17 September 2026 Thursday
24th Week in Ordinary Time
Luke 7: 36 - 50
Reflection by Consolation Sister, NSC
Posted by Sr. Maria Ni Ni, MSP
“များပြားလှသော သူမ၏အပြစ်တို့သည် ခွင့်လွှတ်ခြင်း ခံရလေပြီ။”
အပြစ်ရှိသောအမျိုးသမီးတစ်ဦးသည်ယေဇူးသခင်၏ခြေတော်ရင်းသို့လာရောက်ကာမျက်ရည်များဖြင့်ခြေတော်ကို ဆေးကြော၍ သူမ၏ဆံပင်ဖြင့် သုတ်သင်ခဲ့ပါသည်။
သူမသည်မိမိ၏အပြစ်ကိုသိရှိနားလည်ပြီးမာနတရားများ၊အရှက်တရားများကိုဘေးဖယ်ကာစစ်မှန်သောနောင်တနှလုံးသားဖြင့် ယေဇူးသခင်ထံ တိုးဝင်ခဲ့ခြင်း ဖြစ်သည်။
ကျွန်ုပ်တို့သည်လည်း အတိတ်က ပြုခဲ့ဖူးသော အမှားများ၊ အပြစ်များကြောင့် မိမိကိုယ်ကို အပြစ်တင် စိတ်ပျက်နေတတ်ကြပါသည်။ သို့သော် ယေဇူးသခင်ထံ ရိုးသားစွာ တိုးဝင်လာသောသူ တိုင်းအတွက် ကရုဏာတော်၊ ခွင့်လွှတ်ခြင်းနှင့် အသစ်သောအစပြုခြင်းတို့သည် အမြဲ အသင့်ရှိနေပါသည်။
အဓိက အရေးကြီးဆုံးသောအရာမှာ မိမိကိုယ်ကို ပြန်လည်သုံးသပ်ခြင်း၊ အရှိကိုအရှိအတိုင်း လက်ခံခြင်းနှင့် မှားယွင်းသော အပြစ်လမ်းမှသည် ဘုရားသခင်နှင့် နီးစပ်သော လမ်းကြောင်းမှန်သို့ ပြန်လည်လျှောက်လှမ်းလိုသည့် ဆန္ဒပင် ဖြစ်ပါသည်။အပြစ်တရားသည် ကျွန်ုပ်တို့ကို ဘုရားသခင်ထံမှ ဝေးကွာစေနိုင်သော်လည်း စစ်မှန်သော နောင်တနှင့် ယုံကြည်ခြင်းက ကျွန်ုပ်တို့ကို ကိုယ်တော်၏ မေတ္တာရင်ခွင်ထံသို့ ပြန်လည်ရောက်ရှိစေပါသည်။
ဆုတောင်းခြင်း ။ ။ အို သခင်ယေဇူး၊
ကျွန်ုပ်တို့၏ အပြစ်များကို ခွင့်လွှတ်တော်မူပါ။ အတိတ်က အမှားများကို စွဲလမ်းမနေဘဲ ကိုယ်တော်၏ မေတ္တာနှင့် ကရုဏာတော်ကို ယုံကြည်ကိုးစားလျက် အသစ်သော ဘဝဖြင့် လျှောက်လှမ်းနိုင်သော ကျေးဇူးတော်ကို မစပေးတော်မူပါ။ အာမင်။