21 August 2026 Friday
20th Week in Ordinary Time
Matthew 22: 34 -40
Reflection by Padre Pietro, MSP
Posted by Sr. Maria Ni Ni, MSP
" အကြီးမြတ်ဆုံးသော ပညတ်တော်မှာ ဘုရားသခင်ကို စိတ်နှလုံးအကြွင်းမဲ့ချစ်ခြင်းနှင့် နီးဆပ်သောသူကို ချစ်ခြင်း "
ယနေ့ဧဝံဂေလိတရားတော်တွင် ယေဇူးသည်ပညတ်တော် အားလုံးနှင့် ပရောဖက်များ၏ သွန်သင်ချက်များသည် ချစ်ခြင်းမေတ္တာ အပေါ်တွင် အခြေခံထားကြောင်း သွန်သင်တော်မူတယ်။ ဘုရားသခင်နှင့် ကျွန်ုပ်တို့၏ ဆက်ဆံရေးက အခြားသူများနှင့် ကျွန်ုပ်တို့ရဲ့ ဆက်ဆံရေး နဲ့ ခွဲခြား၍ မရပါဘူး။ မိမိတို့၏ ညီအစ်ကိုမောင်နှမများကို လျစ်လျူရှုခြင်း သို့မဟုတ် ထိခိုက်နာကျင်စေခြင်းဖြင့် ဘုရားသခင်ကို အမှန်တကယ် ချစ်ပါသည်ဟု မဆိုနိုင်ပါ။
ဘုရားသခင်ကို စိတ်နှလုံးအကြွင်းမဲ့ ချစ်ခြင်းဆိုသည်မှာ ကျွန်ုပ်တို့၏ဘဝတွင် ဘုရားသခင်ကို ပထမနေရာတွင် ထားရှိခြင်း၊ ကိုယ်တော့်ကို ယုံကြည်ခြင်း၊ ကိုယ်တော့်ထံ ဆုတောင်းခြင်းနှင့် ကိုယ်တော်၏အလိုတော်အတိုင်း လိုက်လျှောက်ခြင်း ဖြစ်တယ်။ သို့သော် ဤချစ်ခြင်းမေတ္တာသည် ကျွန်ုပ်တို့၏ လုပ်ရပ်များမှတစ်ဆင့် ထင်ရှားပေါ်လွင်ရမှာပဲဖြစ်တယ်။ ထိုအရာများမှာ စိတ်ထားကောင်းမွန်ခြင်း၊ ခွင့်လွှတ်ခြင်း၊ ကရုဏာတရားကြီးမားခြင်းနှင့် မိမိတို့ပတ်ဝန်းကျင်ရှိသူများကို ဂရုစိုက်ပေးခြင်းတို့ ဖြစ်တယ်။
တစ်ခါတစ်ရံ ဆုတောင်းခြင်းအားဖြင့် ဘုရားသခင်ကို ချစ်ရန် လွယ်ကူသော်လည်း မိမိတို့ကို စိတ်ပျက်စေသူများ၊ နာကျင်စေသူများကို ချစ်ရန် ခက်ခဲတတ်ကြပါတယ်။ ယေဇူးက လူတိုင်းသည် ဘုရားသခင်၏ ပုံသဏ္ဌာန်တော်နှင့်အညီ ဖန်ဆင်းခံရသူများဖြစ်ကြသဖြင့် ချစ်ခြင်းနှင့် လေးစားခြင်းကို ခံထိုက်ကြောင်း သတိပေးတော်မူတယ်။
ဘုရားသခင်အပေါ် ကျွန်ုပ်တို့ရဲ့ ချစ်ခြင်းမေတ္တာက အခြားသူများကို ဆက်ဆံရာတွင် ထင်ဟပ်စေပါသလား။ ဆိုသောမေးခွန်းကို ယနေ့ကျွန်ုပ်တို့ကိုယ်တိုင် ပြန်လည်မေးမြန်းကြပါစို့။
ကျွန်ုပ်တို့ရဲ့ စကားလုံးများနှင့် လုပ်ရပ်များက မိမိတို့ပတ်ဝန်းကျင်ရှိ သူများထံ ငြိမ်းချမ်းခြင်းနှင့် ကြင်နာခြင်းကို ဆောင်ကြဉ်းပေးပါသလား။
ဘုရားသခင် နဲ့ စတင်သော ချစ်ခြင်းမေတ္တာကို နီးစပ်သူများထံသို့ လက်ဆင့်ကမ်းနိုင်သော စစ်မှန်သည့် ချစ်ခြင်းမေတ္တာ၌ ကျွန်ုပ်တို့ ပိုမိုကြီးထွားလာနိုင်ရန် ဘုရားသခင် မှ ကူညီပေးတော်မူပါစေဟု တောင်းလျှောက်ကြပါစို့။