ဇူလှိုင်လ(၃)ရက်
(၁၃)ကြိမ်မြောက်သာမန်ကာလသီတင်းပတ် ကြာသပတေးနေ့။
တမန်တော်ကြီးစိန့်သောမတ်(စ်)ပွဲနေ့။
ယောဟန်၂၀း၂၄-၂၉
Reflection by သီကိုရှင်း (SDB)
ဒီနေ့ဧဝံဂေလိကျမ်းစာမှာရှင်သောမတ်စ်၏မယုံကြည်ခြင်းနှင့်သံသယလွန်ဆွဲရာမှထွက်ပေါ်လာသောယုံကြည်ခြင်းကိုထောက်ရှုရသည်။ယေဇူးဘုရားသည်မိမိ၏ရှင်ပြန်ထမြောက်ခြင်းအဖြစ်ကိုအခိုင်အမာသိစေခဲ့သည်။ရှင်သောမတ်စ်ကယေဇူးသခင်အားကျွန်ုပ်၏သခင်၊ကျွန်ုပ်၏ဘုရားဟုအတိအလင်းထုတ်ဖော်ကြေညာခဲ့သည်။တစ်ဖက်မှာလည်းဘုရားသခင်သည်ချစ်ခြင်းမေတ္တာဖြစ်ကြောင်းမသိမသာဝန်ခံသွားသည်။ရှင်သောမတ်စ်ကယေဇူးသည်ဘုရားဖြစ်ကြောင်းဝန်ခံသည်။ကျွန်ုပ်၏ဘုရားဟုသီးသန့်ပုဂ္ဂိုလ်ရေးဆန်ဆန်မဝန်ခံမီကိုယ်တော်၏သံရိုက်ရာတို့ကိုသူမြင်တွေ့လိုခဲ့သည်။နံဘေးတော်ကဒဏ်ရာကိုသူ၏လက်နှင့်သေချာစမ်းသပ်ချင်ခဲ့မိသည်။ကိုယ်တော်၏လက်မှသံရိုက်ရာ၊နံဘေးတော်ရှိ ဒဏ်ရာများသည်သောမတ်စ်အားယုံကြည်ရန်ဖြစ်စေခဲ့သည်လော။ကိုယ်တော်၏အတွင်းမှာတည်ရှိနေသောကြီးမားလှသည့်မေတ္တာဘုန်းတန်ခိုးတော်ကိုနက်နက်ရှိုင်းရှိုင်းမြင်တွေ့လိုက်ရခြင်းဟုဆိုနိုင်သည်။ဒဏ်ရာများကိုလက်နှင့်ထိတွေ့လိုက်ရသည့်အခိုက်ဘုရားသခင်၏မေတ္တာတရားကိုပါသောမတ်စ်ခံစားလိုက်ရသည်။မေတ္တာကြောင့်ဘုရားသခင်ကခရစ်တော်ကိုလောကကြီးအတွက်စေလွှတ်ခဲ့သည်။မေတ္တာကြောင့်ခရစ်တော်သည်ကားတိုင်ပေါ်၌အသက်စွန့်ခဲ့သည်။သံရိုက်ရာဒဏ်ရာတော်ကိုသောမတ်စ်ထိတွေကခြင်းသည်အတိုင်းအဆမရှိသောဘုရားသခင်၏မေတ္တာတော်ကိုကိုယ်တိုင်ကိုယ်ကျခံစားလိုက်ရခြင်းလည်းဖြစ်ပေသည်။