5 September 2026 Saturday
22nd Week in Ordinary Time
Luke 6: 1 -5
Reflection by Consolation Sister, NSC
Posted by Sr. Maria Ni Ni, MSP
ယနေ့ ဧဝံဂေလိတရားတော်တွင် တပည့်တော်များသည် ဥပုသ်နေ့၌ ဂျုံအနှံများကို ဆွတ်ယူစားသောက်ခြင်းနှင့် ပတ်သက်၍ ဖာရီဇေးဦးများ၏ အပြစ်တင်စွပ်စွဲမှုကို သခင်ယေဇူးခရစ်တော် တုံ့ပြန်ဖြေရှင်းပေးခဲ့သည့် အကြောင်းကို တွေ့ရှိရသည်။
ဖာရီဇေးဦးများသည် ပညတ်တရား၏ စာလုံးပေါင်းနှင့် စည်းမျဉ်းများကိုသာ တင်းကျပ်စွာ စွဲကိုင်ထားကြသော်လည်း၊ သခင်ယေဇူးသည် ပညတ်တရား၏ စစ်မှန်သော အနှစ်သာရဖြစ်သည့် "ကရုဏာတရားနှင့် ချစ်ခြင်း" ကို မီးမှောင်းထိုးပြခဲ့ပါသည်။
ယနေ့ ကျမ်းစာတော်မြတ်မှ သခင်ယေဇူး သင်ကြားပေးလိုသော သင်ခန်းစာများမှာ - ကရုဏာတရားသည် ပိုမိုအရေးကြီးကြောင်း ဒါဝိဒ်မင်းနှင့် သူ၏အခြွေအရံများ ငတ်မွတ်သောအခါ ယဇ်ပုရောဟိတ်များသာ စားပိုင်ခွင့်ရှိသော မုန့်ကို စားသုံးခဲ့သည့် သာဓကကို သခင်ယေဇူးထောက်ပြခဲ့သည်။ ဘုရားသခင်၏ ပညတ်တော်များသည် လူကို နှိပ်စက်ချုပ်နှောင်ရန်မဟုတ်ဘဲ၊ လူသား၏ အသက်ကို ကယ်တင်ရန်နှင့် စောင့်ရှောက်ရန် အတွက် ဖြစ်သည်။ "လူသားသည် ဥပုသ်နေ့၏ အရှင်သခင်ဖြစ်၏" ဟု မိန့်တော်မူခြင်းဖြင့် ခရစ်တော်သည် စည်းမျဉ်းဥပဒေတို့ထက် ပိုမိုကြီးမြတ်ကြောင်းနှင့် စစ်မှန်သော ငြိမ်သက်ခြင်း၊ သက်သာခြင်း၏ စမ်းရေတွင်းဖြစ်ကြောင်း ဖော်ပြနေသည်။
ဖာရီဇေးဦးများသည် အခြားသူတို့၏ ဆာလောင်မှုကို မမြင်ဘဲ စည်းမျဉ်း ဖောက်ဖျက် မှုကို သာ အပြစ်ရှာခဲ့ကြသည်။ စစ်မှန်သော ဘာသာရေးဝတ်ပြုခြင်းဆိုသည်မှာ သူတစ်ပါးကို စည်းမျဉ်းများဖြင့် အပြစ်တင်ခြင်းမဟုတ်ဘဲ၊ လိုအပ်နေသူတို့အား ကရုဏာ မေတ္တာ တရား တို့ဖြင့် ကူညီပေးခြင်း ဖြစ်သည်။
အတ္တနှင့် စည်းမျဉ်းများကြားတွင် မေတ္တာတရား ခေါင်းပါးနေတတ်သော ယနေ့ ကမ္ဘာကြီး၌ ငါတို့သည် ဖာရီဇေးဦးများကဲ့သို့ သူတစ်ပါးကို အပြစ်ရှာဝေဖန်သူများ မဟုတ်ဘဲ၊ သခင်ယေဇူးကဲ့သို့ ကရုဏာနှင့် စာနာစိတ်ပြည့်ဝသော တပည့်တော် ကောင်းများ ဖြစ်နိုင်ကြပါစေ။