9 March 2026 Monday
Third Week of Lent
Luke 4: 24 - 30
Reflection by Fr. Nicholas Kyaw Lin Tun, OSM
Posted by Sr. Maria Ni Ni, MSP
“မှန်တာပြောရင် ရွာပြင်ထုတ်ခံရတယ်” ဆိုတဲ့စကားရှိပါတယ်။ ဤယနေ့ဘုရားသခင်ဟာ တရားဇရပ်တွင် ရှိနေကြသော ဂျူးလူမျိုးတို့အား ဓမ္မဟောင်းကျမ်းမှ ဇာရေဖတ်မြို့ရှိ မုဆိုးမနှင့် ဆီရိယပြည်သား နာမာန်တို့သည် ဘုရားသခင်၏ ကျေးဇူးတော်ခံစားရသည်ဟူသော အမှန်တရားကို ပြောကြားကာ သွန်သင်ခဲ့ပါတယ်။ ထိုအမှန်တရားကြောင့်ပင် ဘုရားသခင်သည် မြို့ပြင်သို့နှင်ထုတ်ခံခဲ့ရပါသည်၊၊ ကျွန်ုပ်တို့နေ့စဉ်ဘဝမှာလည်း အလားတူ အဖြစ်အပျက်များနှင့် ကြုံတွေ့ရလေ့ရှိပါတယ်။ အမှန်တရားကို ပြောရင် လူမုန်းခံရတာ၊ မကောင်း ကြံခံရတာ စသဖြင့် အမျိုးမျိုးကြုံရတတ်ပါတယ်။ သို့သော် ကျွန်ုပ်တို့ဟာ အမှန်တရားကို ချစ်မြတ်နိုး သော၊ “ငါသည် အသက်လည်းဖြစ်၏၊ လမ်းခရီးလည်းဖြစ်၏၊ အမှန်တရားလည်းဖြစ်၏”ဟု ရဲရင့်စွာပြောကြား ခဲ့သော ထာဝရဘုရားသခင်၏ သားသမီးများဖြစ်သည့်နည်းတူ အမှန်တရားကိုလက်ခံမြတ်နိုးပြီး ထိုအမှန်တရားကို ရဲဝံ့စွာသက်သေထူနိုင်သောသူများ ဖြစ်လာနိုင်ရန် လိုအပ်သော ကျေးဇူးတော်များ ဆက်လက်တောင်းခံကြပါစို့။