ဖေဖော်ဝါရီလ (၁၇)ရက်
သာမန်ကာလ ဆဌမသီတင်းပတ် တနလ်ာနေ့။
မာကု ၈း ၁၁-၁၃
February (17),6th Week in Ordinary Time, Monday.
Mark 8: 11-13
Reflection by သီကိုရှင်း (SDB)
ဖာရီဇေဦးတွေကခရစ်တော်ဘုရားရှင်ကိုနိမိတ်လက္ခဏာတောင်းဆိုတဲ့အကြောင်းကိုကြားရတယ်။ခရစ်တော်ဘုရားမပေါ်မီလူတွေမျှော်လင့်ထားတာကကယ်တင်ရှင်ဟာထူးထူးခြားခြားအံ့ဖွယ်တန်ခိုးတွေပြုပြီးဘုန်းအရှိန်အဝါတွေနဲ့တခမ်းတနားဆင်းကြွလာလိမ့်မယ်လို့တွေးထင်ထားကြတယ်။တကယ်တော့ခရစ်တော်ကတခမ်းတနားမကြွလာပေမဲ့ တထူးတခြား အံ့ဖွယ်လက္ခဏာတွေကိုပြုလုပ်နေခဲ့ပါတယ်။လူနာတွေကုသပေးတယ်။မျက်မမြင်ကအလင်းပြန်ရတယ်။ခြေမသန်စွမ်းသူကလမ်းပြန်လျှောက်နိုင်တယ်။မုန့်အနည်းငယ်ကိုပွားပြီးလူပေါင်းများစွာကိုကျွေးမွေးနိုင်ခဲ့တယ်။ကုန်ကုန်ပြောရရင်သေတဲ့သူတောင်ပြန်ပြီးအသက်ရှင်လာခဲ့တယ်။ဒါတွေကထူးခြားတဲ့လက္ခဏာတွေမဟုတ်ဘူးလား။ဒီလက္ခဏာတွေကိုမြင်တွေ့တဲ့သူတွေကအနယ်နယ်အရပ်ရပ်ကနေလာပြီးကုသခြင်းတွေတောင်းခံကြတယ်။ယုံကြည်ခြင်းတွေတိုးလာကြတယ်။ ဒါပေမဲ့ဖာရီဇေဦးတွေကခရစ်တော်ကိုဘုရားသခင်ဆီကလာတဲ့သူဖြစ်ကြောင်းနိမိတ်လက္ခဏာပြဖို့တောင်းခံကြတာနဲနဲတော့လွန်သွားပြီထင်တယ်။ကိုယ်တော်ပြုတဲ့တန်ခိုးလက္ခဏာတွေကိုသူတို့တွေမမြင်နိုင်လို့လား။ဒါမှမဟုတ်မယုံကြည်လို့သွေးတိုးစမ်းတဲ့သဘောနဲ့ထပ်တောင်းဆိုတာလည်း ဖြစ်နိုင်တယ်။သူများမလုပ်နိုင်တဲ့အလုပ်တွေကိုလုပ်နေမှတော့ထူးခြားတဲ့ ပုဂ္ဂိုလ်ဖြစ်နေပြီဆိုတာကို သိသင့်တယ်။ကယ်တင်ခြင်းရဲ့လက္ခဏာတွေဖြစ်တဲ့ကုသခြင်းတွေကို လုပ်ဆောင်တာဟာကယ်တင်ရှင်ဘုရားကလွဲလို့ဘယ်သူလုပ်မှာလဲ။ဒီလိုပါပဲဖာသာတို့ရဲ့ဘဝမှာတခါတလေဘုရားရဲ့တန်ခိုးလက္ခဏာတွေကျေးဇူးတော်တွေကိုခံစားသိမြင်နေရတာတောင်ဘုရားတကယ်ရောရှိရဲ့လားဆိုပြီးမယုံနိုင်တာတွေဖြစ်တတ်ပါတယ်။ဒီလောက်ကျေးဇူးတော်တွေခံစားနေရတာတောင်ဘုရားဆီကနိမိတ်လက္ခဏာတွေတောင်းလို့မပြီးနိုင်တဲ့သူတွေအများကြီးရှိတယ်။ဘုရားရှိတာမှန်ရင်ငါဆုတောင်းသံတွေနားညောင်းမှာပေါ့။ဘာလို့ဒီဒုက္ခတွေကံဆိုးမိုးမှောင်ကျခြင်းတွေကိုငါကရင်ဆိုင်နေရတာလဲ။ဘုရားကမကူဘူးလားဆိုပြီးဘုရားကိုစောဒကတက်ချင်ကြတယ်။ယုံကြည်ခြင်းသာတကယ်ရှိရင်ဘာနိမိတ်လက္ခဏာမှမလိုအပ်ပါဘူး။မယုံကြည်တဲ့သူအတွက်ကတော့ဘယ်လောက်ကြီးပဲတန်ခိုးတွေပြပြခေါင်းမာစွာနဲ့ ငြင်းဆန်နေဦးမှာပါ။