3.12.2024 – 1st Week of Advent; Tuesday;
အာဒ်ဝင်တူးကာလ ပထမသီတင်းပတ်အင်္ဂါနေ့
ဟေရှာယ ၁၁း ၁ - ၁၁
ရှင်လုကာ ၁၀း ၂၁ - ၂၄ - Luke 10:21-24
Reflection By Daw Moe Trio
Posted by Sr. Benedetta Myat Hnin Nwe(ISR)
ကယ်တင်ရှင်မက်ဆီးယားသခင် ကြွလာတော်မူခြင်းနဲ့ပတ်သက်ပြီး ဒေးဗစ်တို့၊ပရောဖက်ဟေရှာယတို့အစရှိတဲ့ဓမ္မဟောင်းကာလမှ သန့်ရှင်းသူများ၊ကြီးမြတ်သူများ၊ပရောဖက်များ ဟောကြားချက်ကို ခရစ်တော်ယေဇူးမှပြည့်စုံစေခဲ့ပါတယ်။ နောင်အခါမှာ(၁ပေ၁း၁၀-၁၃)မှာ ရှင်ပေထရူးရေးသားထားခဲ့တဲ့အတိုင်း ဓမ္မဟောင်းကာလမှသန့်ရှင်းကြီးမြတ်သူဟာ သူတို့ရဲ့အနာဂတ္တိစကားတွေကဘယ်လိုအဓိပ္ပာယ်တွေလဲ၊ဘယ်တော့ပြည့်စုံလာမှာလဲလို့စဥ်းစားတွေးတောခဲ့ကြပါလိမ့်မယ်။ခရစ်တော်ယေဇူး၏မိန့်မှာစကားအတိုင်းပြောရရင်ဓမ္မဟောင်းကာလလူတို့လည်း တပည့်တော်ကြီးတွေအခုမြင်တွေ့ကြားသိနေရတဲ့အရာတွေကို မြင်တွေ့ကြားသိလိုခဲ့ကြပေမယ့်အခွင့်မရခဲ့ကြပါဘူး။ခရစ်တော်ယေဇူး၏တပည့်တော်များကတော့ရှေးပရောဖက်များ ဟောထားချက်များပြည့်စုံတဲ့အကြောင်းကိုမျက်မြင်သက်သေအဖြစ် မြင်တွေ့ခွင့်ရခြင်းကို ထူးခြားတဲ့ အခွင့်အရေးကို ရရှိခဲ့ကြပါတယ်။ ဒါပေမယ့် ခရစ်တော်ယေဇူးနှင့် လပေါင်းများစွာ အနီးကပ်နေထိုင်သွားလာစားသောက်ပြီး ဒီလိုထူးမြတ်တဲ့အခွင့်အရေးကို ရရှိခဲ့ပေမယ့်လည်း သူတို့တွေ တန်ဖိုးထားရကောင်းမှန်းမသိဘဲ ပေါ့ပေါ့ဆဆ ခံယူခဲ့ကြပါတယ်။ ကိုယ်တော်ရှင်၏နှုတ်တော်ထွက်စကားတော်တွေကိုသေသေချာချာ နားမထောင်ခဲ့၊မနာခံခဲ့ကြပါဘူး။ကျွန်ုပ်တို့ယနေ့ခေတ်ခရစ်ယာန်တွေသည်လည်းပဲ နှစ်ပေါင်း(၂၀၀၀)ကျော်ကာလသက်တမ်းနဲ့အတွေ့အကြုံရှိတဲ့အသင်းတော်သမိုင်း၊ဘာသာစကားမျိုးစုံနဲ့ဘာသာပြန်ထားတဲ့သမ္မာကျမ်းစာ၊ ဘာသာစကားအမျိုးမျိုးနဲ့ ထိရောက်ပြောင်မြောက်စွာ အကောင်းဆုံး ဟောပြောသင်ကြားထားတဲ့ တရားသြဝါဒများ၊သင်ကြားပို့ချချက်များ၊ ဟောပြောသွန်သင်နေတဲ့ ဆရာတော်များ၊ရဟန်းတော်များ၊တရားဟောဆရာများကို ရရှိထားတာကြောင့် အခွင့်ထူးကို ခံစားနေရသူများဖြစ်ကြပါတယ်။ ဒါပေမယ့် အခွင့်အရေးတာဝန်ဆိုတာဟာ အမြဲဒွန်တွဲနေတဲ့အရာဖြစ်လို့ မိမိတို့ရရှိထားတဲ့ ထူးမြတ်တဲ့အခွင့်အရေးကို ပေါ့ပေါ့တန်တန် မခံယူမိကြစေဖို့ သတိထားကြရပါမယ်ခရစ်တော်ယေဇူး၏အကြောင်းကို နည်းမျိုးနဲ့အများကြီးသိရှိနိုင်သော အခွင့်ထူးကိုရရှိထားတဲ့ ခရစ်ယာန်တွေ ဖြစ်တာကြောင့်မို့ ခရစ်တော်ရဲ့နောက်လိုက်ကောင်းဖြစ်ဖို့ တာဝန်ကိုလည်း သတိကြီးကြီးနဲ့ယူကြရမှာဖြစ်ပါတယ်။