6.12.2024 – 1st Week of Advent; Friday;
အာဒ်ဝင်တူးကာလ ပထမသီတင်းပတ်၊သောကြာနေ့
St. Nicholas
ဟေရှာယ ၂၉း ၁၇ - ၂၄
ရှင်မာတေဦး ၉း ၂၇ - ၃၁ - Mt.9:27-31
Reflection By Daw Moe Trio
Posted by Sr. Benedetta Myat Hnin Nwe(ISR)
ဟေရှာယ ၉း၇ -ကယ်တင်ရှင်မက်ဆီးယားဘုရင်ကဒါဝိဒ်အမျိုးအနွယ်မှဆင်းသက်လာမယ်ဆိုတာကို သိထားတာကြောင့် ခရစ်တော်ယေဇူးကို"ဒါဝိဒ်၏သားတော်"လို့ ခေါ်ဝေါ်ခြင်းက မက်ဆီးယားအရှင်အဖြစ်ရည်ညွှန်းပြီးခေါ်ခြင်းဖြစ်ပါတယ်။ဘွဲ့နာမတော်ကို ကျမ်းရေးပုဂ္ဂိုလ်ရှင်မာတေဦးက ဒီနေရာမှာ ပထမဦးဆုံးအကြိမ် အသုံးပြုထားလည်းဖြစ်ပါတယ်။ ဒီနေ့ဧဝံဂေလိကျမ်းစာထဲမှာဖော်ပြထားတဲ့ ခရစ်တော်ယေဇူးက မျက်စိကန်းသောသူတို့အားမျက်စိမြင်စေမယ့် အကြောင်းကိုလည်း ပထကျမ်းစာယေရှာယ၂၉း၁၈မှာအတိအလင်းဖော်ပြထားပြီးဖြစ်ပါတယ်။ဒါပေမယ့်သူ့ကို"ဒါဝိဒ်၏သားတော်"လို့ခေါ်လိုက်ရုံလေးနဲ့ ခရစ်တော်ယေဇူးက မျက်မမြင်တို့ရဲ့ တောင်းလျှောက်သံကိုချက်ချင်းတုံ့ပြန်နားညောင်းတော်မူခဲ့တာ မဟုတ်ပါဘူး။ဒီမျက်မမြင်တွေဆီမှာယုံကြည်ရှိ၊မရှိဆိုတာကိုစောင့်ကြည့်နေခဲ့သေးတာပါ။ တကယ်တော့ အကူအညီကို အပူတပြင်းလိုအပ်နေလို့တောင်းခံလာသူတိုင်းကလည်း သူတို့ကိုဘုရားက ကူညီမစနိုင်ကြောင်းကို ယုံကြည်တဲ့သူတွေဖြစ်ချင်မှဖြစ်မှာပါ။ ဒါကြောင့်လည်း ခရစ်တော်ယေဇူးက သူတို့ရဲ့ ယုံကြည်ခြင်းကိုအလေးပေးဖို့၊တိုးပွားစေဖို့ မေးခွန်းထုတ်ပြီးစောင့်နေတာပါ။ကျွန်ုပ်တို့ဘဝအသက်တာမှာလည်းတစ်ခါတလေမှာ ဘုရားသခင်က ကျွန်ုပ်တို့ဆုတောင်းခြင်းကို အဖြေပေး၊နားညောင်းဖို့နှောင့်နှေးနေတယ်ဆိုရင် ဧဝံဂေလိကျမ်းစာထဲက မျက်မမြင်နှစ်ယောက်ကို စစ်ဆေးနေခဲ့သလိုပဲ ကျွန်ုပ်တို့ယုံကြည်ခြင်းကို စစ်ဆေးနေခြင်းဖြစ်တယ် ဆိုတာကိုသတိရလိုက်ပါ။ဘုရားသခင်က မိမိအားကူညီမစနိုင်တယ်ဆိုတာကို ယုံကြည်ပါသလား။မိမိဘက်ကရော ကိုယ်တော်ရှင်၏ကူညီမစခြင်းကို အမှန်တကယ် လိုချင်တာ၊ လိုအပ်တာ ဟုတ်ပါရဲ့လား။ဒီနေ့ ဆာလံသံပြိုင်လေးအတိုင်း "ထာဝရဘုရားသခင်သည် ငါ၏အလင်း၊ ငါ့ကိုယ်ကယ်တင်သောအရှင်ဖြစ်တော်မူ၏။"လို့ အကြိမ်ကြိမ် ရွတ်ဆိုပူဇော်ပြီး၊ခွန်အားယူတတ်ပြီလား။