ဖေဖော်ဝါရီလ (၁၁) ရက်နေ့
သာမန်ကာလ ပဥ္စမသီတင်းပတ် အဂ်ါနေ့ ။
မာကု ၇း၁-၁၃
လုဒ်မယ်တော်သခင်မပွဲနေ့။
February (11), 5th Week in Ordinary Time.
Mark 7:1-13
Our Lady of Lourdes.
Reflection by သီကိုရှင်း (SDB)
အစားမစားခင်လက်ကိုသေချာကျကျနန ဆေးတာ၊အပြင်တစ်နေရာရာသွားလို့ပြန်လာရင်ကိုယ်လက်သန့်စင်တာတွေဟာတကယ်တော့ကျန်းမာရေးနဲ့ဆီလျော်ပြီးလုပ်သင့်တဲ့အရာတွေပါ။ဒါပေမဲ့
ဖာရီဇေးဦးတွေထင်နေတာတစ်ခုကဒီလိုခန္ဓာကိုယ်သန့်ရှင်းအောင်ထားခြင်းဆိုတာဘာသာတရားရဲ့ကျင့်ဝတ်အနှစ်တွေလို့အမြင်မှားနေကြတာပဲ။ကျမ်းတတ်ဆရာတွေမြင်တဲ့စစ်မှန်သောဘာသာတရားနှင့်သခင်ယေဇူးသွန်သင်ချပြပေးလိုက်တဲ့ဘာသာရေးအနှစ်သာရကတော်တော်လေးကွာခြားတာကိုတွေ့ရပါတယ်။ဘာသာရေးမှာကိုယ်လက်သန့်စင်ခြင်းကိုအထူးအာရုံထားကာလိုက်ကျင့်နေကြပေမဲ့အတွင်းနှလုံးသားရဲ့ညစ်ပေနွမ်းလျမှုကိုမဆေးကြောကြရင်တော့အလကားပါပဲလို့ယေဇူးဘုရားရှင်ကသွန်သင်လိုက်ပါတယ်။ခန္ဓာကိုယ်နှင့်ပြင်ပအသုံးဆောင်တွေကိုစင်ကြယ်အောင်ထားရှိခြင်းဆိုတာတကယ့်ဘာသာရေးအနှစ်သာရမဟုတ်သေးပါဘူး။ဒီအရာတွေကိုမလိုက်ကျင့်ဘူးဆိုရင်ဘုရားသခင်ကဒဏ်ခတ်မယ်၊အပြစ်ဒဏ်ပေးမှာဆိုပြီးအကြောက်တရားနဲ့ စောင့်ထိန်းရုံသက်သက်ကျင့်တဲ့ဒီပညတ်ချက်ဟာချစ်ခြင်းမေတ္တာလည်းမပါသလိုဘယ်သူတစ်ဦးတစ်ယောက်ကိုမှလည်းအကျိုးမပြုပါဘူး။ပညတ်ချက်ကိုလိုက်ကျင့်ခြင်းဆိုတာဘုရားရဲ့စကားကိုနားထောင်တာနဲ့အတူတူပဲလို့အစွဲကြီးစွာယုံကြည်ထားတဲ့ကျမ်းတတ်ဆရာတွေအဖို့ပညတ်ချက်ကိုတသွေမတိမ်းစောင့်ထိန်းဖို့ကသူတို့အတွက်အသက်နဲ့အမျှအရေးကြီးပုံရတယ်။တကယ်တော့စည်းမျဉ်းဥပဒေဆိုတာလူ့အဖွဲ့စည်းတိုင်းအတွက်လိုအပ်ပါတယ်။ဒါပေမဲ့လူကိုအကျိုးပြုပြီးအတွင်းနှလုံးသားနှင့်စိတ်ဝိညာဉ်ကိုလွတ်မြောက်စေဖို့ဖြစ်ရပါမယ်။ဒီထက်ပိုပြီးအရေးကြီးတာကဘုရားသခင်ကိုချစ်ခြင်း၊လူသားအချင်းချင်းချစ်ခြင်းမေတ္တာကိုဦးတည်ပြီးဘဝကိုဖြောင့်မတ်မှန်ကန်စွာလိုက်ကျင့်နေထိုင်နိုင်ဖို့ပါပဲ။ပညတ်ချက်တို့ရဲ့အလွန်ကိုကြည့်၍ဘဝကိုပျော်ရွှင်ပြည့်ဝစွာချစ်ခြင်းမေတ္တာနှင့်လျှောက်လှမ်းနိုင်ပါစေ ။