ဇူလိုင်လ(၄)ရက်
(၁၃)ကြိမ်မြောက် သာမန်ကာလသီတင်းပတ် သောကြာနေ့။
မာတေဦး ၉း ၉-၁၃
Reflection by သီကိုရှင်း (SDB)
အခွန်ခံမာတေဦး၏အိမ်မှာစားပွဲ၌အတူစားသုံးခြင်းသည်ကောင်းကင်နိုင်ငံတော်မှာကျင်းပသည့်ပွဲကိုကြိုတင်မြည်းစမ်းနိုင်ကြောင်းဖော်ပြထားသည်။သူတပါးကိုကြိုဆိုခြင်း၊အပြစ်ရှိသူဖြောင့်မတ်သူမခွဲခြားဘဲအတူတကွစုရုံးစားသောက်ခြင်းတို့သည်ကောင်းကင်နိုင်ငံတော်ပျော်ရွှင်ဖွယ်စားသောက်ပွဲတော်တစ်ခုပင်။တစ်ဦးနှင့်တစ်ဦးကျေအေးသင့်မြတ်အောင်ပြုလုပ်ပေးသူနှင့်အတူတကွစားသောက်ရသည်မှာလည်းပျော်ရွှင်ရသည့်အကြောင်းတစ်ခု။“ငါ့နောက်သို့လိုက်လော့”မာတေဦးအားမဖိတ်ခေါ်ခင်ကိုယ်တော်သည်သူ့အားကြင်နာသောအကြည့်နှင့်ကြည့်ခဲ့သည်။ကိုယ်တော်၏ဖိတ်ခေါ်သံမှာအကြင်နာမေတ္တာတရားတို့စိမ့်ဝင်နေသည်။ထိုမှတဆင့်ခွင့်လွှတ်ခြင်းတို့လည်းဖြာဆင်းလာခဲ့သည်။သနားကရုဏာသည်ကိုယ်တော်ရှင်ကိုယ်တိုင်ယူဆောင်ခဲ့သော အရာဖြစ်ပြီး၊ကိုယ်တော်ရှင်အလိုရှိသောအရာတစ်ခုလည်းဖြစ်သည်။ယေဇူးဘုရားတရားဒသနာဟောကြားချိန်မှာသနားကရုဏာတရားကိုထူးထူးခြားခြားတွေ့ရသည်။ကရုဏာသည်ကောင်းကင်နိုင်ငံတော်ရောက်ရှိခြင်း၏ပုံရိပ်။အသင်းတော်ကြီး၏အမှတ်လက္ခဏာ။ခရစ်ယာန်တစ်ယောက်၏သင်္ကေတ တစ်ခုပင်။ကရုဏာတရားသည်နားလည်နိုင်စွမ်းရှိသည်။ခွင့်လွှတ်ကြိုဆိုလက်ခံတတ်သည်။