4 September 2026 Friday
22nd Week in Ordinary Time
Luke 5: 33 - 39
Reflection by Consolation Sister, NSC
Posted by Sr. Maria Ni Ni, MSP
စပျစ်ရည်သစ်ကို အသစ်ပြင်ဆင်ထားသော စိတ်နှလုံး၌သာ လက်ခံနိုင်သည်။"
ယနေ့ ဧဝံဂေလိကျမ်း၌ဖာရီဇေများ သည် သခင်ယေဇူး၏တပည့်တော်များ အစာမရှောင်ခြင်းကို မေးခွန်းထုတ်ခဲ့ကြသည်။ သူတို့သည် ပြင်ပ ဘာသာရေးကျင့်စဉ်များကိုသာ အလေးထားခဲ့သော်လည်း၊ သခင်ယေဇူးကဘုရားသခင်နှင့် အသက်ရှင်သောဆက်ဆံရေးသည်သာ အရေးအကြီးဆုံးဖြစ်ကြောင်း သွန်သင်တော်မူခဲ့သည်။
သတို့သား ရှိနေသည့်အချိန်သည် ဝမ်းမြောက်ရသော အချိန်ဖြစ်သည်။ ခရစ်တော်သည် ကျွန်ုပ်တို့၏ အသက်တာထဲသို့ ကြွလာတော်မူသောအခါ ဝမ်းမြောက်ခြင်း၊ မျှော်လင့်ခြင်းနှင့် ကျေးဇူးတော်များကို ယူဆောင်လာပေးသည်။ ထို့ကြောင့် ခရစ်ယာန်အသက်တာဆိုသည်မှာ စည်းမျဉ်းများကိုသာ လိုက်နာခြင်းမဟုတ်ဘဲ၊ အသက်ရှင်တော်မူသော ခရစ်တော်နှင့် နေ့စဉ်အတူ လျှောက်လှမ်းသည့် နက်ရှိုင်းသော ဆက်ဆံရေးပင်ဖြစ်သည်။
"စပျစ်ရည်သစ်" အကြောင်း မိန့်တော်မူခြင်းအားဖြင့် သခင်ယေဇူးသည် ကျွန်ုပ်တို့၏ စိတ်နှလုံးကို အမြဲမပြတ် အသစ်ပြောင်းလဲစေလိုကြောင်း ဖော်ပြနေသည်။ ဘုရားသခင်၏ ကျေးဇူးတော်သည် အမြဲအသစ် ဖြစ်၏။ ထိုကျေးဇူးတော်ကို ဝမ်းမြောက်စွာ လက်ခံနိုင်ရန် ကျွန်ုပ်တို့သည် မာန၊ အတ္တ၊ အပြစ်စွဲလမ်းမှုများနှင့် ခွင့်မလွှတ်နိုင်သော စိတ်ဓာတ်ဟောင်းများကို စွန့်လွှတ်ပြီး အသစ်ပြင်ဆင်ထားသော စိတ်နှလုံးဖြင့် တုံ့ပြန်ကြရပါမည်။
ယနေ့ သခင်ဘုရားသည် ကျွန်ုပ်တို့အား မေးမြန်းနေသည်မှာ"သင်၏ စိတ်နှလုံးသည် ငါ၏ ကျေးဇူးတော်အသစ်ကို လက်ခံရန် အသင့်ဖြစ်နေပြီလား။" နေ့စဉ် နောင်တရခြင်း၊ ဆုတောင်းခြင်းနှင့် ချစ်ခြင်းမေတ္တာ၌ အသက်ရှင်ခြင်းအားဖြင့် ကျွန်ုပ်တို့၏ စိတ်နှလုံးကို အသစ်ပြောင်းလဲကြပါစို့။ ထိုအခါ ခရစ်တော်၏ ငြိမ်သက်ခြင်းနှင့် ဝမ်းမြောက်ခြင်းသည် ကျွန်ုပ်တို့၏ ဘဝအသက်တာ၌ ကြွယ်ဝစွာ အသီးသီးလာမည် ဖြစ်သည်။