ဆပ်ဖြေသူတို့၏ခေါ်တော်မူခြင်း (Holy Vocation of the Sisters of Reparation)
ဆပ်ဖြေခြင်းသီလရှင်တစ်ပါးသည် သခင်ခရစ်တော်၏နောက်တော်သို့လိုက်ရန် ဖြစ်သည်။ အသစ်ဖြစ်သော၊ ထူးခြားသောဂုဏ်ပုဒ်ဖြင့် အသုံးတော်ခံရန်နှင့် ဘုရားသခင်၏ဂုဏ်တော်အတွက် အထူးခေါ်တော်မူခြင်းခံရသူ လျာထားခြင်းခံရပြီး ဖြစ်သည့်အားလျော်စွာ မိမိကိုယ်ကို အလွန်ချစ်မြတ်နိုးဖွယ်ရာဖြစ်သော ဘုရားရှင်ထံ အကြွင်းမဲ့ဆက်ကပ်အပ်နှံထားသည်။ (The Directory, Milan, Generalate, 1986. art. 2.1 များပြားလှစွာသော ကညာစင်များအထဲမှ ဘုရားသခင်သည် မိမိအား သူတော်စင်အဖြစ်ခေါ်တော်မူခဲ့သည် သာမက တဖန် များပြားလှသည့် သူတော်စင်များထဲမှ ဆပ်ဖြေသူတစ်ဦးအနေဖြင့် ခေါ်တော်မူသောကျေးဇူးတော်သည် ကြီးမားလှသည်ဖြစ်၍ ဘုရားသခင်အား အတိုင်းထက်အလွန်ပင် ကျေးဇူးတင်အပ်ပေသည်။ ဆပ်ဖြေသူတို့၏ ဖခင်ကြီးဖြစ်သော ဖာသာရ်ချားလ်စ် ဆာလေးရီယိုသည် မိမိ၏သမီးများအား 'ခင်ပွန်းတကာများထဲမှသင်တို့ကို တထူးတခြား ရွေးကောက်တော်မူခဲ့သော ဘုရားသခင်သည် သင်တို့အား သိုးငယ်တော်၏ ခင်ပွန်းများ ဖြစ်စေခဲ့သည်။ သင်တို့၏ ခေါ်တော်မူခြင်းသည် သင်တို့ကို မြင့်မြတ်သော သိုးသူငယ်တော်နှင့် ပေါင်းစပ်စေသည် သာမက ဘုရားသခင်၏ ဆပ်ဖြေခြင်းအမှုတော်မြတ်၌ ကမ္ဘာလူသားတို့၏ အပြစ်များကို ချွတ်တော်မူလျက် ဝိညာဉ်များကို ကောင်းကင်ဘုသို့ပို့ဆောင်ပေးရန်၊ ဘုရားသခင်၏ ဘုန်းဂုဏ်တော်အတွက် သားတော်နှင့်ပေါင်းစပ်လျက် ဆက်ကပ်နိုင်ရန် ထာဝရကပင် သင်တို့အား ချစ်ခြင်း၏ယဇ်ကောင်အဖြစ် ရွေးကောက်တော်မူခဲ့သည်။ ခရူးစူးတံကျင်တိုင်တော်ထက်မှ အုပ်စိုးတော်မူပြီး ဒုက္ခဆင်းရဲခြင်းနှင့် ရိုင်းပြစော်ကားခြင်းများ အလယ်တွင် မိမိ၏နိုင်ငံတော်ကို တည်ထောင်တော်မူခဲ့သော ခရစ်တော်သည် မိမိနှင့်အတူ ယဇ်ကောင်အဖြစ် တည်ရှိနေရန်၊ မိမိနှင့်အတူ အသက်ကိုစွန့်လှူပူဇော်ရန်၊ မိမိသောက်သောခွက်ဇလားတော်ကို သောက်ဖို့ရန် ဆပ်ဖြေသူများအား အလိုရှိတော်မူသည်။ သင်တို့အား ကညာစင်နှင့် ဓမ္မအာဇာနည် ဘောင်းသရဖူတို့ကို အပ်နှင်းလို၍ `ကားတိုင်တော်ခြေရင်းမှ ခင်ပွန်းတော်များအဖြစ် ရွေးကောက်တော်မူခဲ့ခြင်း ဖြစ်သည်။' ဟုမိန့်ဆိုခဲ့ပါသည်။
ထို့ကြောင့် ဆပ်ဖြေသူများသည် အသင်းတော်၌ မိမိတို့၏ဘ၀ကို သန့်ရှင်းစင်ကြယ်တော်မူသောယေဇူးသခင်၏ ရွှေနှလုံးတော်နှင့် မယ်တော်မာရီးယာ၏နှလုံးတော်ထံအပ်နှံပြီး မိမိတို့ကိုယ်ကို ဆပ်ဖြေခြင်း၏ယဇ်ကောင်သဖွယ် ဆက်ကပ်ပူဇော်ထားကြသူများဖြစ်ပါသည်။ မြင့်မြတ်သည့် ယဇ်ကောင်ဖြစ်သော ခရစ်တော်သခင်၏ ကယ်တင်ခြင်း အမှုတော်မြတ်နှင့် ပေါင်းစပ်လျက် ဝိညာဉ်များ ကယ်တင်ရေးလုပ်ငန်းများတွင် အဝကို ပေးဆက်လျက် ရှိနေကြပါသည်။ ဆပ်ဖြေခြင်း အမှုတော်မြတ်သည် လွန်စွာနက်နဲလှသည့်အပြင် ဆပ်ဖြေသူအဖြစ် ခေါ်တော်မူခြင်း ခံရသော အသက်တာနှင့် ဆပ်ဖြေခြင်း၏ စိတ်ဓါတ်သည်လည်း ဆန်းကျယ်လှပါသည်။
ဆပ်ဖြေသူတို့၏သက်တာ
ဆပ်ဖြေခြင်းသမီးများ ၎င်းတို့၏ ဖခင်ကြီးနှင့်မိခင်ကြီးတို့ထံမှရရှိခဲ့သော ဝိညာဉ်ရေးအမွေအနှစ်များမှာ ဆပ်ဖြေခြင်းနှင့် ကိုယ်တော်မြတ်စက္ကရာမင်းမင်္ဂလာအား ရှစ်ခိုးကိုးကွယ်ခြင်းအမှုတို့ပင်ဖြစ်သည်။ ထိုဆပ်ဖြေခြင်းနှင့် ကိုယ်တော်မြတ် စက္ကရမင်းမင်္ဂလာအား ရှစ်မိုးကိုးကွယ်ခြင်းအမှုတို့သည်ဆက်နွယ်လျက်ရှိပြီး ၎င်းတို့၏ဆက်နွယ်မှုသည် ချစ်ခြင်းမေတ္တာ၌ တည်နေ၏။ အဘယ်ကြောင့်ဆိုသော် ဆပ်ဖြေခြင်းအမှုသည် ဘုရားသခင်၏ချစ်ခြင်းအား ဆန့်ကျင်သော အပြစ်များအတွက် ပြန်လည်ပေးဆပ်ခြင်းဖြစ်ပြီး ဘုရားသခင်၏ချစ်ခြင်းသည် ကိုယ်တော်မြတ်စက္ကရာမင်းမင်္ဂလာပင် ဖြစ်သောကြောင့်တည်း။ ကိုယ်တော်မြတ် စက္ကရာမင်းမင်္ဂလာ၌ ကျွန်ုပ်တို့သည် ထင်ရှားသောသွင်ပြင်ဖြစ်သည့် ခရစ်တော်သခင်၏ ဒုက္ခစရိယာခံခြင်းနှင့် ယဇ်ပူဇော်ခြင်းအသက်တာအားဖြင့် ခရစ်တော်၏စွန့်လွတ်သည့်ချစ်ခြင်းကို ကျင်းပကြသည်။ 'ကိုယ်တော်မြတ် စားပွဲတော်ကို ကျင်းပသည့်အခါတိုင်း လူသားတို့၏ အပြစ်များအတွက် ဆပ်ဖြေခြင်းအမှုကိုပြုခဲ့သော ခရစ်တော်သခင်၏ ဒုက္ခစရိယာနှင့် အတူပေါင်းစပ်လျက် မိမိတို့ကိုယ်ကို ယဇ်ကောင်သဖွယ်ဆက်ကပ်ပူဇော်ကြသည်။ဤသို့ဖြင့် ဆပ်ဖြေခြင်းအမှုသည် ယင်း၏ အဓိကဖော်ပြချက်၊ ယင်း၏အဟာရ၊ ယင်း၏ ဆက်လက်လုပ်ဆောင်ချက်နှင့် ယင်း၏အနှစ်သာရကို မရပ်မစဲသော ကိုယ်တော်မြတ်ဖူးမျှော်ခြင်း၌ တွေ့မြင်နိုင်သည်။ လူစင်စစ်နှင့် ဘုရားစင်စစ်လည်း ဖြစ်တော်မူသောခရစ်တော်သည် ကိုယ်တော်မြတ်စက္ကရမင်းမင်္ဂလာ၌ အမှန်တကယ်ပင် နေ့ရောညပါ တည်ရှိနေတော်မူပြီး ချစ်ခြင်းဖြင့် တုန့်ပြန်ဖို့ရန် လူသားများအား ဖိတ်ခေါ်လျက်ရှိနေပါသည်။ ထိုဖိတ်ခေါ်ချက်ကို ကြားခဲ့သောဖခင်ကြီးသည် မိမိ၏ သမီးများအား တန်ဘိုးမဖြတ်နိုင်သော ရတနာဖြစ်သည့် ကိုယ်တော်မြတ်ဖူးမျှော်ခြင်းကို မရပ်မစဲပဲ ကိုးကွယ်စေ၍ ကိုယ်တော်မြတ်တွင်ကိန်းအောင်းသော ခရစ်တော်အားထိခိုက်စော်ကားသော အပြစ်များအတွက် ဆပ်ဖြေခြင်းအမှုကို ပြုစေခဲ့သည်။`ဖခင်ကြီးက 'ကိုယ်တော်မြတ် စက္ကရမင်းမင်္ဂလာအား ဖူးမျှော်ကိုးကွယ်ခြင်းသည် တုနှိုင်းမမှီနိုင်သော ဆပ်ဖြေခြင်း၏ အမှုတော်ဖြစ်ပြီး နေ့စဉ်ဆောင်ရွက်ရမည့် သင့်ခေါ်တော်မူခြင်း၏ အဓိကတာဝန်တစ်ရပ်လည်း ဖြစ်သည်ဟုဆိုခဲ့သည်။ ဖခင်ကြီး၏ အဆိုအမိန့်အတိုင်း ဆပ်ဖြေသူများသည် ကိုယ်တော်မြတ်က္ကရမင်းမင်္ဂလာအား နေ့ညစဉ်ဆက် ဖူးမျှော်ကိုးကွယ်ရာ၌ လူသားတို့၏ အပြစ်များကို ကယ်ချွတ်တော်မူသော‘ယဇ်ကောင်’၊ ကမ္ဘာလူသားတို့အား အဘခမည်းတော်ဘုရားနှင့် ပြန်လည်သင့်မြတ် စေတော်မူသောယဇ်ကောင်၊ အပြစ်သားတို့၏နှလုံးသားကို သန့်စင်စေလျက် ပြန်လည်သစ်လွင်ဆန်းသစ်စေသော ယဇ်ကောင်ဖြစ်သည့် ခရစ်တော်သခင်နှင့် ပေါင်းစပ်လျက် ကိုယ်တော်မြတ်ကို ဖူးမျှော်သည့်အခါတိုင်း မိမိတို့ကိုယ်ကို ဆပ်ဖြေခြင်း၏ ယဇ်ကောင်သဖွယ် ပူဇော်လျက် ရွတ်ဆိုကြသည်မှာ “ဤချစ်ခြင်း စက္ကရမင်းမင်္ဂလာ၌ ကိုယ်တော်ရှင်ခံထမ်းရသော မေ့လျော့ခြင်း၊ ပေါ့လျော့ခြင်း၊ မထီလေးစားပြုခြင်း၊ ထိခိုက်ကျူးလွန်ခြင်းအဖြစ်များလုံးအတွက် ဆပ်ဖြေခြင်းအမှုကိုပြုဖို့ရန် ကိုယ်တော်၏ ရှေ့မှောက်တော်သို့ သဒ္ဒါကြည်ညိုခြင်း၊ ရှိခိုးကိုးကွယ်ခြင်းတို့ဖြင့် ရောက်ရှိလာကြပါသည်” ဟုရွတ်ဆိုကြသည်။
ဆပ်ဖြေခြင်းအသင်းဂိုဏ်း၏ ဆောင်ပုဒ်
သုံးပါးတစ်ဆူဘုရား၏ ကယ်တင်ခြင်းအမှုတော်မြတ်ကို အဓိကပင်မ အရင်းအမြစ်အဖြစ် ခံယူထားသောဆပ်ဖြေသူများ အနေဖြင့် မိမိတို့တစ်ဦးစီသည် ဘုရားသခင်ပြုတော်မူသော ကယ်တင်တော်မူခြင်း၏ အမှတ်လက္ခဏာများအဖြစ် မှတ်ယူထားကြသည်။ (Sisters of Reparation as the sign of Redemption through Love). ထို့ကြောင့် ၎င်းတို့၏အမှတ်တံဆိပ်တွင် (IN CHARITATE REDEMPTIO)"ချစ်ခြင်းအားဖြင့်ကယ်တင်ခြင်း”ယူသောစာတမ်းကို ရေးထိုးထားခြင်းဖြစ်သည်။အဘယ်ကြောင့်ဆိုသော် ဘုရားသခင်ပြုတော်မူသော ကယ်တင်ခြင်းအမှုတော်မြတ်သည် ဘုရားသခင်၏ ထာဝရချစ်ခြင်း၌သာလျှင် ဖြစ်တည်လာရသည်ဖြစ်၍ ဆပ်ဖြေသူတစ်ဦးစီသည်လည်း ဝိညာဉ်များကယ်တင်ခြင်းအတွက် လုပ်ဆောင်ရာတွင် ချစ်ခြင်းမေတ္တာသည်သာ ပဓါနကျသည်ကို သိရှိကြခြင်းကြောင့်ဖြစ်သည်။ ချစ်ခြင်းမေတ္တာမရှိလျှင် ဆပ်ဖြေခြင်းသမှုသည်လည်းတည်ရှိနိုင်မည်မဟုတ်ပေ၊ အသင်းဂိုဏ်းကိုတည်ထောင်ခဲ့ကြသော ဖခင်ကြီးနှင့် မိခင်ကြီးတို့သည်၎င်းတို့၏ အသက်တာတွင် ဤဆောင်ပုဒ်ကို ကျင့်ဆောက်တည်ခဲ့ကြပြီး ယင်းကိုမိမိတို့၏ သမီးများအား လက်ဆင့်ကမ်းပေးအပ်ခဲ့သည့် အမွေအနှစ်လည်း ဖြစ်ပါသည်။ ဤသည်မှာ ဆပ်ဖြေသူများ၏ ဝိညဉ်ရေးရာ အချက်အခြာနှင့် အနှစ်ချုပ်ပင်ဖြစ်သည်။
ကားတိုင်တော်
ဆပ်ဖြေခြင်းအသင်းဂိုဏ်း၏ အမှတ်တံဆိပ်တွင် “ချစ်ခြင်းအားဖြင့် ကယ်တင်ခြင်း” ဟူသော စာတမ်းထိုးထားသည့် ကားတိုင်တော်ကို တွေ့နိုင်ပါသည်။ ထိုလက်ဝါးကားတိုင်တော်သည် သုံးပါးတစ်ဆူဘုရား၏ ကြီးမားမြင့်မြတ်လှသည့် ထာဝရချစ်ခြင်းမေတ္တာတော်နှင့် ခရစ်တော်သခင်ဆောင်ရွက်ပြီးစီးခဲ့သော ပြန်လည်ရွေးနုတ်ကယ်တင်ခြင်း (Redemption) ကို ဖော်ကြူးထားပါသည်။ ခရစ်တော်သခင်သည် မိမိ၏ ကားတိုင်တော်ကိုထမ်းယူရင်း ဆပ်ဖြေသူသမီးများအား နေ့စဉ်မိမိတို့ ထမ်းယူရသော ကားတိုင်ကလေးများကို သူနှင့်ထပ်တူ ပေါင်းစပ်ပြီး ထမ်းယူရန် ဖိတ်ခေါ်နေပါသည်။ကားတိုင်တော်သည် ကျွန်ုပ်တို့၏ အသက်တာအတွက် အလုံးစုံဖြစ်သောကြောင့် သခင်ယေဇူး၏ ကားတိုင်တော်လမ်းစဉ်ကို ကျွန်ုပ်တို့ လိုက်လျှောက်ကြရမည်ဖြစ်သည်။ ကားတိုင်တော်သည် ကယ်တင်ခြင်း၊ ကားတိုင်တော်သည် အသက်ရှင်ခြင်း၊ ကားတိုင်တော်သည် ရန်သူများကိုရင်ဆိုင်နိုင်ရန်ကာကွယ်စောင့်ရှောက်ပေးခြင်း၊ ကားတိုင်တော်သည် ကောင်းကင်ချမ်းသာ၏ ကောင်းမြတ်ခြင်းကို ထိတွေ့ခံစားရခြင်း၊ ကားတိုင်တော်သည်စိတ်၏ခွန်အား၊ ကားတိုင်တော်သည် ဝိညာဉ်၏ ပျော်ရွှင်ခြင်း၊ ကားတိုင်တော်သည် ပါရမီ၏အထွတ်အထိပ်၊ ကားတိုင်တော်သည် ပြည့်ဝစုံလင်သောသန့်ရှင်းခြင်း စသည်တို့ဖြစ်သည်။ ထို့ကြောင့် ကားတိုင်ကိုထမ်းယူပြီး သခင်ယေဇူး၏နောက်တော်သို့.. လိုက်လျှေက်ပါ။ သခင်ခရစ်တော်၏အသက်တာ တစ်ခုလုံးသည် ကားတိုင်တော်နှင့် ဓမ္မအာဇာနည် အသက်တာဖြစ်သည်။ သင်သည် အဘယ့်ကြောင့် မိမိအတွက် ပျော်ရွှင်ခြင်းနှင့် အနားယူရခြင်းကို ရှာဖွေနေပါသနည်း။ (Thomas Akampis, Imitation of Christ, p. 103.)
ယေဇူးသခင်နှင့် မယ်တော်မာရီးယားတို့၏ သန့်ရှင်းသောနှလုံးတော်
ဒိုင်းအမှတ်တံဆိပ်ပေါ်တွင် သခင်ယေဇူးနှင့် မယ်တော်မာရီးယားတို့၏ သန့်ရှင်းသောနှလုံးတော် နှစ်ခုကိုလည်း ဖေါ်ပြ ထားပါသည်။ အသင်းဂိုဏ်းမှအဓိကထားရှိသော သဒ္ဓါကြည်ညိုခြင်းများမှာ ကိုယ်တော်မြတ်က္ကရမင်မင်္ဂလာ၌ ကိန်းဝပ်စံပယ်တော်မူသော သခင်ယေဇူး၏ရွှေနှလုံးတော်နှင့် အပြစ်မဲ့သန္ဓေယူမတာ်မူသောမယ်တော်၏နှလုံးတော်တို့အား သဒ္ဓါကြည်ညိုခြင်း တို့ပင်ဖြစ်ပါသည်။
အသင်းဂိုဏ်းတည်ထောင်သူ ဖခင်ကြီးသည် ကျွန်ုပ်တို့၏ ခေါ်တော်မူခြင်း စစ်မှန်စေရန်အတွက် ကျွန်ုပ်တို့အား အမြဲတမ်း တိုက်တွန်းနှိုးဆော်ထားသည်မှာ “ကျွန်ုပ်ချစ်မြတ်နိုးရသော စစ္စတာရ်များတို့ သင်တို့၏ခေါ်တော်မူခြင်း၊ သင်တို့၏ တာဝန်ဝတ္တရား၊ သင်တို့၏ စိတ်ဆန္ဒ၊ သင်တို့နှင့်သက်ဆိုင်သည့်လုပ်ငန်းဆောင်တာတို့ကို ဆပ်ဖြေခြင်းသီလရှင်များအဖြစ်နှင့် ယေဇူးသခင်နှင့် မယ်တော်မာရိယာတို့၏ သန့်ရှင်းစင်ကြယ်တော်မူသော နှလုံးတော်များထံတွင် အပ်နှံပူဇော်ထားကြသည်မဟုတ်ပါလော။ သို့ဖြစ်လျှင် မယ်တော်ကို ပုံတူယူရန် ကြိုးပမ်းအားထုတ်ပါ။ သင်တို့၏ နှလုံးသားများထဲတွင် အနန္တတန်ခိုးတော်ရှင် ယေဇူးသခင်ကို အုပ်စိုးစေပါ။ ကိုယ်တော်ရှင်အား သင်တို့၏ စိတ်သဘောကို လမ်းပြဦးဆောင်စေပါ။ သင်တို့၏ဆန္ဒကိုအုပ်စိုးစေပါ။ သင်တို့၏ အလုပ်ကို ဦးစီးဦးဆောင်ပြုစေပါ”Fr, Carlo Salerlo, Splritual Lectures far thie Sisters of Reporation, p. 23.) ဟူ၍ဖြစ်ပါသည်။
သခင်ယေဇူး၏ရွှေနှလုံးတော်
ကားတိုင်တော်၏ အထက်တွင် ယေဇူး၏ရွှေနှလုံးတော်နှင့် မယ်တော်၏သန့်ရှင်းဖြူစင်သော နှလုံးတော်တို့ ယှဉ်တွဲလျက် ရှိနေပါသည်။ သခင်ယေဇူးသည် ရဟန္တာမာဂရက်မေရီအား ရူပါရုံထင်ရှားပြစဉ် မိမိ၏နှလုံးတော်အား ပြလျက်ဆိုသည်မှာ “ဤကား လူသားများကို လွန်စွာပင် ချစ်မြတ်နိုးတော်မူသော ငါ၏ နှလုံးတော်ပင် ဖြစ်သည်။ ဤသို့ရာတွင် ရိုသေညွှတ်တွားပျပ်ဝပ်မှုမရှိခြင်း၊ မလေးမခန့် ပြုမူစော်ကားခြင်းနှင့် ကျေးဇူးတရား ကင်းမဲခြင်းတို့ဖြင့် လူအများ၏ တုန့်ပြန်မှုကိုသာ ငါရရှိခဲ့သည်” ဟုမိန့်ဆိုခဲ့သည်။ ထိုသို့ဆိုခဲ့သောခရစ်တော် ၏ဒဏ်ရာနှင့်ပြည့်နေသည့် နှလုံးသားကို မည်သူနှစ်သိမ့်ပေးမည်နည်း။
ထိုကြီးမားသောချစ်ခြင်းကို ဆန့်ကျင်သည့်အရာဟူသမျှစွန့်လွတ်ပြီး မိမိ ကိုယ်ကိုလုံးဝပုံအပ်၍ ချစ်တုန့်ပြန်နိုင်ရန် ဆပ်ဖြေသူများအားဖိတ်ခေါ်လျက်ရှိနေပါသည်။ ထို့ကြောင့် ဆပ်ဖြေသူများအနေဖြင့် ထိုဖိတ်ခေါ်ချက်ကိုတုန့်ပြန်ကာ မိမိတို့စိတ်စေတနာအလျောက် ချစ်တုန့်ပြန်လျက် ရွှေနှလုံးတော်၏ချစ်ခြင်းကို မသိခြင်းမေ့လျှော့ခြင်း၊ မထီလေးစားပြုခြင်း၊ ထိခိုက်ပြစ်မှားမိခြင်းတို့အတွက်ဆပ်ဖြေခြင်းအမှုကို ပြုဘို့ရန် ဘဝကိုအနစ်နာခံစွန့်လွတ်ပူဇော်ခြင်းဖြင့် ပေးဆပ်မည်ဖြစ်သည်။
ထိုအချိန်က ဤသဒ္ဓါကြည်ညိုခြင်းများကို ယုံကြည်သူအားလုံးနှင့်ဆိုင်သော ကြည်ညိုခြင်းအဖြစ် သတ်မှတ်ခြင်းမပြုမီ ကပင် ကျွန်ုပ်တို့၏ အသင်းဂိုဏ်းတည်ထောင်သူ ဖာသာရ်ကားရ်လိုဆာလေးရီယိုသည် “လူသားများကို အလွန်ပင်ချစ်မြတ်နိုးသည့် အတွက်ကြောင့် ဒဏ်ရာများနှင့် ပြည့်နှက်လျက်ရှိသော ယေဇူးသခင်၏ရွှေနှလုံးတော်ကို ထောက်ရှုဆင်ခြင်ပါ။ သင်တို့၏ ဘဝသည် ချစ်ခြင်းမေတ္တာနှင့်ဆပ်ဖြေခြင်းတို့ဖြင့် တစ်စည်းတစ်လုံးတည်း ဖြစ်နေရမည်။ သခင်ယေဇူး၏ နှလုံးတော်ကို လေ့လာမှတ်ယူခြင်းအားဖြင့် သင်တို့သည် သင်တို့၏ ခေါ်တော်မူခြင်းအလျောက် လူသားများနှင့် မည်ကဲ့သို့ ဆက်ဆံပြုမူရမည်ကို သင်ယူနိုင်လိမ့်မည် ဖြစ်ပါသည်။ ကျွန်ုပ်၏ ချစ်သမီးများတို့၊ သင်တို့အားလုံးသည် သင်တို့၏ သူတော်စင်ဘဝနှင့်ဆိုင်သော ကတိသစ္စာပြုခြင်းတွင် အလွန်သန့်ရှင်းစင်ကြယ်တော်မူသော ယေဇူးရွှေနှလုံးတော်ထံ လူသားအားလုံး၏ကိုယ်စား သင်တို့ကိုယ်ကို သင်တို့ လိုလိုလားလား အပ်နှံပူဇော်ခဲ့ကြသည်” ဟု သူ၏သမီးများအား ပြောကြားခဲ့ပါသည်။ (Sisters of Reparation, Spiritual Lectures, Toungoo, Burma: Catholic Press, 1931, p. 233.)
ကျွန်ုပ်တို့၏အသင်းဂိုဏ်းတည်ထောင်သူဖခင်ကြီးက "ဆပ်ဖြေသူသင်တို့သည် ယေဇူးရွှေနှလုံးတော်ထံ အပြစ်သား များအတွက် အပြစ်ဒဏ်ဆပ်ဖြေပေးရန်၊ ကိုယ်တော်အား ဆန့်ကျင်သောထိခိုက်ပြစ်မှားမှုများ၏ ဝန်ကိုခံထမ်းပေးရန်၊ လူသားအားလုံး၏ အပြစ်များအတွက် ဝမ်းနည်းငိုကြွေးပြီး ထိုအပြစ်များကို ဆပ်ဖြေပေးရန်ပင် ဖြစ်သည်” ဟု ပြောကြား ခဲ့ပါသည်။
မိခင်ကြီး အကြံပေးခဲ့သည့် စကားမှာ ကျွန်ုပ်တို့သည် ယေဇူးရွှေနှလုံးတော်၏ သမီးများဖြစ်ကြသည် သာမက ရွှေနှလုံးတော်၏ ဆပ်ဖြေသူများလည်း ဖြစ်ကြသည်။ ဤအတွေးအခေါ် ယူဆချက်သည် ကိုယ်တော်ရှင်၏ ပါရမီများကို ပုံတုယူရန် အကူအညီ ဖြစ်စေသည်။ အားတက်စေသည် သာမက အပြစ်သားများထံမှ ကိုယ်တော်ရရှိသော နာကျင်မှုများကို ကုသပေးရန် သို့မဟုတ် အပြစ်များကို တားဆီးပေးရန်အတွက် ဆင်းရဲဒုက္ခခံခြင်း၊ အနစ်နာခံခြင်းတို့တွင်လည်း လိုလိုလားလား ဖြစ်စေသည်။ သခင်ယေဇူး ရရှိခံစားရသော နာကျင်မှုများ၊ ဒဏ်ရာဒဏ်ချက်များအကြောင်း ထောက်ရှုဆင်ခြင်သောအခါ ဆပ်ဖြေသူ သင်၏နှလုံးသားသည် မည်သို့ ခံစားရပါသနည်း။ ကျွန်ုပ်တို့သည် ရွှေနှလုံးတော်နှင့် အမြဲတမ်း နီးနီးတပ်ကပ် ရှိနေသင့်ပါသည်။ ဤကဲ့သို့ ရှိနေမည်ဆိုပါလျှင် ယေဇူးသခင်သည် အပြစ်သားများ ပေးနေသော နာကျင်မှုများကြားမှ နှစ်သိမ့်မှုကို ကျွန်ုပ်တို့ထံတွင် ရှာတွေ့နိုင်လိမ့်မည် ဖြစ်ပါသည်။
ကျွန်ုပ်တို့ထံ ယုံကြည်စိတ်ချစွာအပ်နှံထားသော ဝိညာဉ်များကို ချစ်ခြင်းမေတ္တာမီးတောက်လောင်လျက်ရှိသော ယေဇူး ရွှေနှလုံးတော်ထံ ယူဆောင်သွားကြပါစို့။ သူတို့သည် အပြစ်သားများဖြစ်ခဲ့ကြပါလျင် သူတို့၏မကောင်းမှုအပြစ်ဒုစရိုက် များအားလုံးကို ယေဇူးရွှေနှလုံးတော်၏ ချစ်ခြင်းမီးလျှံထဲတွင် လောင်ကျွမ်းစေပြီး ချစ်ခြင်းမေတ္တာရှိသော သန့်ရှင်းစင်ကြယ်သော ဘဝအသက်တာတွင် နေထိုင်နိုင်ကြရန်အတွက် ခွန်အားသစ်များကို တွေ့ရှိနိုင်မည်ဖြစ်ပါသည်။ သူတို့သည် ရိုးသား၍ အပြစ်ကင်းစင်သော သူများဖြစ်ကြပါလျင် လူသားတိုင်း၏ နှလုံးသားအတွင်းသို့ ချဉ်းကပ်တိုးဝင်ရန် ကြိုးပမ်းအားထုတ်လျက်ရှိသော ဒုစရိုက်မကောင်းမှုများကို ခုခံတွန်းလှန်နိုင်ရန် ခွန်အားနှင့် ကြံ့ခိုင်တည်ကြည်ခြင်းကျေးဇူးတော်ကို တွေ့ရှိကြရလိမ့်မည် ဖြစ်ပါသည်။ (The Directory, no. 7.)
မယ်တော်၏ သန့်ရှင်းဖြူစင်သော နှလုံးတော်
သားတော်၏ ရွှေနှလုံးတော်နှင့်ယှဉ်လျက် ချစ်မြတ်နိုးတတ်သူတို့၏ ဘုရင်မဖြစ်သောသားတော်ဘုရားနှင့်အတူ ဆပ်ဖြေခြင်းအမှုကို ပြုလျက်ရှိသော မယ်တော်၏နှလုံးတော်ကို ဖေါ်ပြထားပါသည်။ မယ်တော်၏သန့်ရှင်းဖြူစင်သော နှလုံးတော်သည် ဆပ်ဖြေသူတို့စံထားရာ ပုံတုယူရာဖြစ်သည်။ အဘယ်ကြောင့်ဆိုသော် ကာလဝါရီတောင်ပေါ်တွင် ကားတိုင်ထက်ဝယ် ဒုက္ခစရိယာခံလျက်ရှိသော သားတော်၏ဆပ်ဖြေခြင်းအမှုတော်မြတ်၌ မယ်တော်သည် ကားတိုင်တော်ခြေရင်း တွင်ရပ်လျက် လှံဖြင့်ထိုးဖေါက်ခြင်းခံရသည့် သားတော်၏နှလုံးသားနှင့်အတူ ပေါင်းစပ်ကာဆပ်ဖြေခြင်းအမှုကို ပြုခဲ့ခြင်းကြောင့်ပင် ဖြစ်သည်။ သံနှင့်လှံတို့သည် သားတော်၏ဒုက္ခစရိယာကို ဖြစ်စေသည်နည်းတူ မိခင်၏ဝမ်းနည်းကြေကွဲမှုနှင့် နာကြင်မှုတို့သည်လည်း ထပ်တူထပ်မျှပင် ဖြစ်ခဲ့သည်။ မယ်တော်သည် မိမိ၏ နှလုံးသားဖြင့် သားတော်ဘုရား၏ ဒုက္ခစရိယာ၌ ပေါင်းစပ်ပါဝင်လျက် ပူးပေါင်းဆပ်ဖြေသူဖြစ်လာသည်။ နှစ်ဦးစလုံးသည် တစ်ချိန်တည်းမှာပင် ဘုရားသခင်ထံတစ်ခုတည်းသော ယဇ်ပူဇော်ခြင်းကို ပူဇော်ခဲ့ကြသည်။ တစ်ဦးမှာ သူမ၏နှလုံးသားမှသွေးဖြင့်ပူဇော်ခြင်းဖြစ်ပြီး ကျန်တစ်ဦးမှာ သူ၏ကိုယ်ခန္ဓာမှသွေးဖြင့် ပူဇော်ခြင်းဖြစ်သည်။ယေဇူးသခင်နှင့်အတူ ရွေးနုတ်ကယ်တင်ခဲ့သူ အလွန်သန့်ရှင်းမွန်မြတ်သော ကညာစင်မယ်တော်အား သူတော်စင် ဘဝအသက်တာတွင် စံထားထိုက်သူတစ်ဦး အဖြစ်လက်ခံသော ဆပ်ဖြေခြင်းသီလရှင်တစ်ပါးသည် တည်ကြည်လေးနက်သော ဧဝံဂေလိတရားဆိုင်ရာ ပါရမီများကို မယ်တော်၏သန့်ရှင်းစင်ကြယ်တော်မူသောနှလုံးတော်ထံမှ အတုယူရန်အတွက် ကြိုးပမ်းအားထုတ်လိမ့်မည်ဖြစ်သည်။ ယင်းပါရမီများမှာ ဘုရားသခင်အား ယုံကြည်ခြင်းနှင့်ချစ်ကြောက်ရိုသေ ကြည်ညိုကိုင်းရှိုင်းခြင်း၊ ဘုရားသခင်၏အလိုတော်ကို လွယ်လင့်တကူလက်ခံခြင်း၊ စိတ်ရင်းစေတနာဖြင့်နာခံခြင်း၊ ကညာစင်တစ်ဦး၏ သန့်ရှင်းစင်ကြယ်ခြင်း၊ ဘုရားသခင်၌သာလျင် ယုံကြည်အားကိုးမှုထားရှိသော လေးစားထိုက်သည့်ဆင်းရဲခြင်း၊ စစ်မှန်သော နှိမ့်ချခြင်းနှင့် အလွန်ကြီးမားသော ကရုဏာမေတ္တာထားရှိခြင်း တို့ဖြစ်ကြပါသည်။
မယ်တော်၏ နှလုံးတော်ထံမှ ဆပ်ဖြေခြင်းအမှုကို ပြည့်ဝစုံလင်စွာ ပြုလုပ်သွားနိုင်ရန် ရဲစွမ်းသတ္တိ၊ ခွန်အားနှင့် လိုအပ်သော ကျေးဇူးတော်များကို ရယူနိုင်သည်။ ထို့ကြောင့် ဆပ်ဖြေသူများသည် မိမိတို့၏ ဂတိအာမခံချက်များကို အကောင်အထည်ဖေါ်ရန် ခက်ခဲနေချိန်ချစ်ရန် မတတ်စွမ်းနိုင်ဟု ခံစားရချိန်တို့တွင် မယ်တော်ချစ်ခဲ့သကဲ့သို့ ချစ်နိုင်ရန်၊ မယ်တော်ဒုက္ခဆင်းရဲခံသကဲ့သို့ ခံနိုင်စွမ်းရှိရန် သွန်သင်ပေးမည့်အမိမယ်တော်၏ ဆပ်ဖြေခြင်းနှလုံးတော်ထံ ချဉ်းကပ်ခိုလှုံ အတုယူကြရမည်ဖြစ်သည်။ သို့မှသာလျှင် ဆပ်ဖြေသူများသည် သားတော်ဘုရားနှင့် မိခင်မယ်တော်တို့၏ အသက်တာ ဖြစ်သည့် ချစ်ခြင်းအားဖြင့် ကယ်တင်ခြင်း အသက်တာ တစ်နည်းဆိုသော် မိမိတို့၏ ဆောင်ပုဒ်အတိုင်း ချစ်ခြင်းမေတ္တာပြည့်ဝစွာဖြင့် ဆပ်ဖြေခြင်းအမှုတော်ကိုအကောင်အထည်ဖေါ် ပြည့်စုံစေနိုင် မည်ဖြစ်သည်။ အလွန်သန့်ရှင်းမြင့်မြတ်တော်မူသော မယ်တော်မာရိယာနှင့်ပတ်သက်၍ ကျွန်ုပ်တို့၏မိခင်ကြီးသည် သူမ၏ဆပ်ဖြေ သူသီလရှင်များအား သင်တို့သည် မယ်တော်ကိုချစ်ရန်နှင့် မယ်တော်အား တစ်ပါးသူများချစ်ခင်ကြစေရန် မယ်တော်၏ပါရမီများကို ပုံတုယူပါ။ လိုအပ်မှုတိုင်း၌ မယ်တော်ထံသို့ ယုံကြည်အားကိုးခြင်းဖြင့်သွားပါ ” ဟုပြော ကြားခဲ့ပါသည်။
နှင်းဆီပန်းနှင့်နှင်းပန်း
အသင်းဂိုဏ်း၏ အမှတ်တံဆိပ်၌ ပန်းခရမ်းရောင် နှင်းဆီပန်းနှင့် အဖြူရောင် နှင်းပန်းတို့ကိုလည်း တွေ့မြင်နိုင်ပါသည်။ ... ဆပ်ဖြေသူတို့၏ ဘဝသက်တာတွင် ဤကဲ့သို့ ပွင့်လန်းရှင်သန်နေကြရမည်ဖြစ်သော နှင်းဆီပန်းသည် မေတ္တာစေတနာကို ကိုယ်စားပြု ဖေါ်ဆောင်ပြီး.. အဖြူရောင်နှင်းပန်းသည် ကညာစင်ဘဝ၏ အမှတ်လက္ခဏာပင် ဖြစ်ပါသည်။ ၎င်းတို့၏ သင်းပျံ့သော အသက်တာအားဖြင့် ကယ်တင်ခြင်း အမှုတော်သည် ချစ်ခြင်းဖြင့်သာလျှင် ရရှိနိုင်ကြောင်း ကမ္ဘာကို ကြေငြာလျက် ရှိနေပါသည်။
ဒက်ဇူးမယ်(ISR)