2.12.2024 – 1st Week of Advent; Monday;
St. Bibiana - စိန့်ဘီဘီယားနာ ပွဲနေ့
အာဒ်ဝင်တူးကာလ ပထမသီတင်းပတ်တနင်္လာနေ့
ဟေရှာယ ၂း ၁ - ၅
ရှင်မာတေဦး ၈း ၅ - ၁၁ ,Mt.8:5-11
Reflection By Daw Moe Trio
Posted by Sr. Benedetta Myat Hnin Nwe(ISR)
သမ္မာကျမ်းစာခေတ်အဆက်ဆက်က ပရောဖက်တွေဟောကြားချက်အတိုင်းကြွလာတော်မူမယ့် ကယ်တင်ရှင်မက်ဆီးယားနဲ့ကယ်တင်ခြင်းဆိုတာ ဘုရားသခင်ရွေးကောက်ထားတဲ့လူမျိုးတော်အတွက်ပဲသီးသန့်မဟုတ်ဘဲ၊ကမ္ဘာ့အရပ်မျက်နှာရှိသမျှက လူမျိုးအပေါင်းအားလုံးအတွက် ဖြစ်ပါလိမ့်မယ်ဆိုတာကို ဟေရှာယကျမ်းစာထဲမှာဖော်ပြထားပေးသလို၊ ဒီအချက်ကိုလည်း ဧဝံဂေလိကျမ်းစာတော်ထဲမှာခရစ်တော်ယေဇူးက အတည်ပြုထားပေးခြင်းဖြစ်ပါတယ်။ဘာကြောင့်လဲဆိုတော့လေဖြတ်ဝေဒနာခံစားနေရတဲ့သူ့ရဲ့အစေခံအတွက်ခရစ်တော်ယေဇူးထံမှာကုသခြင်းကျေးဇူးတော်ကို ကြားဝင်တောင်းလျှောက်ပေးခဲ့တဲ့၊ ရောမစစ်တပ်မှာအမှူထမ်းနေတဲ့လူတစ်ရာတပ်မှူးဆိုတာဟာ ဘုရားရဲ့လူမျိုးတော်အဖြစ် ရွေးကောက်ထားတဲ့ဂျူးလူမျိုးတစ်ယောက်မဟုတ်ခဲ့ပါဘူး။ တကယ်တော့ဘုရားရှင်ထံမှ ဆုကျေးဇူးတော်တစ်ခုခုကိုလက်ခံရရှိဖို့အတွက် ပေးကြရမယ့်"အဖိုးအခ"ဆိုတာရှိပါတယ်။ ဘုရားရှင်ဘက်ကတော့ ရက်ရောစွာ၊ လွတ်လပ်စွာ ပေးထားခြင်းဖြစ်ပါတယ်။ ဒါပေမယ့် မိမိဘက်က ပေးအပ်ရမယ့် "အဖိုးအခ"ကတော့ ရှိပါတယ်။ ပေးရမယ့်အဖိုးအခတွေကတော့ စိတ်နှလုံးနှိမ့်ချခြင်း၊ ယုံကြည်ခြင်းဖြင့်လက်ခံခြင်းပဲ ဖြစ်ပါတယ်။တကယ်တော့ စိတ်နှလုံးနှိမ့်ချခြင်းဆိုတာကို မာနကြီးတဲ့လူတွေ၊ စိတ်မြင့်ထောင်လွှားတဲ့တွေမလုပ်နိုင်ကြပါဘူး။ဒါပေမယ့် ဒီကနေ့ ဧဝံဂေလိကျမ်းစာတော်မြတ်ထဲမှာဖော်ပြချီးကျူးခြင်းခံခဲ့ရတဲ့ လူတစ်ရာတပ်မှူးကတော့ခရစ်တော်ယေဇူးဘုရားရှင်တော်ထံမှ ကုသခြင်း၊ ကယ်တင်ခြင်းကျေးဇူးတော်ကို ရရှိလက်ခံနိုင်ဖို့အတွက် ဒီအဖိုးအခတွေကို ရက်ရောစွာ၊ လွတ်လပ်စွာ ပေးအပ်ခဲ့ပါတယ်။သူဟာအုပ်ချုပ်သူလူတန်းစားဖြစ်ပေမယ့်လည်း ခရစ်တော်ဘုရားရှင်၏ဘုရားအဖြစ်တတ်နိုင်တော်မူခြင်း၊ ကယ်တင်ရှင်မက်ဆီးယားဖြစ်ခြင်းအပေါ်မှာ ယုံကြည်ခြင်းထားရှိဖို့ ခရစ်တော်ယေဇူးနှင့် သူ့ရဲ့ကြားမှာထားရှိရမယ့် မာနတရား၊ သံသယ၊ အခွင့်အာဏာ၊ လူမျိုးမတူခြင်း၊ဘာသာစကားကွဲပြားခြင်း၊ အစရှိတဲ့အရံအတား၊ အဟန့်အတားတွေအားလုံးကို သူ့ရဲ့စိတ်နှလုံးနှိမ့်ချခြင်းအားဖြင့် ချိုးဖျက်ခဲ့ပြီးသူ့ရဲ့ကြီးမားသောယုံကြည်ခြင်းကို ပြသခဲ့ပါတယ်။ လူမျိုးခြားတစ်ဦးဖြစ်တဲ့ သူ့ရဲ့ "အကျွန်ုပ်၏အိမ်အမိုးအောက်သို့ ကိုယ်တော်ရှင်ကြွဝင်တော်မူခြင်းကို ခံယူရန် အကျွန်ုပ်မထိုက်တန်ပါ" ဆိုတဲ့ စကားသည်လည်း မော်ကွန်းဥဒါန်းတွင်ရစ်ခဲ့ပါတယ်။ကျွန်ုပ်တို့ခရစ်ယာန်တွေ ကယ်တင်ရှင်မက်ဆီးယားအပေါ်မှာထားရှိတဲ့ ယုံကြည်ခြင်းတရားတွေသည်လည်း လူတစ်ရာတပ်မှူးလိုလူမျိုးခြားတွေရဲ့ ယုံကြည်ခြင်းလောက် ခိုင်ခံ့ကြီးမားပါရဲ့လား။ကောင်းကင်နိုင်ငံတော်မှာ အာဘရာဟံ၊အီဇက်၊ယာကုပ်တို့နဲ့အတူစားသောက်ပွဲမှာထိုင်ကြရမယ့်စာရင်းထဲမှာပါဝင်နေတာ သေချာပြီလား။ဒါမှမဟုတ် နိုင်ငံတော်ရဲ့သားသမီးဖြစ်ပေမယ့်လည်း စားသောက်ပွဲမှာ ပါဝင်ခွင့်မရဘဲ၊ မှောင်မိုက်ထဲကို နှင်ထုတ်ခြင်းခံရမယ့်၊ ငိုကြွေးပြီးအံကြိတ်နေကြရမယ့် စာရင်းထဲမှာပါဝင်နေတာများလား။