9 August 2026
19th Sunday in Ordinary Time
Matthew 14: 22 - 33
Reflection by Padre Pietro, MSP
Posted by Sr. Maria Ni Ni, MSP
" ဘဝမုန်တိုင်းများအလယ်တွင် သခင်ယေဇူးကို ယုံကြည်ကိုးစားသော ယုံကြည်ခြင်း "
ယနေ့ ဧဝံဂေလိကျမ်းတွင် တပည့်တော်များက လေ ပြင်းထန်သောမုန်တိုင်း၌ ကြုံတွေ့နေကြရတယ်။ သူတို့သည် ကြောက်ရွံ့ပြီး အကူအညီမဲ့သလို ခံစားနေကြရတယ်။ ထိုအချိန်တွင် သခင်ယေဇူးက ရေပေါ်တွင် လျှောက်လှမ်း၍ သူတို့ထံ ကြွလာပြီး “ရဲရင့်ခြင်းရှိကြလော့။ ငါပင်ဖြစ်၏။ မကြောက်ကြနှင့်” ဟု မိန့်တော်မူတယ်။ ကိုယ်တော်မိန့်တော်မူသော ဤစကားများသည် ယနေ့ဧဝံဂေလိ၏ အဓိကသတင်းစကားပဲဖြစ်ပါတယ်။ သခင်ယေဇူးက မုန်တိုင်းကို ချက်ချင်း ငြိမ်းစေတော်မူသည် မဟုတ်သော်လည်း၊ မုန်တိုင်းအလယ်၌ ကျွန်ုပ်တို့နှင့်အတူ ရှိနေတော်မူတာကို သိရှိခံစားနိုင်တယ်။
ပေတရု၏ တုံ့ပြန်မှုက အားကျဖွယ်ကောင်းလှပါတယ်။ သူသည် လှေပေါ်မှ ဆင်းပြီး ရေပေါ်တွင် လျှောက်လှမ်း၍ အစပြုခဲ့တယ်။ သူရဲ့အာရုံမျက်စိက သခင်ယေဇူးကိုသာ ဗဟိုပြု အာရုံစိုက်ထားသရွေ့ မဖြစ်နိုင်ဟု ထင်ရသောအရာကိုပင် လုပ်ဆောင်နိုင်ခဲ့တာတွေ့ရပါတယ်။ သို့သော် ပြင်းထန်သောလေနှင့် လှိုင်းများကို အာရုံစိုက်လိုက်သောအခါ ကြောက်ရွံ့မှုက လွှမ်းမိုးလာပြီး နစ်မြုပ်စပြုလာပါတယ်။။
ဤအဖြစ်က ကျွန်ုပ်တို့၏ဘဝတွင်လည်း မကြာခဏ ဖြစ်တတ်တယ်။ ပြဿနာများ၊ ကျရှုံးမှုများနှင့် ကြောက်ရွံ့မှုများကိုသာ အာရုံစိုက်နေပါက ယုံကြည်စိတ်နှင့် အားကိုးမှုကို ဆုံးရှုံးတတ်ကြတယ်။ သို့သော် သခင်ခရစ်တော်ကိုသာ အာရုံစိုက်ထားမည်ဆိုပါက ဆက်လက်လျှောက်လှမ်းနိုင်ရန် လိုအပ်သောခွန်အားကို ကိုယ်တော်ပေးတော်မူမှာဖြစ်ပါတယ်။
ပေတရု နစ်မြုပ်စပြုသောအချိန်၌ပင် သခင်ယေဇူးက ချက်ချင်းပင် လက်လှမ်း၍ သူ့ကိုဆွဲမ ကယ်တင်တော်မူတယ်။ ဤအရာက ဘုရားသခင်သည် ကျွန်ုပ်တို့ကို မည်သည့်အခါမျှ စွန့်ပစ် တော်မမူကြောင်း သတိပေးနိုးဆော်နေခြင်းပါ။ ကျွန်ုပ်တို့၏ယုံကြည်ခြင်း အားနည်းနေသော်လည်း “သခင်၊ ကျွန်ုပ်ကို ကယ်တင်တော်မူပါ” ဟု အော်ဟစ် တောင်းလျှောက်သည့်အခါတိုင်း သခင်ယေဇူးသည် ကျွန်ုပ်တို့ကို ချီမ ကယ်တင်ရန် အမြဲအသင့်ရှိတော်မူလျက်ပါ။
ယနေ့တွင် မိမိကိုယ်ကို မေးမြန်းကြပါစို့။ ကျွန်ုပ်၏ဘဝ မုန်တိုင်းက အဘယ်အရာနည်း။
ကျွန်ုပ်သည် လှိုင်းများကိုသာ အာရုံစိုက်နေသလား၊ သို့မဟုတ် သခင်ယေဇူးကို အာရုံစိုက်နေသလား။
သခင်ခရစ်တော်သည် အမြဲ ကျွန်ုပ်တို့နှင့်အတူ ရှိတော်မူပြီး လက်လှမ်းပေးကာ “မကြောက်ကြနှင့်” ဟု မိန့်တော်မူသောစကားကို ယုံကြည်ကြပါစို့။
သခင်ယေဇူးနှင့်အတူ ဆိုလျှင် ဘဝ၏မုန်တိုင်း ၊ တိုင်းသည် ယုံကြည်ခြင်း ပိုမိုကြီးထွားရင့်ကျက်စေသော အခွင့်အရေးတစ်ခု ဖြစ်လာနိုင်ပါတယ်။