ဖေဖော်ဝါရီလ (၁၈)ရက်
သာမန်ကာလ ဆဌမသီတင်းပတ် အဂ်ါနေ့။
မာကု ၈း ၁၄-၂၁
February (18), 6th Week in Ordinary Time,Tuesday..
Mark 8:14-21
Reflection by သီကိုရှင်း (SDB)
မနေ့ကဖာရီဇေဦးတွေကသံသယစိတ်တွေနဲ့ခရစ်တော်ဆီကနိမိတ်လက္ခဏာကိုတောင်းခဲ့ပါတယ်။ဒါကြောင့်ခရစ်တော်ကဒီနေ့မှာအဲ့လိုမယုံကြည်တဲ့ဖာရီဇေဦးတွေရဲ့တစေးနဲ့တူတဲ့စိတ်သဘောထားမျိုးကိုရှောင်ကြဉ်ကြဖို့သတိပေးဆုံးမတာကိုတွေ့ပါတယ်။တပည့်တော်ကြီးတွေကစားစရာယူလာဖို့မေ့သွားခဲ့ပါတယ်။ရှိတဲ့ပေါင်မုန့်လေးတစ်ခုကိုသူတို့စားဖို့ပေးရင်းဖာရီဇေဦးတွေရဲ့တစေးကိုသတိထားပါလို့မှာကြားတယ်။သခင်ယေဇူးဘာကို ဆိုလိုတာလဲဆိုတာတပည့်တော်ကြီးတွေကသဘောမပေါက်ကြဘူး။ တစေးဆိုတာမုန့်ထဲမှာထည့်ရင်မုန့်ကိုပွားစေတယ်။နဂိုမူရင်းမုန့်ပုံစံအတိုင်းမဟုတ်တော့ဘဲပွပွဖောင်းဖောင်းနဲ့ပုံစံပြောင်းသွားပါတယ်။ဓမ္မဟောင်းကာလမှာဆိုရင်တစေးမပါတဲ့မုန့်ကိုပဲဘုရားကိုပူဇော်ဖို့အသုံးပြုကြရတယ်။အီစရာအဲလူမျိုးတွေအီဂျစ်ပြည်ကနေထွက်လာပြီးကတိထားရာခါနန်ပြည်ကို သွားတဲ့ခရီးမှာစားဖို့ပြုလုပ်ရတဲ့မုန့်ကလည်းတစေးမထည့်ရပါဘူး။တစေးကပွစေတယ်။ပျက်စီးလွယ်တယ်။ဒါကြောင့်ဂျူးတွေအတွက်ကတစေးဆိုတာမကောင်းတဲ့လက္ခဏာပဲ။ဒီနေရာမှာအပြုသဘောဆောင်တဲ့တဆေးရဲ့ကောင်းခြင်းတွေလည်းရှိပါတယ်။အမျိုးသမီးတစ်ဦးကမုန့်ညက်သုံးတင်းမှာတစေးထည့်ပြီးနယ်တဲ့အခါပွားလာစေသလိုမျိုးကောင်းကင်နိုင်ငံတော်ဟာလည်း
တဖြေးဖြေးနဲ့လူတွေရဲ့ဘဝထဲမှာမသိမသာနဲ့ ကြီးထွားရှင်သန်ဖြစ်တည်လာတဲ့ဆိုတဲ့အကြောင်းတစ်နေရာမှာခရစ်တော်ကဥပမာပေးလို့ဆိုထားတာလည်း ရှိပါတယ်။တစေးကဲ့သို့ လူအများအတွက်ကောင်းကျိုးတွေပြုရင်းကောင်းတဲ့ဘက်မှာကြီးထွားစေတယ်ဆိုရင်ဒါကောင်းတဲ့သဘောပါပဲ။ဒါပေမဲ့ဒီနေရာမှာခရစ်တော်ပြောချင်တာကဖာရီဇေဦးတွေရဲ့တစေး။သူတို့ရဲ့မယုံကြည်တဲ့စိတ်ကလူတွေကြားထဲရောက်သွားရင်တခြားသူတွေကိုလည်းလွှမ်းမိုးနိုင်တယ်။ရှိပြီးသားယုံကြည်ခြင်းတွေတောင်ပျက်စီးသွားနိုင်တာမို့သူတို့ရဲ့တဆေးကိုသတိထားပါလို့မှာကြားခြင်းဖြစ်ပါတယ်။ဘုရားရဲ့အကြံအစည်ထက်ကိုယ့်ရဲ့စိတ်သဘောအတိုင်းလိုက်လုပ်တတ်တဲ့ဖာရီဇေဦးတွေရဲ့ပုံစံတွေကိုလိုက်မလုပ်ကြဖို့ဖြစ်ပါတယ်။မတရားမှုတွေ၊ဒုစရိုက်တွေကိုရှောင်ရှားဆင်ခြင်နိုင်ဖို့ဘုရားကဒီယနေ့ဖာသာရ်တို့ကိုတရားပေးပြီးဆုံးမနေပါတယ်။