14 January 2026 Wednesday
Mark 1:29 - 39
Reflection by Celeste, MSP
Posted by Sr. Maria Ni Ni, MSP
ဒီနေ့ကျမ်းစာတော်မြတ်တွင် ယေဇူးသည် စီမုန်၏အိမ်သို့ ဝင်ရောက်ပြီး သူ၏ယောက္ခမကို ကုသပေးခြင်းဖြင့် ကရုဏာမေတ္တာကိုပြသပေးခဲ့တယ်။
ကိုယ်တော်၏ ကုသမှုသည် သူမ၏ လူ့ဂုဏ်သိက္ခာကို ပြန်လည်ရရှိစေပြီး တစ်ပါးသူအား ပြန်၍ အစေခံနိုင် စေသောအချက်ကိုလည်းတွေ့ရခြင်းပါ။ စစ်မှန်သော ကုသမှုသည် ကျွန်ုပ်တို့အား မေတ္တာနှင့် အစေခံခြင်းဆီသို့ အမြဲတွန်းအားပေးနေခြင်းပါ။။ယေဇူးသည် လူများစွာကို. ရောဂါဝေဒနာအမျိုးမျိုးမှကုသပေးသလို နတ်ဆိုးများကိုလည်း နှင်ထုတ်တော်မူပြီး၊ ယေဇူးသည် ဆုတောင်းရန် တိတ်ဆိတ်သောနေရာသို့ ထွက်ခွာသွားတော်မူတယ်ဆိုသောအချက်က ကိုယ်တော်၏ အမှုတော်ဆောင်ခြင်းအတွက် ဆုတောင်းခြင်းက အဓိက အရင်းအမြစ်ဖြစ်ကြောင်း ကျွန်ုပ်တို့အား သတိပေးနေခြင်းပါ။ ကြီးမားသော အောင်မြင်မှုတွေနှင့် လူတွေရဲ့လိုအပ်မှုတွေကြားမှာပင် ယေဇူးသခင်သည် ခမည်းတော်နှင့် ရင်းနှီးဆက်နွယ်ပေါင်းစပ်မှု၊ ဆုတောင်းခြင်းအမှုတွင် အခြေခံထားကြောင်းဖော်ပြနေခြင်းပါပဲ။ ယေဇူးကိုယ်တော်၏ သာသနာပြုအမှုတော်ဆောင်ခြင်း Mission သည် အလွန်ကျော်ကြားသောနေရာ ၊ ရာထူးဂုဏ်ထူး မဟုတ်ဘဲ၊ သတင်းကောင်းကို လူတိုင်းထံ ယူဆောင်လာခြင်းပါ။ ဒီအရာများသည် လူတို့ရဲ့ နှစ်သိမ့်မှု၊ အသိအမှတ်ပြုမှုထက် ဘုရားသခင်၏ အလိုတော်ကို လိုက်နာရန် ကျွန်ုပ်တို့အား သင်ကြားပေးခြင်းပါပဲ။
ခွန်အားယူရမည့်အချက်မှာ - ယေဇူးသည် ကျွန်ုပ်တို့၏နေ့စဉ်ဘဝထဲသို့ ဝင်ရောက်လာပြီး ကျွန်ုပ်တို့ရဲ့ ကျိုးပဲ့နေသော စိတ်၊ ခန္တာ၊ ဝိညာဥ် သုံးပါးစလုံးအား ကုသမှုပေးနေတယ်ဆိုသောအချက်၊ ယေဇူးသခင်၏ စစ်မှန်သောကုသမှုသည် အခြားသူများကိုလည်း ပြန်လည်၍မေတ္တာဖြင့်ဝန်ဆောင်မှုပေးရန် ကျွန်ုပ်တို့ကို ဦးဆောင်ပေးနေတယ်ဆိုသောအချက်၊ ဘုရားသခင်၏အမှုတော်မြတ်/ Mission အပေါ် သစ္စာရှိစွာနေထိုင်အသက်ရှင်ရန် ဆုတောင်းခြင်းသည် မရှိမဖြစ်လိုအပ်ကြောင်း၊ ကျွန်ုပ်တို့၏ သက်တောင့်သက်သာဇုန်/ Comfort ဇုန် များမှ ထွက်လာ၍ ဧဝံဂလိသတင်းကောင်း ကို ဝေမျှရန် ကျွန်ုပ်တို့အား ဖိတ်ခေါ်ထားခြင်းပါ။