20.10.2024 –29th Sunday in Ordinary Time;
Blessed John XXIII
အောက်တိုဘာလ ၂၀ ရက်၊ ၂၀၂၄၊ ၂၉ကြိမ်မြောက် သာမန်တနင်္ဂနွေနေ့
Mark10;42-45 - ဧဝံဂေလိကျမ်း ရှင်မာကု ၁၀:၄၂-၄၅
Reflection By Sr. Patrcia, SFX
Posted by Sr. Benedetta Myat Hnin Nwe(ISR)
သခင်ယေဇူးက တပည့်တော်တွေကိုသွန်သင်ခြင်းဖြစ်ပါတယ်။“လောကီမင်းတွေ၊အကြီးအကဲတွေကလူတွေအပေါ်မှာ အာဏာနဲ့ဆက်ဆံတတ်ကြတယ်။ အစိုးတရပြုတတ်ကြတယ်။သင်တို့အထဲမှာအကြီးအကဲ လုပ်ချင်သူကအစေခံဖြစ်ရမယ်။အားလုံးရဲ့အမြင့်မှာ နေချင်တဲ့သူကလည်း အားလုံးရဲ့ကျွန်ဖြစ်ရမယ်။ဘာကြောင့်လည်းဆိုတော့ လူသား(သခင်ယေဇူး)ကိုယ်တိုင်က သူတပါးကို ခိုင်းဖို့လာတာမဟုတ်ဘူး။ သူတပါးအစေကိုခံဖို့လာတာ။ မိမိအသက်ကိုတောင်စွန့်ပြီးလူတွေကိုရွေးဖို့လာတာဖြစ်တယ်။”လို့သခင်ယေဇူးက သွန်သင်ဆုံးမပါတယ်။လူ့သဘာဝက မိမိကိုယ်ကိုမိမိဦးစားပေးခြင်း၊မိမိကိုယ်မိမိ မြှင့်တင်ဂုဏ်ဖော်ခြင်း၊ မိမိအတွက်ပဲမိမိဦးစားပေးလုပ်ဆောင်ခြင်းသဘာဝဖြစ်ပါတယ်။ သခင်ယေဇူးရဲ့တပည့်တော်တွေရဲ့စိတ်နှလုံးထဲမှာလည်း ဒီသဘာဝ၊အတွေးအခေါ်တွေရှိနေခဲ့ပါတယ်။ ဒါကြောင့်သခင်ယေဇူးကဒီအတွေးအခေါ်တွေကိုတပည့်တော်တွေအနေနဲ့ပယ်ရှားဖို့သွန်သင်တဲ့အခါ၊ သခင်ယေဇူးက၊သူကိုယ်တိုင်သည်ပင်လျှင်သူတပါးကိုစေစားဖို့လာတာမဟုတ်ပဲ လူတွေအသက်ကိုရွေးဖို့ သူ့အသက်ကိုစွန့်ခြင်းတိုင်အောင်အစေခံဖို့လာတယ်ဆိုတာကိုပြောပြနေပါတယ်။အိုအဘ၊သူတပါး၏အကြီးအမှူးလုပ်ပြီး သူတပါးကို အာဏာထားလိုသော ကျွန်ုပ်တို့၏သဘောသဘာဝများအတွက်အပြစ်ဝန်ချတောင်းပန်ပါ၏။ အသက်စွန့်သည့်တိုင် ကျွန်ုပ်တို့ကိုရွေးနှုတ်ပြီး အစေခံတော်မူသော သခင်ယေဇူး၏ ကျေးဇူးတော်ကို ချီးမွမ်းပါ၏။ သခင်ယေဇူးသွန်သင်သောအစေခံခြင်းသဘောသဘာဝကို ကျွန်ုပ်တို့နှလုံးသားထဲမှာ စီးဆင်းစေပါ။ကျွန်ုပ်တို့ကိုပိုပြီးနားလည်စေပါ။ ထိုသို့အစေခံနိုင်ရန် မစတော်မူပါ။သခင်ယေဇူးနာမ၌ ဆုတောင်းပါ၏။ အာမင်။