2 September 2026 Wednesday
22nd Week in Ordinary Time
Luke 4: 38 - 44
Reflection by Consolation Sister, NSC
Posted by Sr. Maria Ni Ni, MSP
ငါသည်ဘုရားသခင်နိုင်ငံတော်၏သတင်းကောင်းကို အခြားသောမြို့များတွင်လည်း ဟောပြောကြေညာရမည် ၊ ဤအကြောင်းကြောင့် ငါသည် စေလွှတ်ခြင်းခံရ၏ ။
(လုကာ ၄:၄၃ )ဒီနေ့ ဧဝံဂေလိတရားတော်တွင် သခင်ယေဇူးသည် စီမွန်၏အိမ်သို့ ကြွရောက်၍ ပြင်းထန်သောအဖျားရောဂါစွခံစားနေရသော စီမွန်၏ ယောက္ခမကို ကုသပေးတော်မူသည်။ ကုသခြင်းခံရပြီးနောက် သူမသည် ချက်ချင်းထ၍ သခင်ယေဇူးနှင့် တပည့်တော်များကို အစေခံလေသည်။ ဤအဖြစ်အပျက်က ဘုရားသခင်၏ ကျေးဇူးတော်ကို အမှန်တကယ် တွေ့ကြုံရသူသည် ကျေးဇူးတော်ကို မိမိအတွက်သာ သိမ်းဆည်းမထားဘဲ ချစ်ခြင်းမေတ္တာဖြင့် အခြားသူများကို အစေခံတတ်ကြောင်း သင်ကြားပေးပါသည်။
နေဝင်ချိန်ရောက်သောအခါ လူများသည် ဖျားနာသူများနှင့် ဝေဒနာမျိုးစုံ ခံစားနေရသူများကို သခင်ယေဇူးထံသို့ ခေါ်ဆောင်လာကြသည်။ ကိုယ်တော်သည် လူတစ်ဦးချင်းစီအပေါ် လက်တော်တင်၍ ကုသပေးတော်မူသည်။ ဤသို့အားဖြင့် သခင်ယေဇူးသည် လူအစုအဝေးကိုသာ မဟုတ်ဘဲ ကျွန်ုပ်တို့၏ သီးခြားဒုက္ခများ၊ အားနည်းချက်များနှင့် လိုအပ်ချက်များကိုပါ အလေးထား ဂရုစိုက်တော်မူသော သခင် ဖြစ်ကြောင်း ထင်ရှားစေပါသည်။
အလုပ်များပြားလှသော်လည်း သခင်ယေဇူးသည် နောက်တစ်နေ့ နံနက်တွင် ဆိတ်ငြိမ်သောအရပ်သို့ ကြွတော်မူ၍ ခမည်းတော်နှင့် ဆုတောင်းဆက်သွယ်ခဲ့သည်။ လူအများက ကိုယ်တော်ကို ဆက်လက်နေစေလိုသော်လည်း ကိုယ်တော်သည် လူတို့၏ ချီးမွမ်းခြင်း သို့မဟုတ် အောင်မြင်မှုအပေါ် မရပ်တန့်ဘဲ ခမည်းတော်၏ အလိုတော်ကို ဦးစားပေး၍ ဘုရားသခင်၏ နိုင်ငံတော်သတင်းကောင်းကို အခြားမြို့များသို့ ဆက်လက်ကြေညာရန် ထွက်ခွာတော်မူခဲ့သည်။
ဤဧဝံဂေလိတရားတော်သည် ကျွန်ုပ်တို့အား အရေးကြီးသော သင်ခန်းစာနှစ်ခုကို ပေးပါသည်။ ပထမအချက်မှာ ကျွန်ုပ်တို့၏ နာကျင်မှုနှင့် အားနည်းခြင်းများကို သခင်ယေဇူးထံ ယုံကြည်စွာ အပ်နှံရန် ဖြစ်သည်။ ဒုတိယအချက်မှာ အလုပ်များ၊ တာဝန်များကြား၌ပင် ဘုရားသခင်နှင့် ဆုတောင်းခြင်းဖြင့် အမြဲဆက်သွယ်နေရန်နှင့် ဧဝံဂေလိတရားကို မိမိ၏ စကား၊ အပြုအမူနှင့် အသက်တာအားဖြင့် သက်သေခံရန် ဖြစ်သည်။