9 September 2026 Wednesday
23rd Week in Ordinary Time
Luke 6: 20 - 26
Reflection by Consolation Sister, NSC
Posted by Sr. Maria Ni Ni, MSP
“ဆင်းရဲသောသူတို့သည် မင်္ဂလာရှိကြ၏။ အကြောင်းမူကား ဘုရားသခင်၏နိုင်ငံတော်သည် သင်တို့၏နိုင်ငံတော်ဖြစ်၏။” (လုကာ ၆:၂၀)
ယနေ့ ဧဝံဂေလိတရားတော်ထဲမှာ ယေဇူးခရစ်တော်က လောကရဲ့တန်ဖိုးထားမှုတွေနဲ့ မတူတဲ့ ဘုရားသခင်ရဲ့ တန်ဖိုးထားမှုကို ကျွန်ုပ်တို့အား ဖော်ပြပေးနေပါတယ်။
ဆင်းရဲသောသူ၊ ယခုဆာလောင်နေသောသူ၊ ဝမ်းနည်းငိုကြွေးနေသောသူ၊ ခရစ်တော်ကြောင့် လူအများကမုန်းတီးနှိပ်စက်ကြသောသူတို့ကို သခင်ယေဇူးက “မင်္ဂလာရှိကြ၏” ဟု မိန့်တော်မူပါတယ်။အကြောင်းမှာသူတို့ရဲ့မျှော်လင့်ချက်ဟာလောကီအရာများပေါ်မှာမဟုတ်ဘဲ ဘုရားသခင်နှင့်ကိုယ်တော်၏နိုင်ငံတော်ပေါ်မှာတည်ရှိနေသောကြောင့် ဖြစ်ပါတယ်။
တစ်ဖက်မှာလည်း ချမ်းသာပြီး အရာရာပြည့်စုံနေသူ၊ လောကီအဆင်ပြေမှုတွေနဲ့သာ ကျေနပ်နေသူ၊ လူအများရဲ့ ချီးမွမ်းခြင်းကိုသာ ရှာဖွေနေသူတို့ကို ကိုယ်တော်ရှင်က သတိပေးတော်မူပါတယ်။ ဒီနေ့ ဧဝံဂေလိတရားတော်က ကျွန်ုပ်တို့ကို မေးခွန်းတစ်ခု မေးနေပါတယ်။
"ငါ့ရဲ့နှလုံးသားက ဘယ်အရာပေါ်မှာ အမှန်တကယ် တည်ရှိနေပါသလဲ?"
ကျွန်ုပ်တို့ဟာ လောကရဲ့အောင်မြင်မှု၊ ချမ်းသာမှုနဲ့ လူတွေရဲ့ချီးမွမ်းခြင်းကိုသာ ရှာဖွေနေကြပါသလား။
ဒါမှမဟုတ် ဘုရားသခင်ကို ယုံကြည်ကိုးစားပြီး အခက်အခဲတွေကြားမှာပင် သစ္စာရှိစွာ လျှောက်လှမ်းနေကြပါသလား။
စစ်မှန်သောမင်္ဂလာဆိုတာ အရာအားလုံးကို ပိုင်ဆိုင်ထားခြင်းမဟုတ်ပါ။ ဘုရားသခင်ကို မိမိဘဝရဲ့ဗဟိုချက်အဖြစ် ထားရှိခြင်းပဲ ဖြစ်ပါတယ်။