ဖေဖော်ဝါရီလ (၁၄) ရက်နေ့။
သာမန်ကာလပဥ္စမသီတင်းပတ်သောကြာနေ့။
မာကု ၇း၃၁-၃၇
February (14),5th Week in Ordinary Time Thursday.
Mark 7:31-37
Reflection by သီကိုရှင်း (SDB)
ဒီနေ့ဧဝံဂေလိကျမ်းမှာနားလည်းမကြား၊စကားလည်းပီပီသသမပြောနိုင်တဲ့“ကိုရွှေအ”ကိုတွေ့ရတယ်။ဆွံ့အနားမကြားတဲ့သူဆို မွေးရာပါ မသန့်ရှင်းသူလို့ သတ်မှတ်ထားတဲ့ပညတ်ချက်ကြောင့် အ, ရတာ ရွှေအ ၂ ခါနာဖြစ်ရတယ်။ အ,လိုလူရာမသွင်းခံရတစ်မျိုး၊အပြစ်ရှိသူလို့ပယ်ကျဉ်ထားတာကတစ်ဖုံ လူ့အသိုင်းဝိုင်းမှာတော်တော်မျက်နှာငယ်ရပါတယ်။အမှန်ဆိုရင်ဥပဒေအရသခင်ယေဇူးအနေနဲ့ ကိုရွှေအကိုကိုယ်တွယ်ထိတွေ့ခွင့်မရှိပါဘူး။ဒါပေမဲ့သခင်ခရစ်တော်ကကိုရွှေအရဲ့နားနဲ့ပါးစပ်ကိုထိပြီးကုသပေးလိုက်ပါတယ်။သခင်ယေဇူးကလက်တင်ပြီးဆုတောင်းတဲ့ အဖြစ်ပျက်တွေလည်းကျမ်းစာထဲမှာမကြာခဏတွေ့ရတယ်။လိုအပ်နေသူကိုကူညီဖို့အတွက်ဥပဒေသတ်မှတ်ချက်တွေကိုလည်းကိုယ်တော်ကြည့်မနေတော့ပါဘူး။လက်နဲ့ထိတွေ့ခြင်းအားဖြင့်ကုသခြင်းတန်ခိုးကို ပြုလုပ်ခဲ့တယ်။အဲ့ဒီနောက်မှာသခင်ယေဇူးကကိုရွှေအကိုလူအုပ်ထဲကထုတ်ခေါ်သွားတယ်။လူကြားထဲမှာအမှတ်မထင်တွေ့ရတဲ့အမှုကိုအလေးအနက်ထားပြီးကိုယ်တော်နှင့်ရွှေအနှစ်ဦးထဲသီးသန့် ဆုံအောင်လုပ်လိုက်တယ်။ဘာလို့လဲဆိုတော့နားမကြားတဲ့သူ၊ဆွံ့အတဲ့သူအဖို့လူကြားထဲမှာအဆက်အသွယ်ပြုရတာတော်တော်ကသည်းကအောင့်နိုင်တဲ့ကိစ္စပါ။သူများအတွက်လည်းစိတ်အနှောင့်အယှက်ဖြစ်စေတယ်။ကိုရွှေအအတွက်လည်းမိမိကိုယ်ကို အားမလိုအားမရသိမ်ငယ်ကောင်းသိမ်ငယ်နေနိုင်တယ်။ဒါကိုမြင်လို့ကိုယ်တော်ကသူ့ကိုသီးသန့်ခေါ်ထုတ်လိုက်တာပါ။ကိုယ်တော်ကကိုရွှေအကိုကုသဖို့တံတွေးကိုအသုံးပြုတယ်။ငယ်ငယ်တုန်းကလည်းဆော့ကစားရင်းမတော်တဆပွန်းပဲ့ဒဏ်ရာရတဲ့အခါသက်သာလိုသက်သာငြားအနဲဆုံးတံတွေးလေးနဲ့ပွတ်လေ့ရှိတယ်။စကားပြောနိုင်ဖို့အတွက်တံတွေးရှိမှဖြစ်မယ်။တံတွေးမှာအစွမ်းရှိပါတယ်။သဘာဝနည်းလမ်းဖြစ်တဲ့တံတွေးကို သုံးပြီးကုသတာထက်ပိုပြီးအစွမ်းရှိတာကအဖဘုရားသခင်နဲ့ ဆက်စပ်နေခြင်းပါပဲ။ သခင်ယေဇူးကသူဘာပဲလုပ်လုပ်မလုပ်ခင်ကောင်းကင်ကိုမျှော်ကြည့်တယ်။အဖခမည်းတော်နဲ့ဆက်သွယ်တယ်။တခါတလေမှာကျွနု်ပ်တို့လည်းဘုရားကိုမကြည့်ဘဲကိုယ့်အနီးနားကိုပဲကြည့်တတ်ကြပါတယ်။ကိုယ့်အနားကပြသနာကိုပဲကြည့်၊ကိုယ့်အနားကဒုက္ခကိုပဲ မြင်နေရင်တော့စိတ်ဆင်းရဲစရာဒုက္ခတွေတစ်သီကြီးဝင်လာပြီးစိတ်ပျက်စိတ်ဓါတ်ကျသွားနိုင်ပါတယ်။ဘ၀ပြသနာ၊အခက်ခဲတွေကြားမှာဘုရားသခင်ကိုမျှော်ကြည့်တတ်ဖို့လည်းလိုတယ်။