28 January 2026 Wednesday
3rd Week in Ordinary Time
Mark 4: 1- 20
Reflection by Celeste MSP
Posted by Sr. Maria Ni Ni, MSP
ဧဝံဂလိကျမ်းစာတော်မြတ်မှာမျိုးစေ့ကြဲသောသူတစ်ယောက်ကမျိုးစေ့ကြဲရန်ထွက်သွားတယ်လို့ကြားနာကြရပြီး၊တစ်ချိန်တည်းမှာမြေဆီလွှာလေးမျိုးအကြောင်းကိုလည်းတွေ့ရပါတယ်။ဒီနေ့ကြားနာရတဲ့နုတ်ကပါဌ်တော်ထဲမှာမျိုးစေ့ကြဲသူ၊မျိုးစေ့၊မြေဆီလွှာဆိုပြီးကြားနာရတယ်။ကျွန်ုပ်တို့နိုင်ငံကစိုက်ပျိုးသောနိုင်ငံဆိုတာလူတိုင်းသတိမူမိမှာပါ၊သိကြမှာပါ။မိမိတို့ကိုယ်တိုင်ကမျိုးကြဲသူ၊စိုက်ပျိုးသူမဟုတ်ရင်တောင်၊မျိုးကြဲတဲ့အခါ ပျိုးအတွက်ဆိုပြီး ကောင်းမွန်သောအစေ့ကိုသီးသန့်ထားကြတယ်ဆိုတာကြားဘူးကြမှာပါ။ဆိုလိုချင်တာကမျိုးစေ့ကြဲတဲ့သူကကောင်းသောမျိုးစေ့ကိုပဲကြဲတတ်ကြတယ်။အသီးသီးခြင်း၊အသီးကောင်းခြင်းကလက်ခံတဲ့မြေဆီလွှာနဲ့ပဲဆိုင်ပါတယ်။ဒီလိုပဲယေဇူးခရစ်တော်ကတရားဒေသနာဟောကြားသောအခါ၊ကိုယ်တော်ရဲ့နုတ်ကပါဌ်တော်ကကောင်းမွန်သောတရားစကားတွေပါ။သို့သော်လည်းကိုယ်တော်ရဲ့စကားတော်ကိုလက်ခံသောနှလုံးသားတွေကကွဲပြားသွားခြင်းကြောင့်ရရှိသောအကျိုးကျေးဇူး၊အသီးအပွင့်တွေလည်းကွဲပြားသွားရခြင်းပါ။ဒီအတွက်ဒီနေ့သတင်းစကားကကိုယ်တော်ရဲ့နုတ်ကပါဌ်တော်ကလူတိုင်းကို အဆတစ်ရာတိုးပွားအောင်အသီး သီးစေချင်တာပါ၊သို့သော်လက်ခံသောမြေဆီလွှာနဲ့သဏ္ဍန်တူသောကျွန်ုပ်တို့ရဲ့ နှလုံးသားအပေါ်မှာပဲရလဒ်အသီးအပွင့်လည်းကွဲပြားသွားပါလိမ့် မယ်။ယေဇူးခရစ်တော်ကလူသားတစ်ယောက်အနေဖြင့်အသက်ရှင်နေထိုင်တဲ့အခါမှာကိုယ်တော်ကမေတ္တာ၊စေတနာ၊အနစ်နာ၊ကောင်းမွန်သောလုပ်ဆောင်မှုတွေဖြင့်မည်မျှပင်လုပ်နေခဲ့ပါလည်း၊ကိုယ်တော်ကိုလက်ခံသောလူသားတွေရဲ့နှလုံးသားလေးမျိုးကို ဒီနေ့ကိုယ်တော်ကမီးမောင်း ထိုးပြနေခြင်းပါပဲ။
ဒီနေ့မှာလည်း ကျွန်ုပ်နဲ့သင့်ရဲ့နှလုံးသားကဘယ်လိုမျိုး မြေဆီလွှာလဲ။
(၁) လမ်းမြေ
(၂) ကျောက်ခံမြေ
(၃) ဆူးချုံမြေ
(၄) ကောင်းသောမြေ
ဒီနေ့ယေဇူး၊ကိုယ်တော်ကကျွန်ုပ်တို့တစ်ဦးစီခံယူသောနှလုံးသားမြေဆီလွှာကအလွန်အရေးပါကြောင်းအတိအလင်းထောက်ပြလိုက်တာပဲ။ဒီအတွက်ကျွန်ုပ်တို့သတိမူပြီး၊ထားရ မယ့်စိတ်နေ၊စိတ်ထားမှာကောင်းသောမြေဆီလွှာနှလုံးသားဖြစ်ဖို့လိုအပ်တာပါ။