28 August 2026 Friday
21st Week in Ordinary Time
Matthew 25: 1 -13
Reflection by Padre Pietro, MSP
Posted Sr. Maria Ni Ni, MSP
“နိုးကြား၍ အသင့်ရှိကြလော့”
ယနေ့ ဧဝံဂေလိတရားတော်တွင် ယေဇူးက မီးခွက်များ ကိုင်ဆောင်ထားသော သတို့သမီးအရံဆယ်ဦး. ပုံဥပမာကို ပြောပြတော်မူတယ်။ သတိုးသမီးအရံ
ငါးဦးက မီးခွက်နှင့်တကွ ဆီကိုလည်းဘူးတွင်ထည့်၍ယူခဲ့ကြသောကြောင့် ပညာသတိရှိသူများဖြစ်ကြပြီး၊ အခြားငါးဦးမှာမီးခွက်ကိုသာယူ၍ ဆီအပိုကိုမယူမိခဲ့ကြ၍ ကြိုတင်ပြင်ဆင်ထားခြင်းမရှိသောကြောင့် မိုက်မဲသောသူများဖြစ်ကြတယ်။
မင်္ဂလာဆောင်သတို့သားသည် မမျှော်လင့်ထားသောအချိန်တွင် ရောက်လာသောအခါ အသင့်ပြင်ဆင်ထားသူများသာ မင်္ဂလာပွဲသို့ ဝင်ရောက်နိုင်ကြတယ်။
ဤဧဝံဂေလိတရားတော်ရဲ့ အဓိကသတင်းစကားမှာ ရိုးရှင်းပါတယ်။ “ထို့ကြောင့် သတိ နှင့် စောင့်နေကြလော့။ အကြောင်းမူကား သင်တို့သည် နေ့ရက်နှင့် အချိန်နာရီကို မသိကြ။" သောကြောင့်ဖြစ်တယ်
မီးခွက်ထဲရှိ ဆီသည် ကျွန်ုပ်တို့၏ ယုံကြည်ခြင်း၊ ဆုတောင်းခြင်း၊ ချစ်ခြင်းမေတ္တာ နဲ့ ကောင်းသောအကျင့်ပါရမီများ ကို ကိုယ်စားပြုနိုင်ပါတယ်။ ဘုရားသခင်အတွက် မိမိတို့ကိုယ်ကို နောက်ဆုံးအချိန်ရောက်မှ ပြင်ဆင်၍ မရနိုင်ပါ။ ဘုရားသခင် နဲ့ ကျွန်ုပ်တို့ရဲ့ဆက်ဆံရေးကို နေ့စဉ်အသစ်ပြန်လည် မွမ်းမံစေရမှာဖြစ်တယ်။
မိုက်မဲသော သတိုးသမီးငါးဦးက မကောင်းသောသူများ ဖြစ်တယ်လို့ မဆိုလိုပါ။ သူတို့ရဲ့ ပြဿနာမှာ အသင့်မရှိခြင်းဘဲ ဖြစ်တယ်။
သတိုးသားလာမယ်ဆိုတာကို သူတို့မျှော်လင့်ထားကြသော်လည်း သတို့သားနောက်ကျ၍လာနိုင်ခြင်းအတွက် သူတို့ ကြိုတင်မပြင်ဆင်ထားခြင်းပါ။
တစ်ခါတစ်ရံ ကျွန်ုပ်တို့လည်း ဘုရားသခင်ကို ယုံကြည်ကြသော်လည်း ဆုတောင်းခြင်း၊ ခွင့်လွှတ်ခြင်း၊ ပြန်လည်သင့်မြတ်ခြင်းနှင့် ကောင်းမွန်သောအရာ၊ ပါရမီဖြစ်သောအရာတွေ ပြုလုပ်ရန်အတွက် “အချိန်အများကြီးရှိပါသေးတယ်” ဟုထင်မြင်၊ယူဆကြကာ နောက်သို့ရွှေ့ဆိုင်းတတ်ကြပါတယ်။
သို့သော် ဘဝက မသေချာပါ၊ မရေရာပါ။ ဘာဖြစ်လို့လဲဆိုတော့ ဘဝကို ကျွန်ုပ်တို့ မပိုင်သောကြောင့်ပါ။ သခင်ဘုရားက ကျွန်ုပ်တို့ကို မည်သည့်အချိန်တွင် ခေါ်တော်မူမယ်ဆိုတာကို ကျွန်ုပ်တို့မသိကြပါ။ ထို့ကြောင့် အသင့်ရှိနေခြင်းက ကြောက်ရွံ့နေခြင်းလို့ မဆိုလိုပါ။ နေ့စဉ်နေ့တိုင်း သစ္စာရှိစွာ အသက်ရှင်နေခြင်း ကိုသာ ဆိုလိုပါတယ်။
ကျွန်ုပ်တို့ကိုယ်ကို မေးကြည့်ကြပါစို့—
“သခင်ဘုရားသည် ယနေ့ ကျွန်ုပ်ထံသို့ ကြွလာတော်မူမည်" ဟု ဆိုပါက ကျွန်ုပ်ရဲ့ မီးခွက်သည် ထွန်းလင်းနေမည်လော။
သခင်ဘုရား နဲ့ တွေ့ဆုံရန် ကျွန်ုပ်ရဲ့နှလုံးသားသည် အသင့်ရှိပါသလော။” ဆိုသော မေးခွန်းကို မိမိကိုယ်ကို မေးကြည့်ကြပါစို့၊
ကျွန်ုပ်တို့သည် စကားအားဖြင့်သာ ခရစ်ယာန်များမဖြစ်ဘဲ ယုံကြည်ခြင်း၊ မျှော်လင့်ခြင်း၊ ချစ်ခြင်းမေတ္တာ၊ ခွင့်လွှတ်ခြင်း နဲ့ အစေခံခြင်းတို့ဖြင့် အလင်းရောင်တောက်ပသော ခရစ်ယာန်များ ဖြစ်ကြပါစေ။
ထို့ကြောင့်
ကျွန်ုပ်ရဲ့မီးခွက်ကိုအမြဲထွန်းလင်းထားကြပါစို့။
ကျွန်ုပ်ရဲ့နှလုံးသားကိုလည်းအမြဲအသင့်ပြင်ထားကြပါစို့။
ဘာကြောင့်လည်းဆိုတော့
သခင်ဘုရားသည် ကျွန်ုပ်တို့ မမျှော်လင့်ထားသောအချိန်၊ နာရီ ၌ ကြွလာတော်မူ နိုင်သောကြောင့် ဖြစ်ပါတယ်။