ဖေဖော်ဝါရီလ(၂၈)ရက်််
သာမန်ကာလ သတ္တမသီတင်းပတ် သောကြာနေ့။
မာကု ၁၀း ၁-၁၂
February (28),7th Week in Ordinary Time, Friday.
Mark 10:1-12
Reflection by သီကိုရှင်း (SDB)
မပျက်ပြယ်နိုင်သော အနှောင်အဖွဲ့
ဒီယနေ့ ဧဝံဂေလိကျမ်းစာမှာလင်မယားကွာရှင်းခြင်းနဲ့ပတ်သက်ပြီးတော့ယေဇူးဘုရားရှင်ဆီကိုကျမ်းတက်ဆရာတချို့ကထောင်ချောက်ဆင်အငိုက်ဖမ်းဖို့မေးခွန်းထုတ်တာကိုတွေ့ရပါတယ်။ခရစ်တော်ဘုရားရှင်ဟာပါးနပ်အမြော်မြင်ပညာရှိစွာဖြေကြားတော်မူခဲ့ပါတယ်။ဓမ္မဟောင်းကျမ်းမှာမိုးဇက်ကလင်မယားကွာရှင်းနဲ့ပတ်သက်ပြီးဘာပြောထားလဲလို့ပြန်မေးတယ်။စာချုပ်မှာလက်မှတ်ထိုး ဖြတ်စာပေးပြီးကွာရှင်းခွင့်ပေးထားပါတယ် လို့ ပြန်ဖြေတဲ့အခါမှာ ကိုယ်တော်က ဒီလိုအခွင့်ပေးခဲ့တာဟာသင်တို့ရဲ့စိတ်နှလုံးခက်ထန်ခြင်းကြောင့်ပေးခဲ့ခြင်းပါလို့ဖြေကြားခဲ့ပါတယ်။ဒါဟာလုပ်ရမယ်ဆိုတဲ့ ပညတ်ချက်တစ်ခုမဟုတ်ပါဘူး။ကွာရှင်ခြင်းဆိုတာလင်မယားနှစ်ယောက်ရဲ့ပန်းတိုင်တစ်ခုမဟုတ်ပါဘူး။ဖန်ဆင်းခြင်းအစမှာကတည်းကလူယောက်ျားနဲ့လူမိန်းမဆိုပြီး ဖိုနဲ့မကိုဘုရားရှင်
ဖန်ဆင်းခဲ့တဲ့အကြောင်းကမ္ဘာဦးကျမ်းမှာဖတ်ရှုရတယ်။ ကိုယ့်ရဲ့မိဘကိုတောင်စွန့်ပြီး ယောကျ်ားဟာ ဇနီးသည်နဲ့ပေါင်းဖက်ရမယ်။ သူတို့နှစ်ဦးကလည်းနှစ်ဦးမဟုတ်တော့ဘဲတစ်ကိုယ်တည်း
တစ်သားတည်းဖြစ်ရမယ်လို့ယေဇူးဘုရားရှင်ကမိန့်တော်မူခဲ့ပါတယ်။ဘုရားရှင်စုံဖက်တဲ့အရာကိုလူသည်မခွဲခွာစေနဲ့ဆိုပြီးအိမ်ထောင်သည်ဘဝကိုဆုံးခမ်းတိုင်သစ္စာရှိစွာတည်ဆောက်ကြဖို့
ဆုံးမထားခဲ့ပါတယ်။ဘုရားရှင်ကလူကိုသူ့ရဲ့ဘုရားအသက်တာမှာပါဝင်စေချင်လို့ဖန်ဆင်းခဲ့တာဟာကြီးမားတဲ့မေတ္တာတရားကြောင့်ပါ။ဒီမေတ္တာတရားကြောင့်ပဲလူဟာတစ်ဦးတည်းနေရန်မသင့်တော်လို့အဖော်မွန်အဖြစ်လူမိန်းမကိုဖန်ဆင်းအပ်နှင်းပေးခဲ့ပါတယ်။တကယ်တော့ ဒါဟာချစ်ခြင်းမေတ္တာဇတ်လမ်းတစ်ခုဖြစ်ပါတယ်။အသားထဲကအသား၊အရိုးထဲကအရိုး၊အချစ်မှာ နှစ်ကိုယ့်တစ်စိပ်ဖြစ်ခဲ့ကြတဲ့လူသားနှစ်ဦးဟာအဲ့ဒီအချစ်ကိုဆက်ပြီးမရှင်သန်ချင်တော့ဘဲချစ်ခြင်းတွေလွင့်ပျယ်သွားကြတဲ့အိမ်ထောင်ရေးဘဝဟာသိပ်ကိုဝမ်းနည်းစရာကောင်းလှပါတယ်။လင်မယားကွာရှင်းပြတ်စဲခြင်းကိုလည်းအမိကက်သလစ်အသင်းတော်ကဘယ်တော့မှခွင့်ပြုမှာမဟုတ်ပါဘူး။ဘာလို့လဲဆိုတော့လက်ထပ်ထိမ်းမြားခြင်းဆိုတာဟာ ခရစ်တော်ဘုရားရှင်ကိုယ်တော်တိုင် စီရင်ထားတော်မူခဲ့တဲ့ စက္ကရမင်တူးမင်္ဂလာတစ်ပါးဖြစ်လို့ပါ။အသင်းတော်ရဲ့လုပ်ငန်းတာဝန်ကလည်းခရစ်တော်သွန်သင်ခဲ့တဲ့မိန့်မှာချက်တွေကိုပြောင်းလဲပြင်ဆင်ခြင်းမရှိဘဲထိန်းသိမ်းကာကွယ်ပြီး ဆက်လက်ဖြန့်ဝေဖို့ပဲ ဖြစ်ပါတယ်။မိသားစုဘဝကိုတည်ဆောက်ပေးတဲ့လက်ထပ်ထိမ်းမြားခြင်းဆိုတာဟာလင်နဲ့မယားအကြားထာဝစဉ်တည်ရှိနေမယ့်ပဍိညာဉ်တစ်ခုပါ။အိမ်ထောင်ရေးကို စိတ်မပါတော့လို့ ဖြိုခွဲလိုက်ပြီးနောက်တစ်ယောက်နဲ့ကြိုက်သလိုအပျော်ရှာလို့ရစတမ်းဆိုရင်လင်နဲ့မယားထိမ်းမြားထားခြင်းရဲ့ဆက်နွယ်မူကဘယ်လောက်တောင်တန်ဖိုးကျဆင်းသွားလိမ့်မလဲ။တကယ်ဆိုရင်လက်ထပ်ထိမ်းမြားခြင်းရဲ့တန်ဖိုးအနက်အဓိပ္ပါယ်တွေ၊တာဝန်ဝတ္ထရားတွေကိုသိပြီးရင့်ကျက်တဲ့အရွယ်ရောက်မှသာလက်ထပ်ကြမယ်ဆိုရင်အိမ်ထောင်တစ်ခုဟာအစဉ်ပြေဖို့အလားလာရှိပါတယ်။အိမ်ထောင်ရေးဆိုတာမျက်လှည့်ပြသလိုဟပ်ချလောင်းဆိုပြီးသူ့အလိုလိုသာယာလာမှာမဟုတ်ဘူး။တစ်ဦးနဲ့တစ်ဦးအေးတူအပူမျှနားလည်မူတွေပေးဆပ်ခြင်းတွေမေတ္တာ၊သစ္စာတရားတွေ၊မောင်တစ်ထမ်းမယ်တစ်ရွက်ကြိုးပမ်းဆောင်ရွက် ကြမှသာသာယာတဲ့အိမ်ထောင်ရေးကိုတည်ဆောက်နိုင်မှာပါ။ဟုတ်ပါတယ်။လင်နဲ့မယားလျှာနဲ့သွားဆိုတဲ့စကားအတိုင်းစကားများ အချင်းပွားရတဲ့အခိုက်အတန့်လေးတွေလည်းရှိမှာပါ။ဒါကိုလည်းသည်းခံခြင်း၊ညှိယူဆွေးနွေးခြင်းတွေနဲ့ပြန်လည်တည်ဆောက်ရမှာပဲ။ဥပဒေအတိုင်းစိတ်သဘောထားမတိုက်ဆိုင်တော့လို့လမ်းခွဲကြပြီဆိုရင်တောင်အသင်းတော်ထဲမှာဘုရားရှေ့လက်ထပ်ထားခဲ့တဲ့ချည်နှောင်မူကတော့ဘယ်တော့မှပျောက်ကွယ်မသွားဘဲလင်နဲ့မယားအကြားအနှောင်အဖွဲ့လေးကအစဉ်တည်ရှိနေဦးမှာဖြစ်ပါတယ်။