ဖေဖော်ဝါရ(၁၆) ရက်နေ့။
သာမန်ကာလ ဆဌမတနဂ်နွေနေ့။
လုကာ ၆း ၁၇,၂၀-၂၆
February (16), 6th Sunday in Ordinary Time.
Luke 6: 17, 20-26
Reflection by သီကိုရှင်း (SDB)
လူအများသိကြတဲ့ မင်္ဂလာတရား(၈)ပါးကိုရှင်မာတေဦးဧဝံဂေလိကျမ်းစာမှာဖော်ပြရေးသားထားပါတယ်။ ဒီနေ့ကြားရတဲ့ မင်္ဂလာတရားကိုတော့ ရှင်လူကားကျမ်းကနေယူထားတယ်။အချက်(၈)ချက်ဖော်ပြထားပေမဲ့မင်္ဂလာရှိတဲ့အရာတွေချည်းမဟုတ်ပါဘူး။မင်္ဂလာတရား(၄)ပါးနှင့်အတူအမင်္ဂလာတရား(၄) ါးကိုပါပူးတွဲဖော်ပြထားတာကို ထောက်ရှုကြရပါတယ်။ပထမ(၄)ချက်မှာဆင်းရဲသောသူ၊ဆာလောင်သောသူ၊ငိုကြွေးသောသူ၊မုန်းတီးကဲ့ရဲ့အသရေဖျက်ခံရသောသူတွေဟာမင်္ဂလာရှိတယ်လို့ ဆိုထားပါတယ်။မင်္ဂလာ (၄)ပါးရဲ့ ဆန့်ကျင်ဖက်အမင်္ဂလာ(၄)ချက်ကတော့ကြွယ်ဝချမ်းသာသောသူ၊ဝလင်စွာစားသောက်ရသူ၊ရယ်မောပျော်ရွှင်နေကြသူ၊ချီးမွမ်းခံရသူတွေဟာ အမင်္ဂလာရှိတယ်လို့ ဆိုထားပါတယ်။ဆင်းရဲခြင်းနှင့်ချမ်းသာခြင်း၊ဆာလောင်ခြင်းနှင့်ပြည့်ဝခြင်း၊ငိုကြွေးခြင်းနှင့် ရယ်မောခြင်း၊ချီးမွမ်းခြင်းနှင့်ကဲ့ရဲ့ခြင်း ဒါတွေဟာကျွနု်ပ်တို့လူသားတွေနေ့စဉ်ဘဝမှာ အမြဲကြုံတွေနေရတဲ့လောကဓံတရားတွေပဲဖြစ်ပါတယ်။ဆင်းရဲတဲ့သူဟာမင်္ဂလာရှိတယ်လို့ ပြောရင် ချမ်းသာတဲ့သူကရောမင်္ဂလာမရှိနိုင်တော့ဘူးလား။ဆင်းရဲတဲ့သူတိုင်းကမင်္ဂလာရှိတဲ့သူမဟုတ်ပါဘူး။ဆင်းရဲခြင်းမှာဘယ်လိုစိတ်ထားလဲ၊ဘုရားကိုဘယ်လို ယုံကြည်အားကိုးလဲဆိုတဲ့ အတွင်းစိတ်ထားရှိတတ်ခြင်းမှာ လူဟာမင်္ဂလာရှိတဲ့သူဖြစ်လာတယ်။ချမ်းသာကြွယ်ဝသော်လည်းကိုယ့်တစ်ယောက်ထဲအတွက်မဟုတ်ဘဲ အများနှင့်ဝေမျှပြီး ရိုးစင်းစွာနေထိုင်ရှင်သန်တဲ့လူချမ်းသာတွေအများကြီးရှိပါတယ်။ဒီလိုလူတွေဟာ လည်းမင်္ဂလာရှိတဲ့သူတွေပါပဲ။လူတိုင်းလိုလို ပြီးပြည့်စုံတဲ့ဘဝကို တက်မက်လိုချင်ကြတာပါပဲ။ဒါပေမဲ့ဘဝကြီးက
လူတိုင်းကိုတော့ပြည့်စုံနေအောင်ဘယ်ပေးပါ့မလဲ။ဘုရားကလူကိုအတွေ့ကြုံတွေကနေသင်ခန်းစာပေးတယ်။ရင့်ကျက်ကြီးထွားရှင်သန်စေပါတယ်။လူတွေလိုချင်တာကချမ်းသာကြွယ်ဝမှု၊ ဘုရားက ဆင်းရဲခြင်းကနေတကယ်စစ်မှန်တဲ့ ချမ်းသာသုခဆိုတာဘာလဲဆိုတာကို သိစေတယ်။ လူတွေလိုချင်တာ ပြည့်ဝမှု။ ဘုရားကဆာလောင်တတ်ခြင်းကနေပြည့်ဝတဲ့အရာကို တန်ဖိုးထားစေပါတယ်။ လူတွေလိုချင်တာရယ်မောပျော်ရွှင်စွာနေရခြင်း။ဘုရားက ငိုကြွေးပူဆွေးခြင်းကနေစစ်မှန်တဲ့ပျော်ရွှင်မှုကိုရှာဖွေစေတယ်။လူတွေလိုချင်တာချီးမွမ်းမြောက်စားခြင်း။ဘုရားကကဲ့ရဲ့အပြစ်တင်ခံရတဲ့အထုအထောင်းတွေကိုကြံကြံခံရင်းသန်မာစေချင်တယ်။ဒီနေ့ကြားရတဲ့ဘုရားရဲ့နှုတ်တော်ထွက်စကားကိုနာယူပြီးဘဝရဲ့စိန်ခေါ်သံတွေကိုမှန်ကန်စွာတုန့်ပြန်ကြရမှာဖြစ်ပါတယ်။လူတွေထောင်ပေါင်းမက ဆာငတ်နေကြတယ်။ငိုကြွေးနေကြတယ်။အိမ်ခြေယာမဲ့ဒုက္ခဆင်းရဲခြင်းတွေရင်ဆိုင်နေရတယ်။ညှင်းပမ်းခြင်းတွေကိုနေ့စဉ်နဲ့အမျှခံစားနေကြရတယ်။ဒါတွေကိုမျက်ကွယ်ပြုပြီးဘယ်သူသေသေငတေမာ ပြီးရောဆိုတဲ့ စိတ်ဓါတ်မျိုးနဲ့ကိုယ့်တစ်ဖို့ထဲကြည့်တဲ့သူဟာယနေ့ခေတ်မှာအမင်္ဂလာရှိတဲ့သူတွေဖြစ်ပါတယ်။မင်္ဂလာဆိုတဲ့ မြန်မာစကားကို သေချာကြည့်ပါ။ကြည်နူးစရာကောင်းတဲ့ တန်ဖိုးရှိတဲ့ စကားလုံးလေးပါ။ဒါရဲ့ဆန့်ကျင်ဖက်အမင်္ဂလာဆိုတာကြီးကကျိန်ဆဲခံရခြင်းတစ်မျိုးပါပဲ။မင်္ဂလာကင်းမဲ့တဲ့ဘဝ၊စာနာမှုမရှိတဲ့ဘဝ၊ဘုရားပေးထားတဲ့လမ်းစဉ်အတိုင်းမရှင်သန်တဲ့ဘဝအသက်တာဖြစ်ပါတယ်။ဘုရားဟောတရားကို ရင်ဝယ်ထားပြီးစစ်မှန်တဲ့မင်္ဂလာရှိသူတွေဖြစ်အောင်ကြိုးစားကျင့်ကြံရင်းတရားခွန်အားတွေ ရကြပါစေ။