12 August 2026 Wednesday
19th Week in Ordinary Time
Matthew 18: 15 - 20
Reflection by Padre Pietro, MSP
Posted by Sr. Maria Ni Ni, MSP
" ပြန်လည်ကြေအေး သင့်မြတ်ခြင်း နှင့် အဖွဲ့အစည်းရဲ့ စွမ်းအား"
ယနေ့ ဧဝံဂေလိကျမ်းတွင် သခင်ယေဇူးသည် ယုံကြည်သူများအချင်းချင်း ကြုံတွေ့ရသော ပဋိပက္ခများကို မည်သို့ကိုင်တွယ်ရမည်ကို သွန်သင်တော်မူခြင်းဖြစ်တယ်။ ပြဿနာများကို လျစ်လျူရှုထားခြင်း သို့မဟုတ် အခြားသူ၏နောက်ကွယ်တွင် အပြစ်တင်ဝေဖန် ပြောဆိုခြင်းအစား၊ မိမိကို နာကျင်စေခဲ့သူထံ တိုက်ရိုက်သွား၍ ပြောဆိုရန် သွန်သင်တော်မူခြင်းဖြစ်တယ်။ ရည်ရွယ်ချက်မှာ အငြင်းပွားမှုတွင် အနိုင်ယူရန် မဟုတ်ဘဲ၊ မိမိ၏ ညီအစ်ကို၊ ညီအစ်မများကို ပြန်လည်ရရှိစေရန် ရည်ရွယ်ခြင်းပါ။
ဤသွန်သင်ချက်က " ခွင့်လွှတ်ခြင်းနှင့် ပြန်လည်ကြေအေး သင့်မြတ်ခြင်း "သည် ခရစ်ယာန် အသက်တာ၏ အနှစ်သာရဖြစ်ကြောင်း သတိပေးခြင်းပါ။ မိမိ၏အမှားကို ဝန်ခံတတ်ရန် နှိမ့်ချခြင်းရှိရန် လိုအပ်သကဲ့သို့၊ မိမိကို ထိခိုက် နာကျင်စေသူကို ခွင့်လွှတ်ရန်လည်း သတ္တိလိုအပ်ပါတယ်။ သခင်ယေဇူးက မိမိရဲ့အသင်းတော်ကို ကလဲ့စားချေခြင်းတွေ၊ မကျေနပ်မှုတွေထက် အဖွဲ့အစည်းကို မေတ္တာတရားဖြင့် ပိုမိုစွမ်းအားကြီး စေလိုခြင်းဖြစ်ပါတယ်။
ထို့ပြင် သခင်ယေဇူးက " လူနှစ်ယောက် သို့မဟုတ် သုံးယောက်တို့သည် ငါ၏အမည်နာမ၌ စုဝေးကြသောအခါ၊ ငါသည် သူတို့အလယ်၌ ရှိ၏ " ဟု မိန့်တော်မူတယ်။ ဤကတိတော်သည် ကျွန်ုပ်တို့ရဲ့ ဆုတောင်းခြင်း၊ ခွင့်လွှတ်ခြင်းနှင့် စည်းလုံးညီညွတ်ခြင်းဖြင့် စုဝေးလာသောအခါ သခင်ခရစ်တော်သည် အမှန်တကယ် ကျွန်ုပ်တို့နှင့်အတူ ရှိတော်မူကြောင်း ကတိ အာမခံပေးချက်ပါ။ ငြိမ်းချမ်းရေးကို တည်ဆောက်ရန် ကြိုးစားရာတွင် ကျွန်ုပ်တို့သည် တစ်ယောက်တည်း မဟုတ်ကြပါ။
ယနေ့တွင် မိမိကိုယ်ကို မေးမြန်းကြပါစို့။
* ကျွန်ုပ် ခွင့်လွှတ်ရန် လိုအပ်သောသူ၊ တစ်စုံယောက် ရှိပါသလား။
* ပျက်ပြားသွားသော ဆက်ဆံရေးကို ပြန်လည်တည်ဆောက်ရန် ကျွန်ုပ်က စတင်ချဉ်းကပ် ရမည့်သူ ရှိပါသလား။
သခင်ဘုရားသည် ကျွန်ုပ်တို့ကို " ပြန်လည် ကြေအေးသင့်မြတ်ခြင်း၏ တူရိယာ တန်ဆာပလာများ " ဖြစ်စေတော်မူပါစေ။ သို့မှသာ ကျွန်ုပ်တို့၏ မိသားစုများ၊ လူမှုအသိုင်း အဝိုင်းများနှင့် အသင်းတော်သည် သခင်ခရစ်တော်၏ မေတ္တာနှင့် စည်းလုံးညီညွတ်ခြင်းကို ထင်ဟပ်ပြသနိုင်ကြပါစေ။