**မာသာရ်အဲန်မေရီမားရိုးဗစ်ချ်၏ဘဝဖြစ်စဉ်သမိုင်း***
***၁၈၈၇ ခုနှစ် အောက်တိုဘာလ(၃)ရက်နေ့တွင် ဆပ်ဖြေခြင်းသီလရှင်အသင်းဂိုဏ်း တွဲဖက်တည်ထောင်သူ မာသာရ် အဲန်းမေရီမားရိုးဗစ်ချ် ၏ ဘုရားသခင်ပြန်လည်သိမ်းပိုက် ခဲ့သည့်နေ့ အောက်မေ့ခြင်းပွဲ***
အဲန်း၏ ကလေးဘဝ
အဲန်းမေရီမားရိုးဗစ်ချ်ကို မွေးသဖခင်ဦးဂျိုးဇက်အားရိုးဗစ်ချ်နှင့်မွေးသမိခင်ဒေါ်မာရိယာအီကနိုးဗစ်ချ်တို့မှဖေဖေါ်ဝါရီလ (၇) ရက်၊၁၈၁၅ ခုနှစ် ဗင်းနစ်မြို့တွင် မွေးဖွားသန့်စင်ခဲ့ပါသည်။ မိဘများနှင့် ဆွေမျိုးသားချင်း အသိုင်းအဝိုင်းတို့သည် ဘုရားတရားကိုင်းရှိုင်းသူများကြဖြစ်ပြီး သူတို့၏အချစ်ကို တစ်ဦးတည်းသောသမီးလေးအဲန်းသည် အပြည့်အဝရယူပိုင်ဆိုင်ခွင့် ရရှိခဲ့သည်။အဲန်းသည် အလွန်ပင် စိတ်ဆိုးလွယ်သည်။ အငြိမ်မနေတတ်ပဲ အမြဲတမ်းလှုပ်လှုပ်ရှားရှားနေတတ်သည်။ မာနကြီးသည်။သို့ရာတွင် မိခင်ဖြစ်သူသည် အဲန်းအား ဘုရားရှိခိုးဆုတောင်းတတ်ရန် သင်ကြားပေးခဲ့သည်။ အဲန်း (၉) နှစ်အရွယ်တွင် ဘုန်းတော်ကြီး ဒါနီအဲလ်ကာနယ်၏အုပ်ထိန်းမှုအောက်တွင် ပထမအာပတ်ဖြေခြင်း၊အသက်(၁၀)နှစ် အရွယ်တွင်ခရစ္စမားအားပေးခြင်း၊၁၈၂၆ ခုနှစ်၊အသက်(၁၁)နှစ်အရွယ်တွင် သန့်ရှင်းသောဝိညာဉ်တော်ဘုရားပွဲနေ့၌ ပထမကိုယ်တော်မြတ်ပင့်ယူခြင်း စသည့်စက္ကရမင်းမင်္ဂလာများကို ခံယူခဲ့ပါသည်။အသက်(၁၁)နှစ်အရွယ်တွင် အရွယ်နှင့်မလိုက်အောင်ပင် ထက်မြက်သောအဲန်းသည် မိမိဝါသနာပါသောကစားခြင်း၊စာဖတ်ခြင်း၊ဝတ္ထုဖတ်ခြင်းနှင့် အခြားသော စာပေများကို လေ့လာဆည်းပူး ခဲ့ပါသည်။သို့ရာတွင် ဤသို့သောထက်မြက်မှုကို ဘုရားပေးတော်မူသောလက်ဆောင်အဖြစ် နားလည်လာပြီး နောက်တွင် ဤလက်ဆောင်ကိုလောကီရေးရာ၊သွေးသားနှစ်သက်မှုများအတွက် အသုံးပြုရန်မဟုတ်ကြောင်းကိုသိနားလည်ကာ မှန်ကန်သော ဆုံးဖြတ်ချက်ကို ချနိုင်ခဲ့သည်။ ပထမအာပတ်ဖြေပြီးသည့်နောက် သူမသည် ဝိညာဉ်ရေးကိုထိပါးစေသည့် စာအုပ်များဖတ်ရှုခြင်းကို ရှောင်ကျဉ်တော့သည်။ နောက်ပိုင်းတွင် ဘုရားတရား အရေးတွင် စိတ်အားထက်သန်မှု ပိုမိုပြင်းပြလာပြီး ဘုရားတရားကြည်ညိုကိုင်းရှိုင်းခြင်းမိမိ၏တာဝန်ဝတ္တရားများကို ဇွဲလုံ့လဝီရိယဖြင့်ပြုလုပ်လာခြင်း၊စသည့်ပါရမီများဖြင့်သူမ၏ဘဝကို စတင်ဆောက်တည်ခဲ့လေသည်။
ငယ်ရွယ်သူ အဲန်း
ဘုန်းတော်ကြီးဒါနီအဲလ်၏လမ်းညွှန်မှုအောက်တွင် အဲန်းသည်အချိန်တိုတိုနှင့် လိုအပ်သောပညာရပ်များ၊စိတ်ဝိညာဉ်သန့်ရှင်းဖြူစင်ခြင်းအကြောင်းများကို သင်ခဲ့ယူနိုင်ခဲ့သည်။ကျောင်းသို့မသွားပဲ လာတင်း၊အီတလီဘာသာစကားများ၏အခြေခံသဘောတရားများကို ဆရာကောင်းများနှင့် အိမ်တွင်သာသင်ယူခဲ့ရသည်။အဲန်း၏ စာပေလေ့လာမှု၌ ထက်မြက်ခြင်းစိတ်ကူးစိတ်သန်းကောင်းခြင်းနှင့် ထိရောက်စွာသင်ကြားခွင့်ရရှိခဲ့ခြင်းတို့ကြောင့် တတ်ကျွမ်းထူးချွန်သူတစ်ဦး ဖြစ်လာခဲ့သည်။ ပန်းချီနှင့် ဂီတပညာရပ်များကိုလည်း သင်ယူတတ်ကျွမ်းခဲ့ပါသည်။ သူမသည် ပန်းချီရေးဆွဲခြင်း၌ ပိုမို၍ ထူးချွန်သူ ဖြစ်ခဲ့ပါသည်။ နောက်ပိုင်းတွင် လောကုတ္တရာရေးဆိုင်ရာ စာမူများ၊ ကဗျာ၊ လင်္ကာများကိုသာ ရွေးချယ်ရေးသားခဲ့သည်။ အဲန်းရေးသားသော စာမူများသည် လောကုတ္တရာ စာပေလောကတွင် ဝင်ဆန့်နိုင်သည်ဖြစ်၍ ဖတ်ရသူတိုင်း၏ စိတ်နှလုံးကို ဆွဲဆောင်နိုင်ခဲ့သည်။ အဲန်းသည် သူမရေးသားခဲ့သော စာအုပ်များထဲမှ ‘The Science of The Cross’ စာအုပ်ကို အလွန်နှစ်သက်ခဲ့သည်။ ကာဒီနယ်သည် အဲန်းရေးသားသော စာမူများကို စာအုပ်ထုတ်ဝေခွင့် ပေးသည်အထိ အားပေးခဲ့သည်။အဲန်းအသက်(၂ဝ)အရွယ်တွင် စာအုပ်ပေါင်း(၈)အုပ်ကိုရေးသားထုတ်ဝေနိုင်ခဲ့ပြီးဖြစ်သည်။၎င်းတို့မှာ ၁။လမြတ်ဂျူလိုင် (ခရစ်တော်၏ အသွေးတော်ကိုအထူးသဒ္ဓါကြည်ညိုရန်အတွက်လမ်းညွှန်စာအုပ်)၂။ရဟန္တာမဒေါ်ရသီ၏ဘဝသမိုင်းနှင့် တရားဟောချက်များ၊အထူးသဖြင့် ကလေးတွေကိုမည်သို့ဘုရားစကား သင်ကြားပေးရမည်ဆိုသည့်လမ်းညွှန်စာအုပ်၊
၃။လူတိုင်းအတွက်ကိုယ်ကျင့်တရားနှင့်ပတ်သက်သောစာစောင်များစုစည်းထားသည့်စာအုပ်၊ ၄။အမျိုးသမီးများ၏ဝတ်စားဆင်ယင်မှုအပေါ် ခရစ်ယန်ဘာသာအမြင်အားဖြင့် ဆင်ခြင်သုံးသပ်ထားသည့်စာအုပ်၊၅။အမျိုးသမီးငယ်များအတွက် ခရစ်ယာန်ကိုယ်ကျင့်တရားဆိုင်ရာဘဝလမ်းညွှန်စာအုပ်၊၆။အာပတ်ဖြေခြင်းနှင့်ကိုယ်တော်မြတ်ပင့်ယူခြင်းအပေါ်ဆင်ခြင်သုံးသပ်ထောက်ရှုခြင်းနှင့်ဆုတောင်းမေတ္တာများ၊၇။ဘုရားသခင်၏ချစ်ခြင်းမေတ္တာကိုထောက်ရှုစဉ်းစားခြင်း၊ ၈။စစ်မှန်သောသဒ္ဓါကြည်ညိုမှုအပေါ်ဆင်ခြင်သုံးသပ်ထောက်ရှုခြင်း၊ စသည်တို့ကို ရေးသားထုတ်ဝေခဲ့သည်။အဲန်းသည် စုတ်တံကိုကိုင်သော နေရာတွင်လည်း ဘုရားသခင်၏ နက်နဲဆန်းကျယ်သော အရာများကို ဖော်ကျူးချယ်မှုန်းနိုင်ခဲ့သောကြောင့် သူမ၏ပန်းချီကားများကို ဗင်းနစ်မြို့ရှိဘုရားကျောင်းများတွင်အမှတ်တရ အနေဖြင့်ယနေ့တိုင်ချိတ်ဆွဲထားကြသည်။ သူမရေးဆွဲခဲ့သော မယ်တော်သခင်မ၏ ပုံတော်ပန်းချီကားကို ပုပ်ရဟန်းမင်းကြီး နဝမမြောက်ပီဘူးအား လက်ဆောင်ဆက်သခဲ့ရာ ရဟန်းမင်းကြီးသည် ထိုပုံတော်ကို အလွန်နှစ်သက်မြတ်နိုးခဲ့သည်။ သူမခြယ်သသောပန်းချီကားတိုင်းသည် ကောင်းကင်နိုင်ငံတော်နှင့် ပတ်သက်သော ရုပ်လုံးကို ပြောင်မြောက်စွာ သရုပ်ဖော်ရေးဆွဲထားသော ပုံများဖြစ်သည်။ သူမခေတ်တွင် သူမရေးဆွဲခဲ့သည့် ပန်းချီကားချပ်များမှာ လူကြိုက်များ၍ ရေပန်းစားသော ပန်းချီကားများဖြစ်ခဲ့သည်။
အဲန်းအတွက် ရုန်းကန်မှုတစ်ခု
အဲန်းသည် ပထမကိုယ်တော်မြတ်ပင့်ယူပြီးသည့်အချိန်မှစ၍ ဖြူစင်ခြင်းသစ္စာဖြင့် မိမိဘဝကို ဘုရားသခင်ထံ လုံးလုံးလျားလျား ဆက်ကပ်အပ်နှံထားခဲ့သည်။ မည်သူတစ်ဦးတစ်ယောက်မျှ အကြံမပေးခြင်းမျိုး မဟုတ်ဘဲ ရာသက်ပန်သစ္စာကိုပြုလုပ်ခဲ့သည်။ လေးငါးလလွန်ချိန်မှသာလျင် ဘုန်းတော်ကြီးဒါနီအဲလ်ကို ပြောပြသောအခါ ကိုယ်တော်ကအံ့အားသင့်ခဲ့ရသည့်အပြင် ဤကဲ့သို့ မဆင်မခြင်ပြုလုပ်လိုက်ခြင်းအတွက် သူမအားသတိပေးဆိုဆုံးမခဲ့သည်။ ၎င်းသစ္စာကိုဖြေရန်အတွက် ပုပ်ရဟန်းမင်းကြီးထံသို့ လျှောက်တင်ရမည့် အကြောင်းကိုလည်း သူမအားရှင်းပြခဲ့သည်။ ထို့နောက်တွင် သူမအားတစ်နှစ်လျင်တစ်ကြိမ် တစ်နှစ်တာ အချိန်ကာလအတွက်သာ သစ္စာပြုခြင်းကို ပြုလုပ်ခွင့်ပေးခဲ့သည်။
ဘုန်းတော်ကြီး၏ ဆုံးမသွန်သင်မှုများသည် အဲန်းအတွက်များစွာ အကျိုးရှိသည့်အပြင် သီလရှင်ဖြစ်လိုသော ပြင်းပြသည့်ဆန္ဒအတွက် တွန်းအားလည်းဖြစ်ခဲ့ရသည်။ အဲန်းသည် ထိုအချိန်မှစ၍ ပိုမို၍ခြိုးခြံခြင်းအမှုများကို ကျင့်ဆောက်တည်ခဲ့သည်။ သက်တောင့်သက်သာရှိသော အိပ်ယာမျိုး၌မအိပ်ခြင်း၊ မိမိကြိုက်သည့် အစားအသောက်များကို ရှောင်ကျဉ်ခြင်း စသသည့်အမူအကျင့်တို့ဖြင့် မိမိ၏ ဆန္ဒကိုချိုးနှိမ်ခဲ့သည်။ မိမိ၏နေ့စဉ်လုပ်ငန်းအတွက် အချိန်ဇယားကိုရေးဆွဲခဲ့သည်။ ဆုတောင်းပြုရန် အချိန်ကို သက်မှတ်ပြီးအားလပ်သော အချိန်များတွင် အခြားလုပ်ငန်းများကိုလည်း လေ့လာသင်ယူခဲ့သည်။ မိမိရေးဆွဲထားသည့် အချိန်ဇယားအတိုင်း အချိန်ကို တန်ဖိုးထားပြီး တိကျစွာ လိုက်နာဆောင်ရွက်ခဲ့သည်။
ထိုအချိန်အခါမျိုး၌ မိဘများက အဲန်းကိုအရိပ်တကြည့်ကြည့်နှင့် သူမ၏ ရည်မှန်းချက်မြင့်မားသည်ကို နှစ်သက်သဘောတွေ့ခဲ့ကြသော်လည်း ဘုရားရှင်အတွက် ဘဝတစ်ခုလုံး ဆက်ကပ်အပ်နှံခြင်းကိုမူ မလိုလားခဲ့ ကြပေ။ အဲန်းမိဘ၏ မိတ်ဆွေမိသားစုတစ်စုသည် မိမိတို့၏ သားနှင့် အဲန်းကို လက်ထပ်ထိမ်းမြားပေးစေလိုကြောင်း တောင်းဆိုလာသည်။ ထိုသို့ပြောဆိုသံများကို ကြားရသောအခါ အဲန်းသည်ချက်ချင်းပင် ဘုရားသခင်ထံ တောင်းဆုပြုလိုက်သည်။ သူမသည် ပထမကိုယ်တော်မြတ်ပင့်ယူစဉ်ကပင်ဘုရားသမင်ထံ မိမိကိုယ်ကို လုံးလုံးလျားလျားအပ်နှံပူဇော်ခဲ့သည်ဖြစ်၍ မည်မျှပင် ပြည့်စုံသည်ဟုဆိုစေကာမူ မည်သည့် လောကီအမျိုးသား နှင့်မျှ ထိမ်းမြားသော သတို့သမီး မဖြစ်လိုကြောင်း ဆုတောင်းခဲ့သည်။
အဲန်း၏ မိခင်ကြီးသည် မိမိ၏အစီအစဉ်ထဲသို့ မိမိ၏သမီးအား သွေးဆောင်၍မရနိုင်ကြောင်းကို သိလာရသောအခါ ဝမ်းနည်းအံ့သြခဲ့ရသည်။ သူမ၌ အခြားသောစိတ်ကူးစိတ်သန်းများ ဝင်မလာစေရန်လည်း မျှော်လင့်ချက်များထားခဲ့သည်။ သို့သော်အဲန်း၏ ရင်တွင်း၌မူအခြားသော ရည်မှန်းချက်များ ရှိနေခဲ့ပြီးဖြစ်သောကြောင့် မိမိ၏ ဝိညာဉ်ရေးလမ်းညွှန်ဘုန်းတော်ကြီး၏ ခွင့်ပြုချက်ဖြင့် မိဘများထံ မိမိဆန္ဒကို တင်ပြနိုင်မည့်အချိန်ကို စောင့်ဆိုင်းနေလေသည်။ တစ်နေ့တွင် မိမိ၏ဆုံးဖြတ်ချက်ကို မိဘနှစ်ပါးအား ပြောပြလိုက်သောအခါ သူတို့သည် လွန်စွာပင်အမျက်ထွက်ခဲ့ကြပြီး အဲန်းကိုသူတို့၏ ခြေရင်းတွင်အသက်ဆုံးရခြင်းထက် ထောင်နှင့်တူသော ကွန်ဗင့်ကျောင်းထဲတွင် သေဆုံးရသည်ကို မမြင်လိုကြကြောင်း ခါးသီးစွာ ပြောဆိုခဲ့ကြသည်။ ထို့နောက်တွင် မိဘများက အဲန်းအားပျော်ပွဲရွှင်ပွဲများဖြင့် စည်းရုံးခဲ့ကြသော်လည်း မအောင်မြင်ခဲ့ချေ။အဲန်းသည် ဤသို့သော စုံစမ်းခြင်းကို ၅ နှစ်တာမျှ ခံစားခဲ့ရသည်။ ဝိညာဉ်ရေးစိတ်အားထက်သန်သော အဲန်းအဖို့ မည်သည့်အရာကိုမျှ စိတ်ဝင်စားခြင်း မရှိတော့သည့်အပြင် မိမိ၏ခေါ်တော်မူခြင်းအတွက် ရုန်းကန်မှုတစ်ရပ်သာဖြစ်ကြောင်း လေးနက်ခိုင်မာစွာ ခံယူခဲ့လေသည်။
အဲန်းနှင့်ထူးဆန်းသည့်အာရုံများ
တစ်ခါက ခရစ်တော်သည် အဲန်းကို သင်သည် ငါ့၏လက်ထဲတွင်ရှိသော မြေအိုးနှင့်တူကြောင်း မိန့်ဆိုခဲ့သည်။ ဤကဲ့သို့ မိန့်တော်မူခြင်းသည် အဲန်းကို ချစ်မြတ်နိုး၍ သူနှစ်သက်သည့်အတိုင်း သူမကို အသုံးပြုလိုကြောင်း၊ အားနည်းသောဝိညာဉ်ကို မိမိ၏လုပ်ငန်းစဉ်အတွက် အသုံးတော်ခံ(instrument)အဖြစ် မည်ကဲ့သို့ အသုံးပြုရမည်ကို ကောင်းစွာသဘောပေါက်ကြောင်း ဆိုလိုခြင်းဖြစ်သည်။ ခရစ်တော်၏ မိန့်မှာချက်များကို အဲန်းသည် အမြဲတမ်းပင် ကြည်ညိုလေးစားခဲ့သည်။ ခရစ်တော်က ထပ်မံပြီးသူမအား ‘သင့်ကိုမြောက်များစွာသော ကလေးသူငယ်တို့၏မိခင် ဖြစ်စေမည်။ သင့်အားဖြင့်ဤကြီးမားသောအရာကို ငါပြုလုပ်မည်’ ဟုမိန့်တော်မူသည်။တစ်နေ့တွင် အဲန်း၏ စိတ်နှလုံးသည် ခရစ်တော်သခင်အား လုံးလုံးလျားလျား ဆက်ကပ်ပူဇော်လိုသော ပြင်းပြသည့်စိတ်ဆန္ဒများ ဖြစ်ပေါ်လာခဲ့သည်။ အကြောင်းမှာ ကမ္ဘာလောကသားများ အပြစ်အတွက် ဆပ်ဖြေပေးဖို့ဖြစ်သည်။ သူမ၏ အနာဂါတ်ကာလတွင် လုပ်ဆောင်ရမည့် လုပ်ငန်းများကို ဖေါ်ပြနေသော သဘာဝထက်လွန်ကဲသည့် အတွေးအခေါ်များ ရရှိပြီးသည့်အချိန်တွင် သူမသည် စိုးရိမ်စိတ်များနှင့် ကြုံတွေ့လာခဲ့ရသည်။ အဘယ်ကြောင့်ဆိုသော် ၎င်းအတွေးအခေါ်များသည် သူမ၏ စိတ်ကူးယဉ်သက်သက်သာ ဖြစ်ပြီး နတ်ဆိုး၏ လှည့်ဖြားမှုဖြစ်မည်ကို စိုးရိမ်ခြင်းကြောင့်ဖြစ်သည်။ ထို့ကြောင့်သူမ၏ ဝိညာဉ်လမ်းညွှန် ဘုန်းတော်ကြီးနှင့် တိုင်ပင်ရန်ဆုံးဖြတ်ပြီး သီလရှင်ဘောင်သို့ဝင်လျင် သင့်လျှော်မည်ဟု သူမယူဆခဲ့သည်။
တစ်နေ့သောအခါ သူမသည် ကိုယ်တော်မြတ်ပင့်ယူပြီး ခရစ်တော်ထံဆုတောင်းခဲ့သည်။'ကိုယ်တော် ဘုရား တပည့်တော်မကို ကာပူချင် (Capuchin) သီလရှင်ဖြစ်ဖို့ အလိုတော်ရှိပါသလော” ဟုမေးလျှောက်ရာတွင် သူမ၏ နှလုံးသားတွင်းမှ ခရစ်တော်က 'နိုးဟုဆိုပြီး ငါ့အားကြီးမားသော ဘုန်းဂုဏ်တော်ကိုဖြစ်စေမည့် အသင်းဂိုဏ်း တစ်ခု၏ မိခင်အဖြစ်ငါအလိုရှိသည်။ ဤအသင်းဂိုဏ်းသည် ဆပ်ဖြေခြင်းအမှုပြုလုပ်ရန်ဖြစ်သည်’ ဟုမိန့်မှာတော်မူ ၏။ သူမသည် ဤဆပ်ဖြေခြင်းအမှုတော်ကို တိကျခိုင်မာသောဖွဲ့စည်းမှုဖြစ်ရန် ပုံဖော်စဉ်းစား ခဲ့သည်။ နောက်ဆုံးတွင် (Pious Reparation Union of the Most Precious Blood )အဖွဲ့ဖြစ်ပေါ်လာပြီး တိုတောင်းသော အချိန်ကာလအတွင်း လူပေါင်း(၃၀၀၀)ကို စုစည်းမိခဲ့သည်။ ကာဒီနယ်မောနိကိုမှ အပြည့်အဝထောက်ခံမှုကို ရရှိခဲ့ပြီပုပ်ရဟန်းမင်းကြီး (၁၆) ပါးမြောက်ဂေဂေါ်ရီမှလည်း များစွာသောအပြစ်ခွင့်လွှတ်ခြင်း ကျေးဇူးတော်များ (Indulgences)ကိုပေးသနားတော်မူခဲ့သည်။ ထို့နောက်တွင် အောင်မြင်မှုများ ရရှိလာသည်နှင့်အမျှ စုံစမ်း နှောက်ယှက်မှုများကိုလည်း အလူးအလဲပင်ခံခဲ့ရသည်။ တစ်ခုသော သူမ၏မှတ်တမ်းတွင် သူမသည် မကြာခဏဆို သကဲ့သို့ အတွင်းစိတ်၌မီးနှင့်တူသော ပူလောင်ခြင်းမျိုးကို ခံစားရသဖြင့် မကြာခဏရေသောက်၍ ထိုပူလောင်ခြင်းကို ကုသခဲ့ရလေသည်။ ကျန်းမာရေးထိခိုက်မှုများ ဖြစ်လာသော်လည်း အဲန်းသည် ဆိတ်ဆိတ်နေ၍ သူမ၏ ရောဂါကိုထမ်းခဲ့သည်။ သို့ရာတွင် ဘုရားသခင်သည် သူမအားကျေးဇူးတော်များ သွန်းလောင်းပေးလျက် ရှိနေသည်။
အဲန်း၏ ခိုင်မာသောယုံကြည်ခြင်း
အဲန်းသည် သူမ၏ကျန်းမာရေး ချို့တဲ့လာမှုနှင့်အတူ ဒုက္ခအခက်အခဲများကို သတ္တိရှိရှိ ယုံကြည်ခြင်းနှင့် ခံထမ်းခဲ့သည်။ သူမသည် ကျန်းမာရေးအတွက် ရှည်လျားသောဆေးကုသမှု ခံယူရမည်ကို စိုးရိမ်လာသည်။ အကယ်၍ သူမ၏နာမကျန်းဖြစ်ခြင်းသည် ဘုရားသခင်၏ချစ်ခြင်းမေတ္တာကြောင့် ဖြစ်ခဲ့ပါလျင် စိန့်ပေါလ်ကဲ့သို့ အားနည်းမှုထဲမှ ဘုရားသခင်၏ဂုဏ်တော်အတွက် ပေးဆပ်မည်။ ချီးမွမ်းမည်။ အရာအားလုံးကို ဘုရားသခင်ပေးသနားခဲ့ကြောင်း မိမိကိုယ်ကိုယုံကြည်မှုအပြည့်ဖြင့် နှစ်သိမ့်မှုများပေးခဲ့သည်။ မှတ်တမ်းတစ်ခု၌ ငါသည်ကြောက်ရွံ့ခြင်းနှင့် စိတ်ဓါတ်ကျခြင်းကို တွန်းလှန်နိုင်သော ခိုင်မာတောင့်တင်းသည့်နှလုံးသားကို ပိုင်ဆိုင်ထားသည်”ဟူ၍ ရေးသားထားသည်ကိုလည်း တွေ့မြင်နိုင်မည်ဖြစ်သည်။ ၎င်းမှတ်တမ်း ကိုရေးသားချိန် တွင် သူမ၏အသက်သည် (၂၉)နှစ် ရှိခဲ့ပေပြီ။ဆရာဝန်မှ အဲန်းအားအနီးကပ်ဆေးကုသမှု ခံယူရန်အတွက် အကြံပေးခဲ့သည်။သို့သော်အဲန်းအနေဖြင့် ဆေးကုသမှုမခံယူပဲနေလျှင် သာ၍ကောင်းမည်ဟူသည့် အတွေးတစ်ခု ဝင်လာခဲ့သည်။ အဘယ်ကြောင့်ဆိုသော် အဲန်းသည် စိန့်အလွိုက်ရှက်၏ကျင့်စဉ်ကို အားကျမိသည်။ တစ်ခါကစိန့်အလွိုက်ရှက်၏ အကြီးအကဲမှ သူ့အား ဘုရားသခင်အကြောင်းကို မတွေးတောဘဲ ခဏတဖြုတ်နေရန် တောင်းဆိုခဲ့ဖူးသည်။ သို့သော် သူ့အားဘုရားသခင်က ဆွဲဆောင်နေသောအရာကို မစဉ်းစားပဲမနေနိုင်ကြောင်း ပြောခဲ့ဖူးပါသည်။ အလားတူပင် အဲန်းသည်လည်း သူမ၏စိတ်နှလုံးထဲသို့ ဘုရားသခင်ကြွဝင်မှုကို မတားဆီးနိုင်ကြောင်းပြောခဲ့သည်။နောင်နှစ်အနည်းငယ်ခန့်အကြာတွင်သူမ၏ရည်မှန်းချက်အိပ်မက်သည် အကောင်အထည်ပေါ်လာခဲ့သည်။ အထူးသဖြင့် သူမ၏တမန်တော်လုပ်ငန်းက သက်သေထူခဲ့သည်။ သူမထံ ခိုလှုံကြသော ဆင်းရဲသားများကို နှုတ်အားဖြင့်ဖြစ်စေ၊ စာအရေးအသားများဖြင့်ဖြစ်စေ၊ ကူညီမှုများပေးနိုင်ခဲ့သည်။ ထို့ကြောင့် သူမကို လေးစားသူများတဖြည်းဖြည်းများပြားလာခဲ့သည်။ ဤသို့သောအခြေအနေမျိုးအတွက် သူမသည်ဘုရားသခင်အား အမှန်တကယ်ပင် ကျေးဇူးတင်နေမိခဲ့သည်။ ပန်းပုဆရာသည် လှပသောပန်းပုရုပ်လေး တစ်ခု ဖြစ်လာစေရန် လိုအပ်သလိုထွင်းထုခဲ့ခြင်းပင်ဖြစ်သည် မဟုတ်ပါလော။
စွန့်လွတ်အနစ်နာခံသောအဲန်း
အဲန်း၏အဝတွင် စုံစမ်းနှောက်ယှက်မှုများစွာ ကြုံတွေ့ခဲ့ရပြီး ဝိညာဥ်ရေးရာ၌လည်း ပြင်းထန်စွာခံခဲ့ရသည်။ မည်သည့်အခက်အခဲများနှင့်ပင်တွေ့ကြုံရစေကာမူ ဘုရားသခင်သည် သူမအားစွန့်ပစ်မထားကြောင်းလို့သူမအတိအကျယုံကြည်ခဲ့သည်။ ၁၈၉၂ ခုနှစ် သူမ၏မှတ်တမ်းတွင် ငါသည်ဒုက္ခဆင်းရဲ အနစ်နာခံမှုကို ဆာလောင်၏။ မိဘများ၏ ဆန့်ကျင်မှုဒဏ်ကိုခံရခြင်း၊ ဝိညာဥ်ရေးရာကျင့်စဉ်များကို ရပ်ဆိုင်းထားရခြင်း၊ကျန်းမာရေးကြောင့် ခံစားရခြင်း၊ “ဤအရာအားလုံးတို့သည် ငါဆာလောင်နေသော တောင့်တမှုများဖြစ်သောကြောင့် ဘုရားသခင်သည် ငါ၏နှလုံးတွင် လေးနက်စွာဖြင့် ခံထမ်းရန်စီစဉ်ပေးခြင်းဖြစ်၍ ငါ၏တောင်းလျှောက်သံကို ဘုရားသခင် နားမညောင်းပဲ မနေပါ” ဟုရေးသားထားသည်။
အဲန်းသည် ထောင်ပေါင်းများစွာသောဝိညာဉ်များကို ကယ်တင်လိုသည့်ပူဇော်မှုကို ပြုလုပ်လို၏။ သို့မှသာ လူသားအားလုံးသည် ဘုရားသခင်ကိုသိရှိလာကြပြီး ချစ်ခင်လာနိုင်ကြပေလိမ့်မည်။ ထို့ကြောင့် သူမသည် အနည်းဆုံးဝိညာဥ်တစ်ခုလို ကယ်တင်နိုင်ခဲ့သော် တာရှည်စွာနေရလျှင်လည်း အကြောင်းမဟုတ်၏”ဟုပြောကြားခဲ့သည်။ ၁၈၄၈ ခုနှစ် မှတ်တမ်းတွင် တစ်ပါးသူတို့၏ ကမ္ဘာကုန်သည့်တိုင်အောင် ငရဲငယ်တွင် အပြစ်များအတွက် ဆပ်ဖြေပေးလိုသော တာဝန်ကိုယူရန် စိတ်ဆန္ဒတဖွားဖွား ဖြစ်ပေါ်လာခဲ့သည်။ သူမ၏အသက် (၃၃) နှစ်တွင် ကိုယ်ရောစိတ်ပါ ဒုက္ခအခက်အခဲများနှင့် ကြုံတွေ့ ခဲ့ရသော်ငြားလည်း ခရစ်တော်အတွက် ရည်စူး၍ မိမိ၏ ဒုက္ခအကြောင်းကို တစ်ခွန်းမျှပင်ဖွင့်ဟပြောဆိုခြင်းမပြုဘဲ နှုတ်ဆိတ်နေခဲ့သည်။ ခရစ်တော်သည် သူ၏အလိုတော်ကို သူမ၏ သြတ္တပ္ပစိတ်အားဖြင့် စကားတော်မိန့်မှာလျက် ရှိနေသည်။၁၉၅၁ခုနှစ် မှတ်တမ်းတွင် ငါ၏ဒုက္ခများသည် တစ်နေ့ထက်တစ်နေ့ကြီးထွားများပြားလာ၏။ဖခင်၏စီးပွားရေးလုပ်ငန်းများကျဆင်းလာခြင်း၊အထောက်အပံ့နည်းလာခြင်း၊ရောင်းချမှုနှုန်းနည်းပါးလာခြင်းတို့ကြောင့် မျှော်လင့်ချက်ကုန်ခမ်း၍ ရူးသွပ်သွားမည်ကို စိုးရိမ်ပူပန်မိသည်”ဟုရေးသားခဲ့သည်။ဤအတောအတွင်းတွင် မိသားစုငွေရေးကြေးရေးပြဿနာများကို ဖြေရှင်းပေးရင်း နောက်ဆုံး အဲန်းမွေးဖွားခဲ့သည့် အိမ်ကြီးနှင့်ဥယျာဉ်ကိုပါအလျင်အမြန်ရောင်းချခဲ့ရလေသည်။အိမ်ရောင်းပြီးသည်နောက် ဖခင်ကြီး၏အခြေအနေမှာ ပိုပိုဆိုးရွားလာကာ နောက်ဆုံးတွင်ဖခင်ကြီးသည်စိတ်ဖိစီးမှုဒဏ်ကြောင့်ဘဝနိဂုံးချုပ်ခဲ့သည်။
အဲန်း၏ဖခင်ကြီးကွယ်လွန်ချိန်တွင် နောက်ဆုံးစက္ကရာမင်းမင်္ဂလာပေးခဲ့သည့် မော်ဆီညော်ဇူအဲနစ်ချ်မှဤကဲ့သို့ မှတ်တမ်းတင်ခဲ့သည်။ဤဝမ်းနည်းဖွယ်ကောင်းသောအချိန်အခါတွင်အဲန်း၏ခရစ်ယာန်စိတ်ဓာတ်ကိုကျွန်ုပ်လေးစားမိသည်။သူမသည် ပူဆွေးမှုကိုကြိတ်မှိတ်သည်းခံရင်း အေးချမ်းတည်ငြိမ်စွာဖြင့် ကျွန်ုပ်နှင့်အတူ မေတ္တာများကို လိုက်ဆိုနိုင်ခဲ့သည်။ သူမအလွန်အလွန် စိတ်သောကဖြစ်နေသည်ကိုလည်း ကျွန်ုပ်မှတ်မိသည်။ အဘယ်ကြောင့်ဆိုသော် သူမ၏ဖခင်သညfလေသင်တုန်းဖြတ်ထားသော လူမမာဖြစ်သောကြောင့် အာပတ်ဖြေခြင်း စတ္တရာမင်းမင်္ဂလာနှင့် ကိုယ်တော်မြတ်စက္ကရာမင်းမင်္ဂလာကို မခံယူနိုင်ချေ။ သို့သော် ဖခင်ကြီးသည် အသက်ထွက် ခါနီး(၁)နာရီအလိုတွင် မျှော်လင့်ခြင်းအပြည့်နှင့် အရာအားလုံးကို ကျော်လွှားနိုင်ခဲ့ပြီး စက္ကရာမင်းမင်္ဂလာများကို ခံယူနိုင်ခဲ့လေသည်။ လူနာအတွက် လာရောက်ဆုတောင်းပေးကြသော ယုံကြည်သူများက ဤကဲ့သို့ဖြစ်ရခြင်းမှာ အဲန်း၏ ဆုတောင်းမေတ္တာကြောင့်ဖြစ်ကြောင်း အသိအမှတ်ပြုခဲ့ကြသည်။၎င်းအပြင် ၁၈၅၁ ခုနှစ်တွင် တစ်ခုသော ပါစကားပွဲနေ့ကြီး၌ တရားနာပရိသတ်များကို တရားပေးနေစဉ် ကာဒီနယ်မောနိကိုသည် နှလုံးရောဂါကြောင့် ပျံလွန်တော်မူခဲ့ရပြန်လေသည်။ ဗင်းနစ်မြို့သူမြို့သားများသည် မိမိတို့၏ဝိညာဉ်ရေးဖခင်ကြီး ပျံလွန်တော်မူသည့် အတွက် ဝမ်းနည်းကြေကွဲခဲ့ကြသည်။ ထိုအထဲတွင် အဲန်းသည်ပို၍ပင်ယူကျုံးမရ ခံစားခဲ့ရသည်။ အဘယ်ကြောင့်ဆိုသော် ကာဒီနယ်သည် ဒုက္ခအခက်အခဲ ကြုံတွေ့နေသူများကို ဖခင်တစ်ဦးသဖွယ် နှစ်သိမ့်မှု ပေးစွမ်းနိုင်သောကြောင့်ဖြစ်သည်။ ဘုရားသခင်သည် သူမထံမှ သူမချစ်ခင်လေးစားရသော ပုဂ္ဂိုလ်များ တစ်ယောက်ပြီးတစ်ယောက် သိမ်းပိုက်သွားပုံကို ထောက်ရှုကြည့်မည်ဆိုလျင်သူမအား ဘုရားသခင်တစ်ပါးတည်း ကိုသာ ယုံကြည်အားကိုးပြီး ပူးပေါင်းတတ်စေရန် သွန်သင်နေကြောင်းကို သူမသိရှိနားလည်နိုင်ခဲ့လေသည်။
ခရစ်တော်နှင့်အတူ
ဘုန်းတော်ကြီး ဒါနီအဲလ်သည် အပယ်ခံကလေးသူငယ်များ၏ ဘဝကို မြင့်တင်ပေးရန်နှင့် ၎င်းကလေးများအား ပြုစုစောင့်ရှောက်ရန် ဟူသောသူ၏ရည်ရွယ်ချက်များကို အဲန်းအားပြောပြရန် ချဉ်းကပ်ခဲ့သည်။ အဲန်းကလည်း သီလရှင်ဖြစ်ရန် ဆန္ဒပြင်းပြနေသည့်အချိန်နှင့် တစ်ထပ်တည်းကျနေချိန်ဖြစ်သောကြောင့် ထိုလုပ်ဆောင်ချက်ကို ပြုလုပ်ရန် ဆုံးဖြတ်လိုက်လေတော့သည်။ ထိုအချိန်မှစ၍ သူမသည် ကာဒီနယ်မောနိကို၏ အရိုက်အရာကိုဆက်ခံ သော ဂိုဏ်းချုပ်ဘုန်းတော်ကြီးရာမာဇော့တီ နိုင်ငံရပ်ခြားသာသနာပြုများအတွက် အသင်းတော်မှ အသိအမှတ်ပြု ထားသည့် အသင်းဂိုဏ်း (PIME) ကို တည်ထောင်သူနှင့် တိုင်ပင်ခဲ့သည်။ထိုဂိုဏ်းချုပ်ဘုန်းတော်ကြီးက ‘ဤအစီအစဉ်ကို သင်ငြင်းဆိုခဲ့ပါလျင် ပျက်စီးသွားလိမ့်မည်ဖြစ်ပြီး အကယ်၍ သင်လက်ခံမည်ဆိုပါက ကြီးမားသော အောင်မြင်မှုကို ရရှိလိမ့်မည်။ တချိန်ချိန်တွင် သင်သည်အခက်အခဲကြုံတွေ့ငြားသော်လည်း ကျွန်ုပ်တို့သည် အကူအညီပေးရန် အမြဲတမ်းအဆင်သင့်ရှိနေမည်။ ထို့ကြောင့်ရိုးသားခြင်းဖြင့် ဤအစီအစဉ်ကိုလက်ခံပါ ဘုရားသခင်၏ အလိုတော်ဖြစ်ပါသည်' ဟုအကြံပေးခဲ့သည်။ထိုအချိန်တွင် မော်ဆီညော် ကာနယ်သည် လုပ်ငန်းအကောင်အထည်ဖေါ်ရန်အတွက် ရန်ပုံငွေရှာဖွေရန် ဗီယာနာ၊ ပရာဂွေး၊တွိုင်ရိုလ်၊ ဩစတြီးယား နှင့် ဒါလီမာတီယာသို့ ခရီးထွက်နေချိန်ဖြစ်သည်။ ထို့နောက် အဲန်းသည်သူမနှင့် လိုလိုလားလား လက်တွဲပြီး အလုပ်လုပ်လိုသောကောင်းမွန်သည့် မိန်းကလေးများကို ရှာဖွေနေခဲ့သည်။ ဘုရားသခင် အလိုရှိပါလျင် ခရစ်တော်သခင်၏ နှလုံးတော်ကို ထိခိုက်စော်ကားမှုများအတွက် ဆပ်ဖြေရန်နှင့်အပြစ်သားများ နောင်တတရား ရရှိစေရန်အတွက် ဆုတောင်းပေးလိုသော ရည်ရွယ်ချက်ဖြင့် သူမသည်အသင်းဂိုဏ်းတစ်ခုကို တည်ထောင်ရန် ရည်ရွယ်ခဲ့သည်။ ၎င်းနောက် အနည်းငယ်သော အမျိုးသမီးငယ်များနှင့် အသင်းဂိုဏ်းကို အစပြုခဲ့သည်။ ဤရည်ရွယ်ချက်များကြောင့် သူမကိုယ်တိုင်မိန်းကလေးများကို အပင်အပန်းခံပြီး သင်တန်းများပေးခြင်း၊ ခရစ်တော်နှင့် နီးစပ်မှုရရှိရန် ကမ္မဋ္ဌာန်းရှုခြင်း၊ ကိုယ်တော်မြတ်ဖူးမျှော်ခြင်းများ ပြုလုပ်တတ်ရန် သွန်သင်ပေးခြင်းများ ပြုလုပ်ခဲ့သည်။ ဂိုဏ်း၏စည်းမျဉ်းဥပဒေများကိုလည်း ရေးဆွဲခဲ့သည်။ သူမရေးဆွဲသော ဥပဒေများကို ဥပဒေကျွမ်းကျင်သူ ဗင်းနစ်မြို့မှ ဘုန်းတော်ကြီးတစ်ပါးက 'ကောင်းကင်မှ လမ်းညွှန်သော ဥပဒေ' ဟု တင်စားခဲ့သည်။ အတွေ့အကြုံရှိပြီး လက်တွေ့ဆန်သော အဲန်းသည် လူ၏စိတ်နှလုံးသားအတွင်း၌ မြင့်မြတ်သော စိတ်ဓါတ်ရှိရန် မိမိရေးဆွဲထားသော စည်းမျဉ်းဥပဒေအတွင်းတွင် ထည့်သွင်းရေးဆွဲခဲ့သည်။၁၈၆၄ခုနှစ်၊ ဇူလိုင်လတွင် သူမနှင့် အပေါင်းပါအမျိုးသမီး (၄) ဦးတို့သည် (The house of Servites)ဂိုဏ်းသို့ သီလရှင်ဘဝအစပြုရန် ဝင်ရောက်ခဲ့ကြသည်။ ၁၈၆၄ ခုနှစ်၊ နိုဝင်ဘာလ ၂၁ ရက်နေ့ သူငယ်တော်ယေဇူးကို ဗိမာန်တော်တွင် တင်ပူဇော်သော ပွဲနေ့ကြီး၌ အမျိုးသမီး (၈) ဦးထပ်မံ၍ သီလရှင်ဘဝကိုခံယူခဲ့ကြပြီး သန့်ရှင်းသော ယေဇူးရွှေနှလုံးတော်၏ ဆပ်ဖြေခြင်းသီလရှင်များ' အသင်းဂိုဏ်းကို စတင်တည်ထောင်ခဲ့ကြသည်။ အသင်းဂိုဏ်းကို တည်ထောင်သူနှင့် မိခင်ကဲ့သို့ တာဝန်ယူသူမှာစစ္စတာရ်အဲန်းမေရီမားရိုးဗစ်ချ် ကိုယ်တိုင်ပင်ဖြစ်ပါတော့သည်။
မေတ္တာကရုဏာရှင်အဲန်း
အဆောက်အဦး ဆောက်လုပ်သည့်လုပ်ငန်း ပြီးစီးသွားသောအခါ အဲန်းသည်အနာဂတ်သမီးများ စုဆောင်းရန်ရှာပုံတော်ထွက်ခဲ့ရသည်။၁၈၆၄ ခုနှစ်၊ဇူလိုင်လ၂၃ ရက်ပါ မှတ်တမ်းတစ်စောင်တွင်သူမ၏ သူငယ်ချင်းတစ်ဦးဆီသို့စာတစ်စောင်ရေးသားခဲ့သည်။ သူမသည် ဂျူဒေကာထောင်ထဲတွင် ခိုကိုးရာမဲ့ မိန်းကလေးများကို သွားရောက်ရှာဖွေခဲ့ကြောင်း၊ သူမတည်ထောင်ထားသောဂိုဏ်း၏ စည်းမျဉ်းနှင့်အညီ သူတို့၏ ဘဝကို ကယ်တင်ရမည်ဖြစ်သောကြောင့် အလွန်ပင် နှစ်သက်ကျေနပ်ကြောင်း ရေးသားထားသည်။စစ္စတာရ်အဲန်း၏ တစ်ခုတည်းသောဆန္ဒသည်ကား ထိုပျက်စီးနေသောမိန်းကလေးများကိုသူတို့၏ဆိုးဝါးသောဘဝဟောင်းသို့ ပြန်လည်ရောက်ရှိသွားခြင်းမရှိစေရန်ပင်ဖြစ်သည်။သူတို့သည်သော့များဖြင့် ပိတ်ခတ်ထားခြင်းကိုခံရသောဘဝ၊လူအများ၏ လစ်လျူရှုမှုကိုခံရပြီး ခိုင်းစေသမျှကိုလုပ်ကိုင်ရသည့်ဘဝ၊ထိုသို့သောဘဝ၌နေထိုင်ခဲ့ကြရသည်။ထို့ကြောင့်ဘဝသစ်နှင့်အိမ်သစ်ထဲသို့ဝင်လာကြသည့်ထိုမိန်းကလေးငယ်များကို အိမ်အဝင်ဝမှပင်မိခင်မေတ္တာအပြည့်နှင့်ကြိုဆိုခြင်း၊တစ်နေ့တာလုံးသူတို့နှင့်အတူရှိနေခြင်း၊ ညရောက်လျင်အိပ်ယာဝင်သိပ်ပေးခြင်း၊ အေးချမ်းစွာ အိပ်စက်အနားယူနိုင်သည့် အခြေအနေတို့ကို ဖန်တီးပေးခဲ့သည်။ဤဂေဟာထဲတွင် နေထိုင်စဉ် သူတို့၏ဘဝကို ပြန်လည်ပြုပြင်ထူထောင်ပေးရာ၌ ဘုရားတရားရှိစေရန်၊ အိမ်တွင်းမှုဆိုင်ရာအလုပ်များလုပ်ကိုင် တတ်စေရန်၊ စိုးရိမ်သောကမရှိစေရန်၊ နေ့စဉ်လုပ်ငန်းများကို တိကျမှန်ကန်စွာ လုပ်ကိုင်ဆောင်ရွက်တတ်စေရန် တို့ကို သိမ်မွေ့ ချိုသာစွာဖြင့် လမ်းညွှန်ပေးခဲ့သည်။ တစ်နေ့သောအချိန်၌ မိမိတို့ဌာနေကို ပြန်ရောက်သွားသောအခါ သူတို့လျှောက်လှမ်းရမည့် ဘဝလမ်းခရီးကို စိတ်အေးချမ်းတည်ငြိမ်စွာဖြင့် လျှောက်လှမ်းသွားနိုင်ကြမည် ဖြစ်ကြောင်း ယုံကြည်သည်။ သို့မှသာလျှင် ဆုတောင်းခြင်းအမှုပြုနေစဉ် ခရစ်တော်သခင်မိန့်ဆိုခဲ့သည့် သင့်ကို ကလေးသူငယ်မြောက်များစွာ၏ စစ္စတာရ်အဲန်းမိခင်ဖြစ်စေမည်ဟူသော ကတိစကားသည် ပြည့်စုံတော့မည် ဖြစ်သည်။၎င်းနှစ်များအတွင်း ဖြစ်ပျက်ခဲ့သည့် အကြောင်းအရာများသည်ပင် သက်သေထူနေပေပြီ။၎င်းမိန်းကလေးများကို ပြုစုရန်အတွက် ကောင်းသောပြင်ဆင်ချက်များနှင့်အကောင်ထည်ဖော်လုပ်ဆောင်ရန် ဖြစ်သည်။ ဘုရားသခင်သည် စစ္စတာရ်အဲန်းအားဖြင့် ဤအလုပ်ကို လုပ်ဆောင်ရန်ဆက်လက်ပြီး ပြင်ဆင် ဆောင်ရွက်ခဲ့သည်။ ထို့ကြောင့်ဘုရားသခင်သည်”သူမကိုငယ်ရွယ်စဉ်ကတည်းကပင်ရင့်ကျက်သောသူတစ်ဦးအဖြစ်အလိုတော်ရှိခဲ့သည်။ကမ္ဘာလူသားအားလုံး၏ အပြစ်များအတွက်ဆပ်ဖြေခြင်းပြုလုပ်ရန်သူမ၏စိတ်ကို ပြင်ဆင်ပေးခဲ့သည်။ ထို့အပြင် ဘုရားသခင်သည် စစ္စတာရ်အဲန်းကို နှိုင်းမရသောမေတ္တာစေတနာများ ထားရှိတတ်ရန် ကျေးဇူးတော်များပေးသနားခြင်းဖြင့် သူမအားထိုတာဝန်ကို ယူနိုင်ရန်အတွက် ပံ့ပိုးပေးခဲ့သည်။ ဤကဲ့သို့သော မေတ္တာစေတနာများနှင့်အတူ စစ္စတာရ်အဲန်းအားအဖွဲ့အစည်းကို အုပ်ချုပ်နိုင်ရန်၊ ကြီးလေးသော တာဝန်ကို မိသားစုအဖွဲ့အစည်းကဲ့သို့ ဖွဲ့စည်းတည်ထောင်ရန် ကူညီပေးခဲ့သည်။သနားစရာကောင်းသည့် ပျက်ဆီးလေလွင့်နေသော မိန်းကလေးများသည် လူအများစော်ကားခြင်းကိုခံကြရသည်။ အပြစ်ရှိသူများဟု မျက်လုံးအစုံဖြင့်ကြည့်တတ်ကြပြီး သူတို့၏ဘဝကိုဝေဖန်ဆုံးဖြတ်ကြသည်။ ဤသို့ဖြင့် ၎င်းတို့ကို ဒဏ်ပေးမည့်အစား ၎င်းတို့၏ဘဝရှေ့ရေးကိုတာဝန်ယူပေးခြင်း၊ မသိကျေးကျွန်ပြုခြင်းထက် မေတ္တာနှင့် ကုသပေးခြင်း၊ညှိုးနွမ်းနေသောပန်းများကို နူးညံ့ပျော့ပျောင်း သောလက်များဖြင့် ဒုစရိုက်နွံမှဆယ်ထုတ်ပေးပြီး ယခင်ကရှိနှင့်ပြီးသော ၎င်းတို့၏ဘဝအလှများနှင့် ပြန်လည်ရှင်သန်နေကြရမည်ဖြစ်သည်။ စာရိတ္တပျက်ပြားနေ သည့် မိန်းကလေးများ၏ဘဝကို ပြန်လည်ပြုပြင်ပေးရာတွင် အလွန်ကြင်နာနူးညံ့သော စိတ်များထားရှိပြီး လုပ်ကိုင် ရပေမည်။ထိုကဲ့သို့ ကြိုးစားပေးသင့်ကြောင်းကို စစ္စတာရ်အဲန်းသည် အခိုင်အမာယုံကြည်မှုရှိခဲ့သည်။ ထို့ကြောင့် ထိုသို့သောမိန်းကလေးများ၏ ဘဝကိုကယ်တင်ရန် အခြေပြု၍အသင်းဂိုဏ်းအား တည်ထောင်နိုင်ခဲ့ သည်။ ဘုရားတရားရေး၌လည်း လက်တွေ့ကျင့်ဆောင်နိုင်ရန် အတင်းအဓမ္မစေခိုင်းခြင်းမပြုပဲ ကိုယ်တိုင်ရင်တွင်းမှ ဖြစ်ပေါ်လာသည့်ဆန္ဒနှင့်သာ ဆုတောင်းနေရပါမည်။ ကြင်နာမူကို အဓိကပြဌာန်းချက်တစ်ခုအနေနှင့် ထားမှသာလျင် မိန်းကလေးများ နားလည်သဘောပေါက်လာပြီး ကွန်ဗင့်ကျောင်းတွင် နေခဲ့သည့်အချိန်များ၌ သီလရှင်များ၏ ကြင်နာမှုများ ပြုစုမှုများ ရရှိခဲ့ကြောင်းကို ရင်ထဲမှလေးလေးနက်နက် သတိရနေမည်ဖြစ်သည်။ အရေးကြီးဆုံးမှာ မသေဆုံးမှီ နောင်တတရားရရှိပြီး ကောင်းသောသေခြင်း ရရှိစေရန်ပင်ဖြစ်သည်။ဤသို့ စစ္စတာရ် အဲန်း ပြုစုထားသည့် ပြဋ္ဌာန်းချက်များသည် ပြည့်စုံကောင်းမွန်သည့် နည်းစနစ်တစ်ခုဖြစ်ပါသည်။ ၎င်းအထဲမှ သာဓကတစ်ခုမှာ(၁၆)နှစ် အရွယ်မိန်းကလေးတစ်ယောက်ကို ဂျူဒကာထောင်ထံမှ အိမ်သစ်သို့ခေါ်လာကြသော်လည်း သူမသည်မပြောင်းလဲခဲ့ချေ၊သီလရှင်များ၏ကြင်နာဂရုစိုက်မှုများ ခံရသော်လည်း မျှော်လင့်ချက်မရှိသောဘဝမျိုးနှင့်သာနေထိုင်ခဲ့သည်။စစ္စတာရ်များသည် ကြိုးစားကြသော်လည်းမအောင်မြင်သောကြောင့် နောက်ဆုံး၌စစ္စတာရ်အဲန်းဆီသို့ခေါ်ဆောင်လာခဲ့ကြသည်။စစ္စတာရ်အဲန်းက ဘုရားသခင်သည်သူမ၏စိတ်ရှည်ခြင်းကို စမ်းသပ်ကြောင်းချက်ချင်းနားလည်ခဲ့သည်။၎င်းမိန်းကလေးကို ပြုပြင်ပေးနိုင်ရန်အတွက် မိမိစိတ်စေတနာထက်သန်မှုကို အထူးရှေ့တန်းတင်ထားရပြီးမကြာခဏသူမအတွက် ဆုတောင်းပေးခြင်းနှင့် သူမကိုပြုပြင်နိုင်ရန် အလင်းကျေးဇူးကို ပေးသနားတော်မူပါရန်ကိုလည်း ဘုရားသခင်ထံ တောင်းခံခဲ့သည်။ထိုမိန်းကလေးကို ချစ်ခင်ကြင်နာစွာဖြင့် အမြဲတမ်းပင်ဆက်ဆံသည်။ဒဏ်ပေးစနစ်ကိုမသုံး၊ဒေါသကိုမပြ၊ညင်သာစွာနှင့်သူမကိုဆက်ဆံပြောဆိုခဲ့သည်။တစ်နေ့တွင် မိန်းကလေးသည်အဖျားဝင်လာတော့ သည်။ပေကပ်ကပ်နိုင်သောတင်းမာမှုများကို ပိုမိုလုပ်လာတော့သည်။သူမ၏ အုံ့မှိုင်းမှိုင်းပုံသုန်သုန် အမူအရာသည် ပိုမိုဆိုးလာသော်လည်း စစ္စတာရ်အဲန်း၏ ချိုသာလှသောမေတ္တာကို မကျော်လွန်နိုင်ခဲ့ပေ။ နောက်ဆုံးတွင် ထိုမိန်းကလေးသည် စစ္စတာရ်အဲန်း၏ မေတ္တာစေတနာကိုနားလည်လာခဲ့သည်။ ၎င်းမိန်းကလေးငယ်သည် နောင်တတရားနှင့်ကိုယ်တော်မြတ်စက္ကရာမင်းမင်္ဂလာကိုမကြာခဏဆိုသလိုမျက်ရည်များဖြင့်ပင့်ယူခဲ့လေသည်။နောင်တရရှိပြီး တစ်လခန့်အကြာတွင် သူမသည်ကောင်းသောသေခြင်းဖြင့် သေဆုံးသွားခဲ့သည်။ဤသို့ဖြင့် စစ္စတာရ်အဲန်းသည်မြောက်များစွားသောစာရိတ္တပျက်ပြားနေသည့် မိန်းကလေးများကိုဘဝမှန်သို့ပြန်လည်ရောက်ရှိစေရန်ပြုပြင်ခဲ့သည်။အချို့သောမိန်းကလေးများသည် ပို၍မြင့်မြတ်သော အသက်တာကိုပင် ဆွတ်ခူးနိုင်ကြပြီးသီလရှင်ဘဝအသက်တာကိုရယူခဲ့ကြလေသည်။စစ္စတာရ်အဲန်းသည် သူ၏မျှော်လင့်မျက်များ ပြီးပြည့်စုံ၍ ဘုရားသခင်အတွက်အသုံးတော်ခံအဖြစ်အသက်ရှင်ရသည်ကိုကျေးဇူးတင်နေမိလေသည်။
**ဂျူံနှင့်တူသောပျိုးပင်ငယ်**
မွန်ဆီညော်ကာနယ်နှင့် စစ္စတာရ်အဲန်းတို့ တည်ထောင်ထားသည့်အသင်းဂိုဏ်းသည် တိုးတက်ပြောင်းလဲမှုများရှိခဲ့လေသည်။ချမှတ်ထားသောစည်းမျဉ်းများကိုကောင်းမွန်စွာ လိုက်နာစောင့်ထိန်းခဲ့ကြသည်။သီလရှင်များအတွက် သင်္ကန်းကိုလည်း ရွေးချယ်ခဲ့သည်။ဘုရားတရားကြည်ညိုသော ဗင်းနစ်သူလေးများသည်ဤသို့သော အသစ်ဖွင့်လှစ်ထားသည့်သီလရှင်အသင်းဂိုဏ်းကို စိတ်ဝင်စားလာကြပြီး ဝင်ရောက်ရန်စိတ်ဆန္ဒရှိလာကြသည်။၎င်းတို့ထံမှ ဝင်ခွင့်တောင်းဆိုမှုများစတင်ပြီးတဖွဲဖွဲဝင်လာခဲ့သည်။ထို့ကြောင့်စစ္စတာရ်အဲန်းသည် စိတ်ပူပန်မှု အနည်းငယ်ဖြစ်ခဲ့သည်။သူမသည် အမြဲတမ်းဆိတ်ငြိမ်ခြင်းကိုမြတ်နိုးသူပီပီ ထင်ပေါ်ကျော်ကြားမှုသည်သူမ၏ ဘဝထဲသို့ ရောက်ရှိလာမည်ကိုမနှစ်မြို့ခဲ့ချေ။သူမ၏မှတ်တမ်းတွင် မည်သူသည် မိမိ၏ နားတဝိုက်တွင် တဝီဝီနှင့် ညည်းနေသောခြင်တစ်ကောင်၏ ညည်းသံကိုသည်းခံနိုင်သနည်း။ဤသို့ စိတ်အနှောင့်အယှက်ဖြစ်မည့်အစား အကိုက်ခံရလျင်ပင်သာ၍ကောင်းသေးသည်။ငါသည်လည်း ဤသို့ပင် ချီးမွမ်းခြင်းခံရသည်ထက်ပျားတုတ်ခြင်းနှင့်တူသောစော်ကားခြင်းကို ခံယူဖို့ရန်သာ၍ ရှိသည်”ဟု ရေးသားခဲ့သည်။ဤစကားများအားဖြင့် ရိုးသားနှိမ့်ချစွာနေလိုသောသူ၏စိတ်နေသဘောထားကိုသိရလေသည်။ဘုရားသခင်သည် အေးဆေးတည်ငြိမ်သောဘဝကို ဆာလောင်သည့်စစ္စတာရ်အဲန်းအား သန့်ရှင်းခြင်းအထွတ်အထိပ်သို့ရောက်အောင်ကျေးဇူးတော် အမြဲသွန်းလောင်းပေးခဲ့သည်။တစ်ချိန်တစ်ခါက စိန့်ဆယ်ဗိုလိုကျွန်းတွင်လူနာများကို ကြည့်ရှုပေးနေသည့်ဘုန်းတော်ကြီးပရိုဒိုချီးမို ဆာလေးရီယိုသည် သူမ၏မိသားစုဝင်များနှင့်သိကျွမ်းသူမိတ်ဆွေဖြစ်သည်။ထိုဘုန်းတော်ကြီး၌ ညီတော်ရဟန်းတစ်ပါးရှိပြီး အမည်မှာဘုန်းတော်ကြီးချားလ်စ်ဆာလေးရီယိုဖြစ်ကြောင်းသူသည်လည်း၎င်းကျွန်းနိုင်ငံတွင်သာသနာပြုသွားမည့်ဘုန်းတော်ကြီးတစ်ပါးဖြစ်ကြောင်းကို စစ္စတာရ်အဲန်းအားပြောပြသည်။နောက်ပိုင်း တွင် ထိုဘုန်းတော်ကြီးကားရ်လိုဆာလေးရီယိုသည် မီလန်၌သီလရှင်ဂိုဏ်းအသစ်တစ်ခုကိုတည်ထောင်ထားကြောင်း၊ဂိုဏ်း၏ရည်ရွယ်ချက်များသည် ဗင်းနစ်မြို့တွင်ရှိသောဆပ်ဖြေခြင်းသီလရှင်များနှင့်အလွန်ပင် ဆင်တူဖြစ်နေကြောင်းကို သိရသည်။ထို့ကြောင့် သူမတည်ထောင်ထားသည့် အသင်းဂိုဏ်းနှင့် အမည်နာမချင်း ဆင်တူသကဲ့သို့ ရည်ရွယ်ချက်မှာလည်းတူညီနေသည့် ၎င်းအသင်းဂိုဏ်းကို စစ္စတာရ်အဲန်းသည် အထူး စိတ်ဝင်စား လာခဲ့သည်။ထို့အတွက်ကြောင့် မိမိ၏အသင်းဂိုဏ်း ပိုမိုတိုးတက်ကောင်းမွန်လာအောင် ဆောင်ရွက်ရန် အလိုဆန္ဒရှိခဲ့သည်။ တစ်နေ့တွင် ဘုန်းတော်ကြီးကားရ်လိုဆာလေးရီယိုထံသို့ သူမ၏ဂိုဏ်းနှင့်ပတ်သက်သော သတင်းအချက်အလက်အချို့တို့ကို ပေးပို့လိုက်သည်။၎င်းနောက် ဘုန်းတော်ကြီးထံမှပြန်စာတစ်စောင်ကို ရရှိခဲ့ပါသည်။ထိုပြန်စာထဲ၌ ချစ်ခင်လေးစားရပါသောစစ္စတာရ်အဲန်း ခင်ဗျား ကျွန်တော်တို့၏ဘုရားကျောင်းဆောင်သစ်ဖွင့်ပွဲတွင် ကျွန်ုပ်နှင့်အတူအဖွဲ့ဝင်များအားလုံးက စစ္စတာရ်တို့ကို လေးစားစွာဖြင့် ဤအခမ်းအနားသို့ တက်ရောက်စေချင်ပါသည်။ ဤဘုရားကျောင်းဆောင်သည် ကျွန်ုပ်၏ အသင်းဂိုဏ်းအတွက် သီးသန့်ဆောက်လုပ်ထားခြင်းဖြစ်ပါသည်။ သို့ဖြစ်ပါ၍ ကျွန်ုပ်တို့နှင့်အတူနာရီပိုင်းအချိန်အတွင်း လိုရာဆုကျေးဇူးများတောင်းခံဖို့ရန် လာဖြစ်အောင်လာစေချင်ပါသည်”ဟု ပါရှိလေသည်။၎င်းစာလွှာကို အောက်တိုဘာလ(၅)ရက်၁၈၆၄ ခုနှစ်တွင် စစ္စတာရ်အဲန်း လက်ခံရရှိခဲ့ပါသည်။၎င်းနောက် အောက်တိုဘာ၁၅ ရက်တွင်ကျင်းပမည့် အခမ်းအနားသို့တက်ရောက်ရန် မွန်ဆီညော်ကာနယ်ကိုလည်း ဖိတ်ခေါ်လိုက်သည်။ စစ္စတာရ်အဲန်းသည် ဘုန်းတော်ကြီးကားရ်လိုဆာလေးရီယို၏ အသင်းဂိုဏ်းဖွဲ့စည်းပုံကိုတွေ့သောအခါ သူမ တည်ထောင်ထားသည့် အသင်းဂိုဏ်းနှင့် အားလုံးနီးပါး ဆင်တူနေသောကြောင့် ဤဂိုဏ်းနှစ်ခုကို ပူးပေါင်းလိုသောစိတ်ကူးများ ဖြစ်ပေါ်လာခဲ့သည်။သို့သော် မွန်ဆီညော်ကာနယ်၏ အမြင်နှင့်ဆန့်ကျင်မူဖြစ်မည်ကို စိုးရိမ်သဖြင့်စစ္စတာရ်အဲန်းသည် ဆိတ်ဆိတ်နေခဲ့သည်။ဆုတောင်းရင်း ပြောင်းလဲမှုတစ်ရပ်ဖြစ်လာမည့်အချိန်အထိ စောင့်နေ ရမညကို သူမနားလည်ခဲ့သည်။ ထို့နောက် ဗင်းနစ်တွင်ရှိသောသီလရှင်များသည် မီလန်တွင်ရှိသော အသင်းဝင်များ ကဲ့သို့ သီလရှင်များဘဝကို အစပြုခဲ့ကြသည်။စစ္စတာရ်အဲန်းအနေဖြင့် ဤကဲ့သို့သော ပြောင်းလဲခြင်းမျိုးကို ကန့်ကွက်စရာမရှိချေ။အရှက်ကွဲစရာ စွန့်လွှတ်အနစ်နာခံစရာအဖြစ်မသတ်မှတ်ဘဲ အလွန်ဖြူစင်ရိုးသားသော စိတ်ထားဖြင့်လက်ခံခဲ့သည်။လူ၏သဘောသဘာဝကို နားလည်သူတိုင်းတစ်ကိုယ်ကောင်းဆန်ခြင်းသည် ဘုရားတရားနှင့်ဆိုင်သောလုပ်ဆောင်မှုအတွင်းသို့တဖြည်းဖြည်းနှင့် တိတ်တဆိတ်ဝင်လာနိုင်ကြောင်း၊ သူတော်စင်၊ ရဟန်းသီလရှင်များပင်လျင်၎င်းတို့၏ရပိုင်ခွင့် အခွင့်အရေးများကို ဟစ်ကြွေးတောင်းဆိုလာနိုင်ကြောင်းကိုသိရှိကြသည်။ဤတစ်ကိုယ်ကောင်းဆန်ခြင်းကို နှိမ့်ချခြင်းဖြင့်သာလျင်အောင်မြင်မှု ရရှိမည်ဖြစ်ကြောင်းကို စစ္စတာရ်အဲန်းယုံကြည်ထားသည်။ ထို့ကြောင့် သူမအနေဖြင့် ဆက်လက်ပြီး ဘုန်းတော်ကြီးကားရ်လိုဆာလေရီယို နှင့် အဆက်အသွယ်ပြုလုပ်၍ အသင်းဂိုဏ်းနှင့်ပတ်သက်သော အကြောင်းအရာများ ပြေလည်မှုရှိအောင်ကြိုးစားခဲ့သည်။ သူမအပေါ်ဖခင်တစ်ဦးသဖွယ် အလွန်မေတ္တာတရားကြီးမားသော မွန်ဆီညော်ကာနယ်နားလည်စေရန်လည်းကြိုးစားခဲ့သည်။၁၈၆၇ခုနှစ်၌ ဘုန်းတော်ကြီးကားရ်လိုဆာလေးရီယိုထံမှ စာတစ်စောင်ရရှိခဲ့ပြန်သည်။ ထိုစာထဲတွင် ဘုရားသခင်အလိုရှိတော်မူသော ဆပ်ဖြေခြင်းအသင်းဂိုဏ်းနှစ်ခုပူးပေါင်းနိုင်ရေးအတွက် အထူး မျှော်လင့်လျက်ရှိကြောင်း၊ စစ္စတာရ်အဲန်း၏ သဘောထားကို အမြန်ဆုံးသိလိုကြောင်းဘုရားသခင် ကူညီစောင်မရန် ဆုတောင်းမေတ္တာ ပို့သလိုက်ပါကြောင်းပါရှိလေသည်။ထို့နောက် စစ္စတာရ်အဲန်းသည် အသင်းဂိုဏ်းနှင့်ပတ်သက်သောအကြောင်းအရာများကို ဆက်လက်ဆွေးနွေးခဲ့သည်။ဤသို့ဖြင့် ၁၈၆၈ခုနှစ်တွင် မီလန်မှ မာသာရ်ကြီး ကယ်ရှိလင်းနာအော်ဆေးနီဂိုသည် ဗင်းနစ်မြို့သို့ ကြွရောက်လာစဉ် စစ္စတာရ်အဲန်းသည် ကိုယ်တိုင်သွားရောက်ကြိုဆိုခဲ့သည်။မာသာရ်ကြီးရောက်လျင်ရောက်ချင်း စစ္စတာရ်အဲန်းသည် သူမ၏ရှေ့မှောက်တွင်ဒူးထောက်လျက် မိမိအားမီလန်မြို့တွင်ရှိသည့်အသင်းဂိုဏ်းဝင် သမီးတစ်ဦးအဖြစ်လက်ခံပေးပါရန်တောင်းဆိုခဲ့လေသည်။
နာဇရတ်အိမ်ကလေးဆီသို့
စစ္စတာရ်အဲန်းသည် မီလန်ရှိဆပ်ဖြေသူများနေထိုင်ရာ'နာဇရက်'အိမ်တွင်ဆပ်ဖြေသူသီလရှင်အဖြစ် မိမိ၏ ဘဝသစ်ကို အစပြုခဲ့သည်။စစ္စတာရ်အဲန်း မီလန်သို့ရောက်ရှိချိန်တွင် မွန်ဆီညော်ကာနယ်သည် ဗီယာနာနှင့် အခြားသောမြို့များသို့သွားရောက်အလှူခံနေသည့် အချိန်ဖြစ်သည်။၁၈၆၈ခုနှစ်၊အောက်တိုဘာ(၁၅)ရက်နေ့တွင် မွန်ဆီညော်ကာနယ်ကိုယ်တိုင်ပင် ပထမသစ္စာခံယူခြင်းအခမ်းအနားကိုတက်ရောက်ခဲ့ပြီး စစ္စတာရ်အဲန်းအား ဖြူဖွေးသောဝတ်ရုံသရဖူပန်းခွေနှင့် စစ္စတာရ်အန်း၏ မီလန်ဆပ်ဖြေခြင်းဂိုဏ်းဝင်သီလရှင်များ ရာသက်ပန်သစ္စာ ပြုခြင်းတွင် သစ္စာပြုဝတ်ဆင်ရသောရွှေလက်စွပ်တို့ကို ပေးအပ်ခဲ့သည်။ ထို့နောက်စစ္စတာရ်အဲန်းသည် ဗင်းနစ်မြို့သို့ပြန်သွားပြီးလျင် ဆပ်ဖြေခြင်းအမှုတော်ကိုစတင် ထမ်းဆောင်လေသည်။ထိုအချိန် တွင်သူမသည် အသက်(၅၃)နှစ်အရွယ် ရှိပြီးဖြစ်သည်။စစ္စတာရ်အဲန်းသည် အသင်းဂိုဏ်း၏စည်းကမ်းဥပဒေများကို တိကျမှန်ကန်စွာသစ္စာရှိရှိ စောင့်ထိန်းလိုက်နာခဲ့သည်။သူမပြောဆိုလေ့ရှိသည်မှာ သီလရှင်တစ်ပါးသည် သူမ၏ဘဝ တစ်လျှောက်လုံး၌ ဥပဒေစည်းမျဉ်းများကို သစ္စာရှိရှိ စောင့်ထိန်းလိုက်နာခဲ့ပါလျင် သေဆုံးခါနီးအချိန်၌ ကြီးမားသောယုံကြည်စိတ်ချမှုနှင့်အတူခရစ်တော်သခင်ကို ဖူးမြင်ရလိမ့်မည် ဟုဆိုခဲ့သည်။ စစ္စတာရ်များ အပေါ်တွင်လည်း မိခင်တစ်ဦးကဲ့သို့ ချစ်ခင်ကြင်နာစွာဖြင့် လမ်းညွှန်ပဲ့ပြင်ပေးခဲ့သည်။သူမ၏လေးစားအတုယူဖွယ်ကောင်းသော သူမ၏ပါရမီများထဲမှပါရမီကျင့်စဉ်တစ်ခုမှာ နှိမ့်ချခြင်းပင်ဖြစ်သည်။နှိမ့်ချခြင်းနှင့်ပတ်သက်၍ သူမပြောကြားခဲ့သည်မှာ‘အမြဲတမ်းမိမိကိုယ်ကို အထင်ကြီးစေသော မည်သည့်အတွေးအခေါ်ကိုမဆို မောင်းထုတ် ပါ။ အမြဲတမ်း တစ်ပါးသူသည် မိမိထက်ကောင်းသည်ဟု မှတ်ယူပါ။ မိမိကိုယ်ကို မည်သည့်အခါမျှ မချီးမွမ်းပါနှင့် ဆန်းပြားမှုကို ရှောင်ရှားပါ။ မလိုအပ်ဘဲ မိမိကိုယ်ကိုအကြောင်းပြချက် မပေးမိစေရန်ကြိုးစားပါ။အေးချမ်းစွာဖြင့်နှိမ့်ချခြင်းကိုလက်ခံပါ’ဟူ၍ဖြစ်သည်။ထို့ကြောင့် သူမ၏စစ္စတာရ်များအား မကြာခဏတိုက်တွန်းနှိုးဆော်လေ့ ရှိသည်မှာ“ဘုရားသခင်ကိုချစ်ပါ၊အချင်းချင်းတစ်ဦးနှင့်တစ်ဦးချစ်ကြပါ။နှိမ့်ချခြင်းရှိပါ'ဟူ၍ပင် ဖြစ်သည်။ဤသို့သော သူမ၏ရိုးသားနိမ့်ချသော စိတ်ထားနှင့်အတူ ဘုရားသခင်အပေါ်ကြီးမားသော ချစ်ခြင်းမေတ္တာထားရှိနိုင်ခဲ့ခြင်းကြောင့် အပယ်ခံဆင်းရဲသားများ၊ ခိုကိုးရာမဲ့ကလေးငယ်များပျက်စီး လေလွင့်နေ သောမိန်းကလေးများ၊ ထိုသူများအားလုံးကို မိခင်မေတ္တာအပြည့်အဝဖြင့် ကူညီစောင့်ရှောက်ကျွေးမွေးပြုစုနိုင်ခဲ့ လေသည်။
ထာဝရအိမ်တော်ဆီသို့
၁၈၈ဝခုနှစ်၌ စစ္စတာရ်အဲန်းသည် အပြင်းဖျားခဲ့သည်။ထို့နောက်ပြန်လည်ကောင်းမွန်လာပြီးတာဝန်များကို ပုံမှန်ထမ်းဆောင်နိုင်ခဲ့သည်။နောင်(၅)နှစ် ကြာသောအခါ သူမ၏လက်ယာဘက်ပခုံးနှင့်လက်မောင်းတွင်အကြိတ်ကင်ဆာရောဂါစတင်ဝင်ရောက်လာခဲ့သည်။ထိုအချိန်မှစ၍ သူမ၏ကျန်းမာရေးအခြေအနေမှာ ဆိုးဝါးလာခဲ့သော်လည်းအနားမယူပဲလိုအပ်သည်များကို ဆက်လက်ကူညီခဲ့သည်။အထူးသဖြင့် ဝိညာဉ်ရေးဆိုင်ရာလိုအပ်ချက်များ အကူအညီတောင်းလာသူတို့အား အကြံပေးကူညီရင်း သူမ၏နောက်ဆုံးနေ့ရက်များသည် တဖြည်းဖြည်းကုန်လွန်လာခဲ့တော့သည်။သူမ၏ဘဝနေဝင်ချိန် ရောက်ခဲ့ပေပြီ။တိုးညှင်းစွာဖြင့်'ယေဇူးသခင်ကိုယ်တော်ကို တပည့်တော်မ ချစ်ပါသည်'ဟုသူမနောက်ဆုံးရွတ်ဆိုလိုက်သောအချိန်သည် ၁၈၈၇ ခုနှစ် အောက်တိုဘာလ(၃)ရက်နေ့ပင်ဖြစ်သည်။ယခုအချိန်တွင် စစ္စတာရ်အဲန်း၏ ရုပ်ကလပ်ကို ဗင်းနစ်ရှိ သူမသီတင်းသုံးနေထိုင်ခဲ့သောကျောင်း(ထိုကျောင်းသည် သူမတည်ထောင်ခဲ့သော အသင်းဂိုဏ်းတည်ရှိရာ ကျောင်းလည်းဖြစ်သည်။) စစ္စတာရ်အဲန်း၏ ရုပ်ကလပ်ကို ဘုရားကျောင်းကလေ(Chapel) ထဲတွင် ကောင်းစွာမြုပ်နှံထားလျက် ထာဝရအနားယူနေလေပြီ။
တစ်ချိန်က သူမသီဆိုခဲ့သောသူမ၏ကဗျာလေးတစ်ပုဒ်မှာ မိုးကောင်းကင်နှင့်ကမ္ဘာမြေကြီးပေါ်တွင်ရှိသော ကောင်းမြတ်ခြင်းနှင့်တရားမျှတခြင်းတို့ထက် ကောင်းမွန်ပြီး တိုင်းတာ၍ မရနိုင်အောင် ငါ၏ ဘုရားသခင်သည်အလွန်ကောင်းမြတ်တော်မူ၏။ အလွန်ပင်တရားမျှတတော်မူ၏။” ထိုတရားမျှတခြင်းနှင့်ကောင်းမြတ်ခြင်းတို့ သည် သူမ၏ မပြောင်းလဲသော ဘဝရည်မှန်းချက်များ ဖြစ်ခဲ့သည်။ ယခုအချိန်တွင်မူ ထိုအရာများသည် ၎င်းတို့၏ ခန့်ညားထည်ဝါမှုတို့ဖြင့် သူမအား ဘုရားသခင်၏ရှေ့မျက်မှောက်တော်ဝယ် လာရောက်၍ သက်သေခံပေးနေပြီ ဖြစ်သည်။
ဒက်ဇူးမယ်(ISR)