3 August 2026 Tuesday
18th Week in Ordinary Time
Matthew 14: 22 - 36
Reflection by Padre Pietro, MSP
Posted by Sr. Maria Ni Ni, MSP
" ခရစ်တော်တစ်ပါးတည်းကိုသာ ဗဟိုပြု / အာရုံပြုထားကြပါစို့။ "
ဒီနေ့ ဧဝံဂေလိတရားတော်က ကျွန်ုပ်တို့အား သင်ကြားပေးသောအရာမှာ ယုံကြည်ခြင်းဆိုတာ မုန်တိုင်းမရှိသောဘဝ မဟုတ်ဘဲ၊ မုန်တိုင်းအလယ်၌ပင် ယေဇူးက ကျွန်ုပ်တို့နှင့်အတူ ရှိတော်မူတယ််ဆိုတာကို ယုံကြည်ကိုးစားခြင်းပဲ ဖြစ်ပါတယ်။
လေပြင်းတိုက်ခတ်၍ လှိုင်းလုံးကြီးများ ထန်နေေသာအချိန်မှာပင် ယေဇူးက “သတ္တိရှိကြလော့” ဟု မိန့်တော်မူတယ်ဆိုတာကိုကြားနာရပါတယ်။
ပီတာက ထို စကားကို ယုံကြည်သဖြင့် သတ္တိရှိစွာ လှေပေါ်မှ ဆင်းကာ ယေဇူးထံသို့ လျှောက်လှမ်းခဲ့တယ်။ သို့သော်လည်း ပီတာရဲ့အာရုံက ယေဇူးထံကနေ
လေပြင်းနှင့် လှိုင်းလုံးများဆီသို့ အာရုံပြောင်းသွားသောအခါ ကြောက်ရွံ့ခြင်းက နေရာယူလာပြီး ရေထဲသို့ နစ်မြုပ်စပြုလာခဲ့ပါတယ်။ဒီအဖြစ်အပျက်က ကျွန်ုပ်တို့ရဲ့ ဘဝအသက်တာနှင့်လည်း မကြာခဏ တူညီနေတတ်ပါတယ်။ အစပိုင်းမှာ ယုံကြည်ခြင်း၊ မျှော်လင့်ခြင်းတို့ဖြင့် စတင်ကြသော်လည်း
မကျန်းမမာခြင်း၊ ငွေကြေးအခက်အခဲတွေ၊ မိသားစုအတွင်း ပဋိပက္ခေတွ (သို့မဟုတ်) အနာဂတ်အပေါ်မရေမရာ၊ မသေချာမှုတွေ ကြုံလာသောအခါ ခရစ်တော်ကို ဗဟိုပြု / အာရုံပြုမည့်အစား၊ ပြဿနာများနှင့် ကြောက်ရွံ့မှုများကိုသာ အာရုံစိုက်မိလာကြတယ်။။
ဒီအခါ ပီတာကဲ့သို့ပင် စိုးရိမ်ပူပန် သောကတွေရဲ့ အလေးချိန်အောက်မှာ နစ်မြုပ်စပြုလာကြတယ်။
သို့သော်လည်း ယေဇူးက ကျွန်ုပ်တို့ကို ဘယ်သောအခါမျှ စွန့်ပစ်တော်မူမှာ မဟုတ်ပါ။
ပီတာထံသို့ယေဇူးကလက်တော်ကိုဆန့်ပေးခဲ့သလိုပဲ၊ကျွန်ုပတို့ထံသို့လည်း လက်တော်ကို ဆန့်ကာ“ငါ့ကို တစ်ဖန်ယုံကြည်ကိုးစားကြလော့”ဟုဖိတ်ခေါ်တော်မူနေခြင်းဖြစ်ပါတယ်။
*ဒီနေ့ ယေဇူးက ကျွန်ုပ်တို့ကို မေးခွန်းတစ်ခု မေးတော်မူတယ်။ *
“သင်၏အာရုံက မည်သည့်အရာအပေါ်၌ ရှိသလဲ။"
မုန်တိုင်းများကို ကြည့်နေသလော၊ သို့မဟုတ် ငါ့ကိုသာ ဗဟိုပြု၍ကြည့်နေသလော။"
ဘဝ၏ မုန်တိုင်းများက ချက်ချင်း ငြိမ်သက်သွားမှာ မဟုတ်ပေ။ သို့သော်လည်း ယေဇူးက ကျွန်ုပ်တို့ရဲ့ လှေထဲမှာ အတူရှိနေတော်မူသရွေ့ ကျွန်ုပ်တို့တွေ ဘယ်သောအခါမျှ တစ်ယောက်တည်း ဖြစ်မနေပါဘူး။
ဒီ့အတွက်ကြောင့် ဘယ်လိုအခြေအနေမှာမဆို ခရစ်တော်တစ်ပါးတည်းကိုသာ အာရုံပြု၍ ယုံကြည်ခြင်းဖြင့် ရှေ့ဆက် လျှောက်လှမ်းကြပါစို့။