31.12.2024 – 6th Day in the Octave of Christmas; Tuesday
ခရစ္စမတ်ပွဲတော်ပြီးအင်္ဂါနေ့
၁ယော ၂း ၃ - ၁၁ - ရှင်ယောဟန် ၁း ၁ - ၈ -John 1:1-8
Reflection By Daw Moe Trio
Posted by Sr. Benedetta Myat Hnin Nwe(ISR)
နှစ်ဟောင်းတစ်ခုကုန်ဆုံးလို့ နှစ်သစ်တစ်ခုကို ကူးပြောင်းရောက်ရှိတော့မယ့် ဒီဇင်ဘာလရဲ့နောက်ဆုံးနေ့ရက်မှာ လူတွေတော်တော်များများက နှစ်သစ်ကို အပျော်မျိုးစုံ၊ နည်းမျိုးစုံနဲ့ ကြိုဆိုကြဖို့ စိတ်အားထက်သန်နေကြပြီး၊ နှစ်ဟောင်းက အားနည်းချက်၊အပြစ်အမှားတွေကို တစ်ချက်လေး စောင်းငဲ့ကြည်ဖို့၊သုံးသပ်ပြင်ဆင်ဖို့ မေ့လျော့နေတတ်ကြပါတယ်။နှစ်ဟောင်းမှာ ဘာတွေကိုပြတ်ပြတ်သားသား ချန်ရစ်ထားခဲ့ရမလဲ၊နှစ်သစ်အတွက် ဘယ်အရာတွေကို တိတိကျကျယူသွားရမလဲဆိုတာကို ဝိညာဥ်ရေးအသီးအပွင့်ပေတံနဲ့ပဲ တိုက်ဆိုင်စစ်ဆေးကြည့်ကြရအောင်။ ၂၀၂၄-တစ်နှစ်တာကာလအတွင်းမှာ၁။ ချစ်ခြင်းမေတ္တာ - မိမိရဲ့မိသားစုမှစတင်လို့ အခြားသူများအပေါ်မှာ လုံလောက်စွာ ချစ်ခြင်းမေတ္တာပြသခဲ့ပါရဲ့လား။ မိမိရဲ့အပြုအမူ၊အပြောအဆိုတွေမှာ ချစ်ခြင်းမေတ္တာတွေ ထင်ရှားစွာပါဝင်နေပါရဲ့လား။ မိမိကိုယ်မိမိ လေးစားခဲ့၊ချစ်မြတ်နိုးခဲ့ပါရဲ့လား။၂။ဝမ်းမြောက်ရွှင်လန်းခြင်း-ပျော်ရွှင်စရာကိစ္စတွေနဲ့ကြုံတွေ့ခဲ့ရတဲ့အချိန်မှာပျော်တယ်ဆိုရုံလေးပဲပျော်ခဲ့တာလား၊ပျော်တာထက်ကို ကျော်လွန်ပြီးဝမ်းမြောက်အားရရွှင်လန်းစွာပျော်ခဲ့ပါရဲ့လား။လက်ရှိကာလအခိုက်အတန့်ပစ္စုပ္ပန်မှာ အပြည့်အဝပျော်ရွှင်စွာရှင်သန်နေထိုင် နိုင်ခဲ့ပါရဲ့လား။၃။ငြိမ်းချမ်းသာယာခြင်း-မိမိရဲ့အတွင်းစိတ် ငြိမ်းချမ်းသာယာခြင်းကို ရှာဖွေတွေ့ရှိခဲ့ပါရဲ့လား။အတိတ်က နာကျင်မှု၊ အခဲမကြေမှုတွေကိုပဲ ဆက်လက်ခံဆောင်ထားနေတုန်းပဲလား။မိသားစုနဲ့ဖြစ်စေ၊မိတ်ဆွေသူငယ်ချင်းတွေနဲ့ဖြစ်စေကြေအေးသင့်မြတ်မှုကို ရယူတည်ဆောက်နိုင်ခဲ့ပါသလား။ လွှတ်ချသင့်တဲ့တစ်ချို့သောအရာတွေကို လွှတ်ချလိုက်နိုင်ခဲ့ရဲ့လား။၄။ စိတ်ရှည်သည်းခံခြင်း - ပေါင်းသင်းဆက်ဆံရ ခက်ခဲတဲ့သူတွေနဲ့၊ ခက်ခဲတဲ့အခြေအနေတွေမှာ စိတ်ရှည်သည်းခံပေးခဲ့ရဲ့လား။ ဒါမှမဟုတ် ဒေါသူပုန်ထခြင်း၊ စိတ်တိုပေါက်ကွဲခြင်း၊တနုံ့နုံ့နဲ့ မကျေမချမ်းဖြစ်ခြင်းတွေကပဲ မိမိအပေါ်မှာလွှမ်းမိုးအနိုင်ယူသွားခဲ့လေသလား။ ၅။သနားကြင်နာခြင်း-မိမိရဲ့ အပြောအဆို၊အပြုအမူတွေအားဖြင့် မိမိရဲ့ သနားကြင်နာမှုကို ပြသခဲ့ရဲ့လား။ အခြားလူတွေအပေါ်မှာ ကြင်နာနူးညံ့စွာ ဆက်ဆံပြောဆိုခဲ့ရဲ့လား။ ကိုယ့်အပေါ်မှာမချေမငံ၊ မညှာမတာပြောဆိုဆက်ဆံခဲ့တဲ့သူတွေကို ရောဘယ်လိုလဲ။ ၆။ ကောင်းမြတ်ခြင်း - မိမိဝင်ငွေရဲ့ ဘယ်လောက်ရာခိုင်နှုန်းကို အခြားသူတွေအတွက် အသုံးပြု၊ကူညီပေးခဲ့ပါသလဲ။ ဘယ်လိုနေရာတွေမှာ ပရဟိတ၊လုပ်အားပေး၊ဆက်ကပ်လုပ်ဆောင်ခဲ့ပါသလဲ။၇။ သစ္စာရှိခြင်း - ဝိညာဥ်ရေးအသက်တာ၊ယုံကြည်ခြင်းအသက်တာအပေါ်မှာ သစ္စာစောင့်ထိန်းခဲ့ရဲ့လား။ မိမိရဲ့ဝိညာဥ်ရေးကို ရှင်သန်ကြီးထွားစေဖို့ လိုအပ်တဲ့ ဝိညာဥ်ရေးစည်းမျဥ်းစည်းကမ်းတွေကို လုံလောက်စွာ ချမှတ်နာခံခဲ့ပါရဲ့လား။၈။ နူးညံ့သိမ်မွေ့ခြင်း - ထိလွယ်ရှလွယ်ကိစ္စတွေမှာ ဆတ်ဆတ်ထိမခံ ဖြစ်ခဲ့လား။ မိမိကို နာကျင်စေခဲ့တဲ့သူတွေအပေါ်မှာ စာနာခွင့်လွှတ်နိုင်ခဲ့ရဲ့လား။၉။ မိမိကိုယ်ကိုချုပ်တီးခြင်း - မိမိကိုယ်မိမိ ကောင်းမွန်စွာ ထိန်းသိမ်းကွပ်ကဲနိုင် ခဲ့ရဲ့လား။ အစားအသောက် ကျူးလွန်ခဲ့သလား။ ကောင်းမွန်စွာ အိပ်စက်အနားယူ ရဲ့လား။ စကားတွေကို ထိန်းထိန်းသိမ်းသိမ်း ပြောဆိုခဲ့ရဲ့လား။ မိမိကိုယ်ကိုဂရုစိုက်စောင့်ရှောက်ဖို့အတွက်ရော ဦးစားပေးမိပါရဲ့လား ၂၀၂၅-နှစ်သစ်မှာ စိတ်သစ်၊ကိုယ်သစ်၊ပြောင်းလဲတိုးတက်ကောင်းမွန်သွားတဲ့ ဝိညာဥ်ရေးအသက်တာအသစ်အားဖြင့် ဘုရားသခင်ထံတုံ့ပြန်ဆက်ဆံခဲ့ပါသ ဆက်ကပ်အစေခံနိုင်တဲ့၊ ဘုရားရှင်၏ဘုန်းတော်ကို ထင်ရှားစေသောသူများဖြစ်ကြပါစေလို့ ဆုမွန်ကောင်း တောင်းပေးလိုက်ပါတယ်။