19.12.2024 – 3rd Week of Advent; Thursday
အာဒ်ဝင်တူးကာလတတိယသီတင်းပတ်၊ကြာသပတေးနေ့
တရားသူကြီးမှတ်စာ ၁၃း ၂ - ၃၊ ၂၄ - ၂၅
ရှင်လုကာ ၁း ၅ - ၂၅ - Luke 1:5-25
Reflection By Daw Moe Trio
Posted by Sr. Benedetta Myat Hnin Nwe(ISR)
ဒီနေ့ရဲ့ကျမ်းစာနှစ်စောင်စလုံးက သားသမီးမရှိတဲ့အမျိုးသမီးနှစ်ယောက်ဟာ သားယောကျ်ားကိုဖွားမြင်မယ့်အကြောင်းနဲ့ဒီသားယောကျ်ားလေးတွေဟာ ဘုရားသခင်အတွက် သီးသန့်ဆက်ကပ်ထားရမယ့်နာဇရိုက်လူတွေဖြစ်တာကြောင့် အရက်သေစာနဲ့မစင်ကြယ်တဲ့အစား အသောက်တွေကို သုံးဆောင်ခြင်းမှရှောင်ကြဥ်မသောက်သုံးရမယ့်အကြောင်းတွေကို သိကြားတမန်တော်က ဗျာဒိတ်ပေးတဲ့အကြောင်းကို ဖတ်ရှုရတာဖြစ်ပါတယ်။မတူညီတဲ့အချက်ကတော့ ပထမကျမ်းစာထဲမှာဗျာဒိတ်ပေးခြင်း ခံထားရတဲ့သားယောကျ်ားလေး Samsonကြီးပြင်းလာတဲ့အချိန်မှာ ဝိညာဥ်တော်ဘုရားက သူ့ဆီမှာစတင်အလုပ်လုပ်ဆောင်ပြီး၊ ဧဝံဂေလိကျမ်းစာထဲမှာဗျာဒိတ်ပေးခြင်းခံထားရတဲ့သားယောကျ်ားလေးယောဟန်ဗတ္တိဇံကအမိဝမ်းတွင်းမှာကတည်းက သန့်ရှင်းသောဝိညာဥ်တော်နဲ့ ပြည့်ဝနေပြီးသားဖြစ်ပါတယ်။ရှင်လုကာကျမ်းမှာ ကျမ်းရေးပုဂ္ဂိုလ်ရှင်လုကာက ပုဂ္ဂိုလ်သုံးပါးတစ်ဆူဘုရားထဲမှ တတိယပုဂ္ဂိုလ်တော်ဖြစ်တဲ့သန့်ရှင်းသောဝိညာဥ်တော်ဘုရားကို ဒီနေရာမှာ(လုကာ ၁း၁၅) ပထမဦးဆုံး ဖော်ပြခဲ့ခြင်းဖြစ်ပါတယ်။ နောက်ပြီး ရှင်လုကာဟာ သန့်ရှင်းသောဝိညာဥ်တော်ရဲ့လုပ်ဆောင်မှုအခန်းကဏ္ဍတွေအများကြီးပါဝင်ထားတဲ့ တမန်တော်ဝတ္ထုကိုရေးခဲ့သူလည်းဖြစ်တာကြောင့် သန့်ရှင်းသောဝိညာဥ်တော်ဘုရား အကြောင်းကို တစ်ခြားကျမ်းရေးပုဂ္ဂိုလ်တွေထက်ကို ပိုပြီး အလေးပေး၊ ရေးသားဖော်ပြခဲ့တဲ့သူလည်းဖြစ်ပါတယ်။ ဒါကြောင့် ရှင်လုကာကို သန့်ရှင်းသောဝိညာဥ်တော်ဘုရားပတ်သက်ပြီး အများကြီးဖော်ပြခြင်းခံခဲ့ရတယ်လို့ သိရှိနိုင်ပါတယ်။ဓမ္မဟောင်းကာလမှာတော့ တစ်ဦးတစ်ယောက်ယောက်ကို သန့်ရှင်းသောဝိညာဥ်တော်ပြည့်ဝတဲ့သူလို့ ဖော်ပြထားရင် အဲဒီလူဟာ ဘုရားသခင်၏အထူးရည်ရွယ်ချက်အတွက်ရောက်လာတဲ့သူ၊ အထူးသတ်မှတ်ထားတဲ့ အလုပ်တာဝန်ကို ပြီးမြောက်အောင်လုပ်ဖို့ အထူးသီးသန့်ခွဲခန့်မှတ်သားထားခြင်းခံရတဲ့လူပဲဖြစ်ပါတယ်။ဘုရားသခင်၏ကယ်တင်ခြင်းသမိုင်းသစ်ကိုရေးထိုးဖို့ ဓမ္မသစ်ကာလဦးဖြစ်တဲ့ ခရစ်တော်ယေဇူးမက်ဆီးယားရှင်ကြွလာတော့မယ့်အချိန်မှာလည်း ဘုရားရှင်တော်၏ ကယ်တင်ခြင်းစီမံကိန်းအတွက် ထူးခြားတဲ့တာဝန်တွေကို ထမ်းဆောင်ကြရတော့မယ့် အမိမယ်တော်မာရီးယားနဲ့ ယောဟန်ဗတ္တိဇံတို့ထံမှာလည်း သန့်ရှင်းသောဝိညာဥ်တော်ပြည့်ဝနေဖို့ စီမံထားတာကို ဒီနေ့ဧဝံဂေလိကျမ်းစာအားဖြင့် လေ့လာတွေ့ရှိနိုင်ပါတယ်။ဘုရားသခင်၏အမှုတော်ကို ထိရောက်စွာထမ်းဆောင်နိုင်ဖို့အတွက် သန့်ရှင်းသောဝိညာဥ်တော်၏ကူညီစောင်မမှုကို ကျွန်ုပ်တို့အားလုံးလည်း လိုအပ်ကြတာဖြစ်ပါတယ်။