8 August 2026 Saturday
18th Week in Ordinary Time
Matthew 17: 14 - 20
Reflection by Padre Pietro, MSP
Posted by Sr. Maria Ni Ni, MSP
" ဘုရားသခင်၏တန်ခိုးတော်ကို ယုံကြည်ကိုးစားသော ယုံကြည်ခြင်း "
ယနေ့ ဧဝံဂေလိကျမ်းတွင် ဖခင်တစ်ဦးက ဝေဒနာခံစားနေရသေ ာမိမိရဲ့သားကို သခင်ယေဇူးထံ ခေါ်ဆောင်လာတယ်။ တပည့်တော်တွေက သူ့ကို ကုသနိုင်ခြင်းမရှိခဲ့ကြသဖြင့် သခင်ယေဇူးက သူတို့ရဲ့ယုံကြည်ခြင်း အားနည်းမှုကို သွန်သင် ဆုံးမတော်မူပြီး၊ ထိုလူငယ်ကို ကုသပေးတော်မူတယ်။ ပြီးနောက် တပည့်တော်တို့အား “သင်တို့ရဲ့ ယုံကြည်ခြင်းအားနည်းသောကြောင့် နတ်ဆိုးကိုမောင်းထုတ် မနိုင်ခဲ့ကြခြင်းဖြစ်တယ်။ သင်တို့တွင် မုန်ညင်းစေ့မျှလောက်သော ယုံကြည်ခြင်းရှိပါလျှင် ဤတောင်ကို ‘ဤနေရာမှ ထ်ုနေရာသို့ ရွှေ့လော့’ ဟုဆိုလျှင်၎င်းသည် ပြောင်း ရွှေ့လိမ့်မည်” ဟု မိန့်တော်မူတယ်။
ဒီကျမ်းပိုဒ်က ယုံကြည်ခြင်းသည် အရွယ်အစားဖြင့် တိုင်းတာရသည့် အရာမဟုတ်ဘဲ ဘုရားသခင်ကို မည်မျှယုံကြည်ကိုးစားသနည်း ဆိုသည့်အပေါ် မူတည်ကြောင်း သတိပေးထားတာပါ။ မုန်ညင်းစေ့သည် အလွန်သေးငယ်သော်လည်း ကြီးမားသောအပင်အဖြစ် ကြီးထွားလာတယ်။ ထိုနည်းတူပင် သေးငယ်သော်လည်း စစ်မှန်သောယုံကြည်ခြင်းအားဖြင် ဘုရားသခင်၏တန်ခိုးတော်က အလုပ်လုပ်နေသောကြောင့် အံ့ဖွယ်ကောင်းသော အမှုအရာများကို ဖြစ်စေနိုင်တယ်။
ကျွန်ုပ်တို့အားလုံး၏ဘဝတွင် “တောင်များ” ရှိကြတယ်။ ထိုတောင်တွေမှာ ရောဂါဝေဒနာ၊ မိသားစုပြဿနာတွေ၊ ကြောက်ရွံ့မှု၊ စိတ်ပျက်အားငယ်မှု သို့မဟုတ် ကိုယ်ပိုင်အားနည်းချက်တွေ ဖြစ်နိုင်တယ်။
တစ်ခါတစ်ရံ တပည့်တော်တွေလိုပဲ မိမိတို့ရဲ့လုပ်နိုင်စွမ်း အင်အားကိုသာ အလွန်အားကိုးပြီး ဘုရားသခင်ကို မှီခိုအားထားရန် မေ့လျော့တတ်ကြတယ်။ သခင်ယေဇူးက ကျွန်ုပ်တို့ကို ဆုတောင်းခြင်း၊ နှိမ့်ချခြင်းနှင့် ယုံကြည်ကိုးစားခြင်းအားဖြင့် မိမိတို့ရဲ့ ယုံကြည်ခြင်းကို ပိုမိုခိုင်မာစေရန် ဖိတ်ခေါ်တော် နေတာဖြစ်ပါတယ်။
ဒီနေ့တွင် ကျွန်ုပ်တို့ရဲ့ ယုံကြည်ခြင်းကို ပိုမိုခိုင်မာစေရန် သခင်ဘုရားထံ ဆုတောင်းကြပါစို့။ ဒီ့အတွက်ကြောင့် ဘဝ၏စိန်ခေါ်မှုတိုင်းကို ဘုရားသခင်၌ အပြည့်အဝယုံကြည်ကိုးစားလျက် ရင်ဆိုင်နိုင်ပြီး **“ဘုရားသခင်အတွက် မဖြစ်နိုင်သောအရာ တစ်စုံတစ်ခုမျှ မရှိ”** ဟူသော ယုံကြည်စိတ်ဖြင့် အသက်ရှင်နိုင်ကြပါစေ။