16 September 2026 Wednesday
24th Week in Ordinary Time
Luke 7: 31 -35
Reflection by Consolation Sister, NSC
Posted by Sr. Maria NI Ni, MSP
“ဉာဏ်ပညာတော်သည် မိမိ၏ သားသမီးတို့ အသိအမှတ်ပြုခြင်းကို ခံရ၏။”
လူတို့၏ နှလုံးသားသည် အခါခါ၌ အံ့ဩစရာကောင်းလောက်အောင် ဘုရားသခင်၏ အသံတော်ကို ကြားလျက်နှင့် မကြားချင်ယောင် ဆောင်တတ်ကြပါသည်။
ယောဟန်သည် ဘုရားသခင်၏ လမ်းစဉ်ကိုပြင်ဆင်ရန် တင်းကျပ်သော ခြိုးခြံခြင်းဖြင့်အသက်ရှင်သောအခါ “သူ့၌နတ်ဆိုးပူးနေသည်” ဟု လူတို့ကစွပ်စွဲခဲ့ကြသည်။ သခင်ယေဇူးသည် ကျွန်ုပ်တို့ လူသားများအကြား ဆင်းသက်လာပြီး လူအများနှင့်အတူ စားသောက်ကာ အပြစ်သားများကိုပင် ချစ်ခြင်းမေတ္တာဖြင့် နီးကပ်စွာ ဆက်ဆံသောအခါ၌လည်း “ဤသူသည် အစားကြူးသောသူ၊ သေရည်သောက်ကြူးသောသူ” ဟု ပြန်လည်အပြစ်ရှာခဲ့ကြပြန်သည်။
ဒီနေ့၏ ကျမ်းချက်ကို ထောက်ရှုစဉ်းစားရင်း မိမိကိုယ်ကို ပြန်လည်မေးမြန်းကြည့်ကြပါစို့ -
“ဘုရားသခင်၊ ကိုယ်တော်၏ အလိုတော်အတိုင်း ဖြစ်လာသည့်အခါ ကျွန်ုပ် ဝမ်းမြောက်စွာ လက်ခံနိုင်ပါသလား။”
“ကျွန်ုပ်၏ မျှော်လင့်ချက်များနှင့် မကိုက်ညီသည့်အခါ ကိုယ်တော်ကို အပြစ်တင်မိပါသလား။”
“သူတစ်ပါးကို ကြည့်သည့်အခါ သူတို့၏ အမှားများကိုသာ မြင်ယောင်ပြီး ဘုရားသခင် ပြုပြင်လုပ်ဆောင်နေသည့် အရာများကို မမြင်နိုင်ဘဲ ဖြစ်နေမိပါသလား။”
အချို့သော အချိန်များတွင် ဘုရားသခင်သည် ကျွန်ုပ်တို့ မျှော်လင့်ထားသည့် နည်းလမ်းအတိုင်း ကြွလာလေ့မရှိပါ။ သို့သော် ဘုရားသခင် ကြွမလာခြင်း မဟုတ်ပါ။ ကျွန်ုပ်တို့ မျှော်လင့်ထားသည့် ပုံစံမျိုးနှင့် မတူဘဲ ကြွလာခြင်းသာ ဖြစ်ပါသည်။
ထို့ကြောင့် ဒီနေ့တွင် ကျွန်ုပ်တို့၏ နှလုံးသားကို ဘုရားသခင်၏ ရှေ့တော်၌ ပြန်လည်ဖွင့်ဟကြရအောင်။အပြစ်ရှာတတ်သော မျက်လုံးထက် နားလည်ပေးနိုင်သော မျက်လုံးကို၊
ဝေဖန်တတ်သော နှလုံးသားထက် မေတ္တာပြည့်ဝသော နှလုံးသားကို၊မိမိ၏ အလိုထက် ဘုရားသခင်၏ အလိုတော်ကို ရွေးချယ်နိုင်သော ယုံကြည်ခြင်းကို တောင်းခံကြပါစို့။
ဆုတောင်းမေတ္တာ
“အို သခင်ယေဇူး၊
ကျွန်ုပ်တို့၏ အမြင်နှင့် မကိုက်ညီသောအခါ၌ပင် ကိုယ်တော်၏ ပြုပြင်လုပ်ဆောင်ခြင်းများကို ငြင်းပယ်ခြင်း မပြုမိစေရန် ကူညီတော်မူပါ။
အပြစ်ရှာတတ်သော နှလုံးသားကို ဖယ်ရှားပေး၍ ကိုယ်တော်၏ အမှန်တရားကို မြင်နိုင်သော ဝိညာဉ် အလင်းကျေးဇူးကိုပေးသနားတော်မူပါ။
သူတစ်ပါးကို အလွယ်တကူ မဆုံးဖြတ်ဘဲ မေတ္တာနှင့် နားလည်ပေးနိုင်စွမ်း ပေးတော်မူပါ။
ကျွန်ုပ်တို့၏ အလိုထက် ကိုယ်တော်၏ အလိုတော်ကိုသာ ယုံကြည်ကိုးစား၍ လိုက်လျှောက်နိုင်သော ကျေးဇူးတော်ကို မစပေးတော်မူပါ။ အာမင်။