲ့ပါသည်။ ၎င်းဘုန်းတော်ကြီးများသည် တောင်ငူနယ်တဝိုက်တွင် သာသနာပြုလုပ်ငန်းကို တာဝန်ယူဆောင်ရွက်ပြီး မြန်မာနိုင်ငံ အရှေ့ပိုင်းတစ်ခုလုံးသို့ ဧဝံဂေလိတရားတော်ကို ပြန့်နှံစေခဲ့သည်။ မွန်ဆီညော်ရော်ကိုတိုနာတိုးရယ် (Msgr. Rocco Tornatore) သည် တောင်ငူသာသနာ၏ ဆရာတော်အဖြစ် ရွေးချယ်ခံရပြီးသည့်နောက် သာသနာပြု လုပ်ငန်းတွင် သီလရှင်များနှင့် ပူပေါင်းဆောင်ရွက်ရန် အထူးလိုအပ်သည်ကို ကြိုတင်သိမြင်ခဲ့သည်။ ထို့ကြောင့် အီတလီနိုင်ငံမှ ဆပ်ဖြေခြင်းသီလရှင်ဂိုဏ်းချုပ်ကြီး Mother Mary Angela Arnaboldi ထံသို့ ပင်ပန်းဆင်းရဲ ခက်ခဲသော သာသ နာပြုလုပ်ငန်းများအတွက် ကျန်းမာပြီး ဇွဲသတ္တိရှိသော၊ ကိုယ်ကျိုးစွန့် အနစ်နာခံလိုစိတ်ရှိသော သီလရှင်များကို စေလွတ်ပေးပါရန် မေတ္တာရပ်ခံစာရေးသားတောင်းဆို ခဲ့ပါသည်။ ဆုတောင်းမေတ္တာဖြင့် ပြည့်ဝသောညှိနှိုင်းဆွေးနွေးမှုပြုပြီးသည့်နောက် ၁၈၉၅ ခုနှစ်တွင် ငယ်ရွယ်ပြီးသာသနာပြုလုပ်ငန်းအတွက် စိတ်အားထက်သန်သော သီလရှင်ခြောက်ပါးကို ရွေးချယ်လိုက်ပါသည်။ ၎င်းသီလရှင် များမှာ - 1. Mother Armalia Nazari 2. Mother Carlotta Nazari 3. Mother Arcangela Santinai 4. Mother Monica Carzzaniga 5. Mother Louisa Gussage 6. Mother Giacomelli တို့ဖြစ်ကြပါသည်။ထိုသီလရှင်ခြောက်ပါးတို့သည် ပီးမေဘုန်းတော်ကြီး Fr.Paolo Manna ၏ ဦးဆောင်မှုဖြင့် အီတလီမှ မြန်မာနိုင်ငံသို့ သင်္ဘောဖြင့် ထွက်ခွာလာခဲ့ကြသည်။ လှိုင်းလေထန်ပြီး ကြမ်းတမ်းသည့် ပင်လယ်ရေကြောင်းခရီးကို (၂)လကြာအောင် ဖြတ်သန်းလာခဲ့ကြပြီးနောက် ၁၈၉၅ ခုနှစ်၊ အောက်တိုဘာလ ၂၇ ရက်နေ့တွင် မြန်မာနိုင်ငံ၏မြို့တော် ရန်ကုန်မြို့သို့ ရောက်ရှိလာခဲ့ကြသည်။ ထိုမှတဖန် တောင်ငူမြို့သို့ မီးရထားဖြင့် ရောက်ရှိခဲ့ကြသည်။
သာသနာပြုလုပ်ငန်းများနှင့် တမန်တော်လုပ်ငန်းများဆောင်ရွက်ခြင်း
သာသနာပြုသီလရှင်များသည် မြန်မာနိုင်ငံသို့ ရောက်ရှိလာကြသည်နှင့်တပြိုင်နက် နှောင့်နှေးမှုမရှိပဲ ကလေးသူငယ်များနှင့် လူငယ်များအတွက် ပညာရေးလုပ်ငန်းကို စတင်တော့သည်။ ဘော်ဒါကျောင်းများမိဘမဲ့ ဂေဟာများကို ဖွင့်လှစ်ခဲ့ကြသည်။အသင်းဂိုဏ်း၏ ကျောင်းသည်တောင်ငူမြို့တွင်သာမကကျောင်းခွဲကို ကရင်ပြည်နယ်၊လိပ်သိုကျောင်းကုန်း၌ St.Francis Xaviers Covent. ဟူ၍ ၁၈၉၉ ခုနှစ် အောက်တိုဘာလ (၂၀)ရက် နေ့တွင် ဖွင့်လှစ်နိုင်ခဲ့သည်။ ကိုယ်တော်မြတ်စက္ကရမင်မင်္ဂလာအား ကြည်ညိုဖူးမျှော်လျက် ဆုတောင်းမေတ္တာများနှင့်အတူ ကရုဏာရေး လုပ်ငန်းများကို ကြိုးစားလုပ်ကိုင်ရင်း ဘုရားသခင်၏ ကျေးဇူးတော်ကြောင့် ၁၉၂၂ ခုနှစ်တွင် ဒေသခံတိုင်းရင်းသူလေးများ၏ ခေါ်တော်မူခြင်းအတွက် သီလရှင်လောင်းကျောင်း (Novitiate) ကို တောင်ငူမြို့တွင် ဖွင့်နိုင်ခဲ့သည်။ ၁၉၂၉ ခုနှစ်တွင် စိန့်ဂျိုးဇက်မူလတန်းအဆင့် ဆရာဖြစ်သင်ကျောင်းကိုလည်း ဖွင့်နိုင်ခဲ့ပြီး မြန်မာပြည်အရပ်ရပ်မှ မိန်းကလေးများ တက်ရောက်သင်ယူခဲ့ကြသည်။ ထိုဆရာဖြစ်သင်တန်းကျောင်းဆင်း မိန်းကလေးအချို့သည် သန့်ရှင်းသောခေါ်တော်မူခြင်း ကျေးဇူးတော်ကိုရရှိပြီး သူတော်စင်ဘောင်သို့ ဝင်ရောက် လာသူများ ရှိသကဲ့သို့ သာသနာတော်လုပ်ငန်းတွင် အကူအညီပေးသူများလည်း ရှိသည်။ ဆရာတော်ကြီးများ၏ တောင်းဆိုချက်များအရ ရှမ်းပြည်တောင်ပိုင်းနှင့် မြောက်ပိုင်း၊ ကရင်ပြည်နယ်နှင့်ကယားပြည်နယ်တို့တွင် သာသနာပြုသီလရှင်များသည် ပင်ပန်းဆင်းရဲခြင်းများနှင့် ဒုက္ခများကြားမှ ဒေသခံတိုင်းရင်းသားများ၏ ဝိညာဉ်ရေးအပြင် လူမှုရေးပညာရေး၊ ကျန်းမာရေးဖွံ့ဖြိုးတိုးတက်လာစေရန် ကြိုးစားလုပ်ဆောင်ပေးရင်း သီလရှင်ကျောင်းများစွာကို ဖွင့်လှစ်ပေးနိုင်ခဲ့သည်။ ဘုရားသခင်၏ကျေးဇူးတော်ကြောင့် ပညာရေးဆိုင်ရာလုပ်ငန်း များနှင့် တမန်တော်လုပ်ငန်းလှုပ် ရှားမှုများကို အောင်မြင်စွာ မျိုးစေ့ပျိုးကြဲနိုင်ခဲ့ကြသည်။ဤကဲ့သို့ သာသနာလယ်ကွင်း စိုပြေလန်းဆန်းချိန်တွင် ဒုတိယကမ္ဘာစစ်၏ ကြောက်မက်ဖွယ် ကံကြမ္မာဆိုး ဝင်ရောက်လာမှုကြောင့် သီလရှင်ကျောင်းများနှင့် စာသင်ကျောင်းများအချို့ ပျက်စီးခဲ့ရသည်။ သီလရှင်များ၊ သီလရှင်လောင်းများနှင့်အတူ မိဘမဲ့ကလေးများသည် စစ်ဘေးဒဏ် လွတ်မြောက်ရန်အတွက် တောင်ပေါ် ဒေသများသို့ တိမ်းရှောင်ခိုလုံခဲ့ကြရသည်။ မြောက်များစွာသော ကြမ်းတမ်းခက်ခဲမှုများနှင့် ဒုက္ခများကြုံတွေ့ ခဲ့ရသည့်အပြင် သာသနာပြုသီလရှင်များမှာ ငှက်ဖျားရောဂါ၏ သားကောင်များအဖြစ် ဘဝကိုစတေးခဲ့ရလေသည်။
ဤကဲ့သို့သော အခြေအနေတွင် မြန်မာနိုင်ငံရှိ ဆပ်ဖြေခြင်းသီလရှင်များကို ဦးဆောင်လမ်းညွှန်မှု ပေးမည့် Major Superior တစ်ဦး အရေးတကြီးလိုအပ်ခဲ့သည်။ ထို့ကြောင့် ဆရာတော် A. Lifranconi သည် သာသနာပြု ဒေသများ၌ ဆရာတော်များ၏ ပေးပိုင်ခွင့်အထူးအာဏာကို အသုံးပြု၍ ၁၉၄၄ ခုနှစ် ဇွန်လ(၁၆)ရက်နေ့တွင် သာသနာပြုသီလရှင်တစ်ပါး ဖြစ်သည့် Mother Ester Viscardl ကို မြန်မာနိုင်ငံအတွက် ဆပ်ဖြေခြင်း အသင်းဂိုဏ်း ၏ ဂိုဏ်းအုပ်အကြီးအကဲ Regoinal Superior အဖြစ်ခန့်အပ်ခဲ့သည်။ ဤသို့ဖြင့် Mother Ester ၏လမ်းညွှန်မှုအောက်တွင် ဆပ်ဖြေခြင်းအသင်းဂိုဏ်း၏ တမန်တော်လုပ်ငန်း အသီးအပွင့်များ ဆက်လက်၍ ရှင်သန်ဝေဆာလျက် ရှိနေခဲ့သည်။
ဒက်ဇူးမယ်(ISR)