21.10.2024 –Monday of week 29th in Ordinary Time;
အောက်တိုဘာလ ၂၁ ရက်၊ ၂၀၂၄၊ ၂၉ကြိမ်မြောက် သာမန်ကာလ တနင်္လာနေ့
St. Hilarion
Luke 12;13-21 - ဧဝံဂေလိကျမ်း ရှင်လုကာ ၁၂:၁၃-၂၁
Reflection By Sr. Patrcia, SFX
Posted by Sr. Benedetta Myat Hnin Nwe(ISR)
သမ္မာကျမ်းစာပါအဖြစ်အပျက်နဲ့ ဥပမာတို့ဟာ အဓိကအားဖြင့်လောဘကြီးခြင်းကိုရှောင်ကျဉ်ဖို့နှင့် ဘုရားသခင်ရှေ့မှာဆင်းရဲသားမဖြစ်ရန် ဖော်ပြနေပါတယ်။လူတစ်ယောက်က သခင်ယေဇူးထံကိုလာပြီး သူ့အစ်ကိုနဲ့အမွေခွဲဝေခြင်းကိစ္စကို ကူညီပေးဖို့သခင်ယေဇူးကို အကူအညီလာတောင်းပါတယ်။ အမွေခွဲဝေခြင်းကိစ္စက မောရှေစီရင်တဲ့ကျမ်းစာ(တောလည်ရာကျမ်း ၂၇:၁-၁၁၊ ၃၆:၇-၉၊ တရားဟောရာကျမ်း ၂၁:၁၅-၁၇) ရှင်းလင်းစွာဖော်ပြထားပြီးဖြစ်သောကြောင့် ထိုအတိုင်းလိုက်နာကြရုံသာဖြစ်ပါတယ်။သခင်ယေဇူးက၊“သင်တို့အမွေကိစ္စကို စီရင်ပေးဖို့ ငါ့ကို ဘယ်သူကပေးအပ်လို့လဲ”လို့ပြန်ပြောလိုက်ပြီး“လောဘလွန်ကျူးခြင်းကိုသတိနှင့်ကြဉ်ရှောင်ကြလော့။ အကြောင်းမူကား၊ စည်းစိမ်ရှိသော်လည်း စည်းစိမ်၌အသက်မတည်။”လို့ တဆက်တည်းပြောလိုက်ပါတယ်။ပြီးတဲ့အခါမှာသခင်ယေဇူးက သူဌေးကြီးတဦးဖြင့် ဥပမာပေးပါတယ်။ အသီးအနှံတွေများစွာဖြစ်ထွန်းရရှိတဲ့ သူဌေးကြီးက သူ့အဆောက်အဦးတွေများစွာဆောက်လုပ်ပြီးအသီးအနှံတွေကိုသိုထားမယ်။“အသီးအနှံတွေအများကြီးသိုလှောင်ထားပြီးပြီ၊နှစ်ပေါင်းများစွာ ဘာမှပူစရာမလိုတော့ဘူး။ငြိမ်ဝပ်စွာနေ၊စားသောက်၊ပျော်မွေ့ပါတော့။”လို့ မိမိကိုယ်ကိုပြောမယ်လို့ သူဌေးကြီးက ကြံစည်ပါတယ်။ဘုရားသခင်က“အချင်းလူမိုက်၊ ဒီညပင်သင့်ရဲ့ဝိညာဉ်ကိုငါရုတ်သိမ်းမယ်။သခင်ယေဇူးကလည်း သူဌေးဟာမိမိအဘို့စည်းစိမ်ဘဏ္ဍာတွေကိုသိမ်းဆည်းပြီး လူတွေရှေ့မှာချမ်းသာကြွယ်ဝသောသူဖြစ်သော်လည်း၊ဘုရားသခင်ရှေ့မှာဆင်းရဲတဲ့သူဖြစ်တယ်လို့ ဆိုပါတယ်။သူဌေးကြီးရဲ့ဥပမာမှာစည်းစိမ်ရှိခြင်းက အပြစ်မဟုတ်ပါဘူး။ အသီးအနှံဖြစ်ထွန်းခြင်း၊စည်းစိမ်ရှိခြင်းတွေက ဘုရားသခင်ထံမှလာသော ကောင်းကြီးတွေဖြစ်ပါတယ်။သို့သော်လည်းဒီကောင်းကြီးတွေကို သူဌေးကြီးက ပညာရှိစွာ အသုံးမပြုပဲ၊ လောဘကြီးစွာနဲ့ အားလုံးသူ့အတွက်ပဲလို့ စဉ်းစားခြင်းက မှားယွင်းနေတာဖြစ်ပါတယ်။ သူ့ရဲ့စဉ်းစားမှု၊အသက်ရှင်မှုပုံစံကမှားယွင်းပြီးဘုရားသခင်ရှေ့မှာဘုရားကို မရိုသေမလေးစားတဲ့ အသက်ရှင်မှု ဆင်းရဲသောသူဖြစ်နေခဲ့ပါတယ်။ အိုအဘ၊ကျွန်ုပ်တို့အသက်တာမှာ လောဘလွန်ကျူးသူမဖြစ်ရန်နှင့် မိမိအကျိုးအတွက်သာကြည့်သောလူမိုက်မဖြစ်ရန် သတိပေးသွန်သင်သောကြောင့် ကျေးဇူးတင်ပါ၏။ထိုအပြစ်များကိုလည်းဝန်ချတောင်းပန်ပါ၏။ ယနေ့မှစတင်ပြီးလောဘလွန်ကျူးခြင်းကို ရှောင်ကြဉ်နိုင်ရန်မစတော်မူပါ။ကိုယ်တော်ပေးသော ကောင်းကြီးများကို အလိုတော်နှင့်အညီ အသုံးပြုတတ်ပြီးကောင်းကင်ဘဏ္ဍာကို စုဆောင်းတတ်သူဖြစ်ရန် မစတော်မူပါ။ သခင်ယေဇူးနာမ၌ ဆုတောင်းပါ၏။အာမင်။