အာဒ်ဝင်တူးကာလဒုတိယသီတင်းပတ်၊စနေနေ့
နီတိဒေသနာ ၄၈း ၁ - ၄၊ ၉ - ၁၁
ရှင်မာတေဦး ၁၇း၉(က)၊ ၁၀ - ၁၃-Mt.17:9,10-13
Reflection By Daw Moe Trio
Posted by Sr. Benedetta Myat Hnin Nwe(ISR)
ဒီနေ့ပထမကျမ်းစာထဲမှာ ပရောဖက်ဧလိယကို မီးတောက်မီးလျှံနဲ့တင်စားထားပါတယ်။ သူ့စကားတွေကလည်း ဟုန်းဟုန်းတောက် လောင်နေတဲ့မီးတုတ်ပမာ ပြင်းထန်လှပါတယ်တဲ့။ ဝိညာဥ်တော်မီးနဲ့ တောက်လောင်နေတဲ့ ပရောဖက်ကြီး ဧလိယဟာ ဘုရားရှင်ပေးတဲ့ မီးတောက်အစွမ်းနဲ့ လူတွေရဲ့နှလုံးသားတွေကို ဘုရားရှင်ဆီ ပြန်လှည့်လာဖို့ မျိုးစုံ ပြောခဲ့၊ဆူခဲ့၊စိန်ခေါ်ခဲ့၊တိုက်တွန်းခဲ့တဲ့သူပါ။ ပရောဖက်ကြီးဧလိယရဲ့ စိတ်ဝိညာဥ်နဲ့နှလုံးသားအတိုင်းထပ်တူကျခဲ့တဲ့ပုဂ္ဂိုလ်က ရှင်ယောဟန်ဘတ္တိဇံပါပဲ။ သူ့ခေတ်၊သူ့အခါမှာလည်း လူတွေကို အပြစ်တရားတွေကို စွန့်ပစ်ဖို့၊ နောင်တတရားနဲ့ ဘုရားဆီကို လှည့်ပြန်လာဖို့ တစ်ချိန်လုံး ဆော်သြခဲ့၊ လမ်းညွှန်ခဲ့၊တိုက်တွန်းခဲ့ပါတယ်။ဒီအချက်ဟာ ဓမ္မဟောင်းကာလက ပရောဖက်ဧလိယနဲ့၊ ခေတ်သစ်ပရောဖက် ဧလိယလို့ လူတွေတင်စား၊ယုံမှားနေကြတဲ့ ရှင်ယောဟန်ဘတ္တိဇံတို့ကြားက ဘုံတူညီချက်အများကြီးထဲက တစ်ချက်လည်းဖြစ်ပါတယ်။ကြွလာမယ့် မက်ဆီးယားသခင်ကို အကောင်းဆုံး ကြိုဆိုနိုင်ဖို့အတွက် ပြင်ဆင်၊စောင့်ဆိုင်းနေတဲ့ အာဒ်ဝင်တူးကာလမှာ ကျွန်ုပ်တို့ရဲ့ စိတ်ဝိညာဥ်နဲ့နှလုံးသားတွေလည်း ဒီပရောဖက်ကြီးနှစ်ပါးလိုပဲတောက်လောင်ပြင်းထန်နေရမှာဖြစ်ပါတယ်။အာဒ်ဝင်တူးကာလ၄ပတ်အတွင်းမှာ ထွန်းညှိပူဇော်ထားတဲ့ အာဒ်ဝင်တူးဖယောင်းတိုင်တွေ တစ်တိုင်ပြီးတစ်တိုင် ပြောင်းသွားတာ၊ ဖယောင်းတိုင်ရဲ့အရောင်ပြောင်းသွားတာကို အာရုံစိုက်ရုံတင်မကဘဲ မိမိတို့ကိုယ်တိုင်ကလည်း အာဒ်ဝင်တူးဖယောင်းတိုင်က မီးတောက်လိုမျိုး၊ ဝိညာဥ်တော်မီးနဲ့ တောက်လောင်နေတဲ့၊ အလင်းစကားသတင်းကောင်းကို ထွန်းညှိဖြန့်ချိကူးစက်စေမယ့် အာဒ်ဝင်တူးဖယောင်းတိုင်တွေ ဖြစ်နေကြရမှာဖြစ်ပါတယ်။