13 January 2026 Tuesday
Mark 1:21 -28
Reflection by Celeste, MSP
Posted by Sr. Maria Ni Ni, MSP
ကာပနာအုမ်မြို့ရှိ တရားဇရပ်တွင် ယေဇူးသည် ကျမ်းတတ်ဆရာများကဲ့သို့မဟုတ်ဘဲ အာဏာဖြင့် သွန်သင်တော်မူကြောင်း၊ ကိုယ်တော်၏ နှုတ်တော်ထွက်စကားသည် ကုသခြင်း၊ လွတ်မြောက်ခြင်းနှင့် ပြန်လည်တည်ဆောက်ခြင်းတို့ကို ပေးစွမ်းနိုင်သော တန်ခိုးရှိပြီး၊ မသန့်ရှင်းသောဝိညာဉ်ကို ထွက်သွားရန် အမိန့်ပေးသောအခါ၊ အဲ့ဒီဝိညာဥ်က ချက်ချင်းထွက်ခွာသွားခြင်းဖြင့် နာခံတာကို တွေ့ရတယ်။ ဒီအချက်က ယေဇူးသည် ကျမ်းတတ်ဆရာတစ်ဦးသာမက ဘုရားသခင်၏ သန့်ရှင်းသော၊တစ်ပါးတည်းသော သားတော်ဖြစ်ကြောင်း၊ ကိုယ်တော်သည် မကောင်းမှုကို မောင်းထုတ်ပြီး စစ်မှန်သော လွတ်လပ်မှုကိုယူဆောင်ပေးနိုင်သောသူဖြစ်ကြောင်း ဒီနေ့ကျမ်းစာတော်မြတ်က ဖော်ပြခြင်းပါ။ယေဇူး၏နုတ်တော်ထွက်စကားတော်ကို နားထောင်ပြီး ကိုယ်တော်၏အခွင့်အာဏာကို ယုံကြည်ပါက ကိုယ်တော်၏နှုတ်ကပတ်တော်မြတ်က ကျွန်ုပ်တို့၊ တစ်ဦးစီကိုလည်း ကြောက်ရွံ့ခြင်း၊ အပြစ်နှင့် အတွင်းစိတ်ကျွန်ဘဝမှ ကျွန်ုပ်တို့ကို လွတ်မြောက်စေနိုင်ပါတယ်။ တရားဇရပ်တွင် ဟောပြောခဲ့သောယေဇူးသခင်၏ နုတ်တော်ထွက်စကားများသည် ယနေ့ထိတိုင် သမ္မာကျမ်းစာအားဖြင့်၊ ဆုတောင်းခြင်းနှင့် အသင်းတော်မှတစ်ဆင့် ကျွန်ုပ်တို့အား အမှန်တရားနှင့် ငြိမ်းချမ်းသာယာမှုတွင် နေထိုင်ရန် ဖိတ်ခေါ်နေဆဲဖြစ်တယ်။ယေဇူးသခင်သည် ဘုရားသခင်၏ အခွင့်အာဏာဖြင့် သွန်သင်တော်မူပြီး၊ ကိုယ်တော်၏နှုတ်တော်ထွက်စကားတိုင်းက မကောင်းမှုကို အောင်နိုင်သော တန်ခိုးရှိခြင်းကို ဖော်ပြပေးနေတယ်။ဒီအတွက် -စစ်မှန်သော လွတ်လပ်မှုဆိုတာ ခရစ်တော်၏ စကားတော်ကို နားထောင်ခြင်းနှင့် နာခံခြင်းမှ လာခြင်းပါ။ယေဇူးသခင်၏နှုတ်တော်ထွက်စကားများ ဖြစ်သော သမ္မာကျမ်းစာတော်မြတ် နှင့် အမိအသင်းတော်မှ တစ်ဆင့် ကိုယ်တော်သည် ဆက်လက်၍ လုပ်ဆောင်နေတယ်ဆိုတာကို သတိရပြီး ကိုယ်တော်၏ နုတ်တော်ထွက်စကားများ နားထောင်ပြီး လိုက်နာကျင့်ဆောက်တည်သောသူများ ဖြစ်ကြရန် ကြိုးစားကြပါစို့။