ဖေဖော်ဝါရီလ(၂၀)ရက်််၊
သာမန်ကာလ ဆဌမသီတင်းပတ်ကြာသပတေးနေ့။
မာကု ၈း၂၇-၃၃
February (20),6th Week in Ordinary Time,Thursday.
Mark 8: 27-33
Reflection by သီကိုရှင်း (SDB)
ဒီနေ့ရဲ့ ကျမ်းစကားတွေကို ထောက်ရှုကြည့်မယ်ဆိုရင် ခရစ်တော်ရဲ့ နောက်လိုက်တပည့်အဖြစ် ဘယ်လိုမျိုးပူဇော်လျှောက်လှမ်းရမလဲဆိုတာတွေကို မီးမောင်းထိုးပြထားတယ်။ ခရစ်တော်ဘုရားက သူဟာ ဂျေရုဆလင်ကိုခရီးဦးတည်နေတယ်၊ အဲ့ဒီမှာ သက်ကြီးဝါကြီးတွေက အပ်နှံကြမယ်။ အသတ်ခံရမယ်။ ၃ ရက်မြောက်မှာရှင်ပြန်မယ်ဆိုပြီး ကြိုတင်မိန့်ကြားပါတယ်။ တပည့်တော်ကြီးတွေအနေနဲ့ ဒီစကားကို ကြားတဲ့အခါမှာလက်မခံနိုင်ကြဘူး။ လက်မခံနိုင်တာထက် နားမလည်တာက ပိုဆိုးပါတယ်။ ရှင်ပေတရုက ခရစ်တော်ကိုအသက်ရှင်တော်မူသော ဘုရားရဲ့ သားတော်ဖြစ်ကြောင်း ဝန်ခံခဲ့တယ်။ အသက်ရှင်တဲ့ဘုရားက သေခြင်းအကြောင်းကို ပြောနေတော့ နားရှုပ်သွားကြတယ်။ သူတို့မျှော်လင့်ထားတဲ့ ကယ်တင်ရှင်က ဒီလို အသေခံဖို့မဟုတ်ဘူး။ စွမ်းအားတန်ခိုးတွေနဲ့ ကယ်ချွတ်မယ့်သူလို့ ထင်ခဲ့တာပါ။အဲ့ဒီတော့ ရှင်ပေတရုက ထ ကန့်ကွက်တယ် ။ ကိုယ်တော် ဒီလို ဖြစ်လို့ မရဘူးလေ။ ရှင်ပေတရုကခုနလေးတင် ချီးမွမ်းခံခဲ့ရပေမဲ့ ခဏနေတော့ အဆူခံရပါ တယ်။ ကားတိုင်ကို တပည့်တော်ကြီးတွေကြောက် တယ်။မလိုချင်ဘူး။ သခင်ယေဇူးလည်း မလိုချင်ဘူးပဲ။ ကြောက်တယ်။ ကြောက်လို့တောင် အိုအဖဘုရား၊ ဒီဆင်းရဲခြင်းခွက်ဖလားကို လွန်စေနိုင်ရင် လွတ်မြောက်ခွင့်ပေးပါဆိုပြီး တောင်းဆိုခဲ့ဖူးတယ်။ ဒါပေမဲ့လည်း ကိုယ်တော်ကဘုရားရှင်ရဲ့နောက်ကို လိုက်လျှောက်ခြင်းဆိုတာ စွန့်လွှတ်အနစ်နာခံခြင်းတွေနဲ့ လျှောက်ရတဲ့ ကားတိုင်းလမ်းစဉ်တစ်ခုဖြစ်ကြောင်းပြသခဲ့တယ်။ ခရစ်တော်ဘုရား ကိုယ်တော်တိုင် ဝေဒနာကြမ်းတဲ့နွေတစ်ရာလမ်းကို ဖွေရှာလှမ်းလျှောက်ပြခဲ့ပါတယ်။ သူ့ရဲ့နောက်ကိုလိုက်ချင်တဲ့ ကျနော်တို့တွေလည်း ထိုနည်းတူပဲ ကားတိုင်ထမ်းပြီး ခရီးပြုကြရမှာပဲ။