30.12.2024 – 6th Day in the Octave of Christmas; Monday
Blessed Vicente Vilar David
၁ယော ၂း ၁၂ - ၁၇
ရှင်လုကာ ၂း ၃၆ - ၄၀ - Luke 2:36-40
Reflection By Daw Moe Trio
Posted by Sr. Benedetta Myat Hnin Nwe(ISR)
ဒီနေ့ဧဝံဂေလိကျမ်းစာထဲကပရောဖက်မကြီးအန္နာရဲ့ဘဝအသက်တာထဲကလေ့လာသင်ယူစရာအချက်(၃)ချက်ကိုမျှဝေပေးလိုက်ပါတယ်။၁။ဘုရားသခင်က မထင်မရှား လူတွေကိုလည်း အသုံးပြုပါတယ်။သူ့ခေတ်၊သူ့အခါ၊သူတို့ရဲ့ယဥ်ကျေးမှုဓလေ့ထုံးစံ၊လူမှုစံနှုန်းအရဆိုရင် ပရောဖက်မကြီးအန္နာဟာလူ့အသိုင်းအဝိုင်းထဲမှာထဲထဲဝင်ဝင် ဝင်ဆန့်ခွင့်မရှိတဲ့အပယ်ခံ၊အနှိမ်ခံမုဆိုးမဆိုတဲ့လူတန်းစားထဲကပါပဲ။ဒါပေမယ့်လည်း ဘုရားရှင်ဟာနေ့နေ့ညညသူမရဲ့ဆက်ကပ်ဆုတောင်းနေမှုမှာစိတ်တော်တွေ့ပြီးသူမရဲ့ဆုတောင်း သံကိုနားညောင်းခဲ့ပြီးကယ်တင်ရှင်မက်ဆီးယားသခင်ကိုမျက်မြင်ကိုယ်တွေ့ ဖူးမြင်ခွင့်ပေးခဲ့ရုံသာမကဒီကယ်တင်ရှင်မက်ဆီးယားရဲ့သတင်းကောင်းအကြောင်းကို ကယ်တင်ခြင်းကိုစောင့်မျှော်နေတဲ့လူအပေါင်းကို ဝမ်းမြောက်အားရရွှင်လန်းစွာမျှဝေအသိပေးဖို့အတွက် မုဆိုးမတစ်ဦးဖြစ်သူပရောဖက်မကြီးအန္နာကိုအသုံးပြုခဲ့ပါတယ်။၂။ဆုတောင်းဆက်ကပ်ခြင်းအသက်တာအားဖြင့် ဘုရားရှင်၏အကြံအစည်နဲ့လုပ်ဆောင်ချက်များကို သတိပြုမိစေလာပါတယ်။ပရောဖက်မကြီးအန္နာဟာဗိမာန်တော်ထဲမှာတစ်နေ့တစ်နေ့အစာရှောင်ခြင်း၊ ဝတ်ပြုကိုးကွယ်ဆုတောင်းခြင်းတွေကိုပဲနေ့ညမပြတ်လုပ်ဆောင်နေခဲ့တာပါ။ဘုရားရှင်ကိုပဲအချိန်ပြည့် ဦးထိပ်ထားတဲ့၊ဘုရားရှင်နှင့်သာလျှင် အချိန်ပြည့်ပေါင်းစပ်ထားတဲ့ဒီလိုလုပ်ဆောင်ခြင်းတွေရဲ့ ရလဒ်ကတော့ သူငယ်တော်ယေဇူးလေး ဗိမာန်တော်ထဲကိုကြွဝင်လာလာချင်းမှာပဲသူငယ်တော်လေးက ကယ်တင်ရှင်မက်ဆီးယားသခင်ပါပဲဆိုတာကို ချက်ချင်းသိရှိသွားခွင့်ရခဲ့လိုက်ခြင်းဖြစ်ပါတယ်။ ဒါကြောင့်အခြားမလပ် ဆုတောင်းဆက်ကပ်ခြင်း၊ဝတ်ပြုကိုးကွယ်ခြင်း အသက်တာဆိုတာ ဘုရားရှင်၏အကြံအစည်တော်၊ အလိုတော်နဲ့အသံတော်ကို ထင်ရှားစွာ မြင်တွေ့ကြားသိစေတဲ့ အကောင်းဆုံးနည်းလမ်းပဲဖြစ်ပါတော့တယ်။၃။ ဘုရားသခင်ကိုဆက်ကပ်အစေခံဖို့အတွက် အသက်အရွယ်က အဓိကမကျပါဘူး။ ဒီဇင်ဘာရဲ့ခရစ္စမတ်ဖြစ်စဥ်ဇာတ်လမ်းတွေထဲမှာ သဘောကျစရာအကောင်းဆုံး အချက်ကတော့ ဘုရားရှင်က ကယ်တင်ခြင်းသမိုင်းအတွက် ဆယ်ကျော်သက်အရွယ် ငယ်ရွယ်ပျိုနုတဲ့ကျေးတောသူမလေး မာရီးယားကို အသုံးပြုသလို၊ အသက်၈၄နှစ်အရွယ်မုဆိုးမအဖွားကြီး ပရောဖက်မအန္နာကိုလည်းအသုံးပြုလိုက်ပါတယ်ဆိုတဲ့အချက်ပါပဲ။ကျွန်ုပ်တို့တတွေလည်းဘုရားရှင်၏အသုံးပြုခြင်းကို ခံရတဲ့သူတွေဖြစ်လာဖို့၊ဘုရားအမှုတော်ကိုထမ်းဆောင်ရဖို့အတွက်က မိမိကဘယ်သူဘယ်ဝါ၊ဘယ်အသက်အရွယ်၊ဘယ်လူမျိုး၊ ဘယ်အတန်းအစား၊ဘယ်လိုအခြေအနေရှိနေလဲဆိုတာအရေးမကြီးပါဘူး။အရေးကြီးတာက ဘုရားရှင်ကိုဆက်ကပ်အစေခံလိုခြင်း၊ ဆုတောင်းခြင်းမှာ စွဲမြဲကုပ်တွယ်နေခြင်းနဲ့ အရာရာမှာဘုရားနှင့်သွားလာတတ်သူဖြစ်ပြီးဘုရားရှင်အလိုတော်နှင့်အသံတော်ကို အမြဲနားစွင့်ရှာဖွေတတ်သူဖြစ်ကြဖို့ပဲ လိုအပ်ပါတယ်။