17.12.2024 – 3rd Week of Advent; Tuesday
အာဒ်ဝင်တူးကာလတတိယသီတင်းပတ်၊ အင်္ဂါနေ့
ကမ္ဘာဦးကျမ်း ၄၉း ၂၊ ၈ - ၁၀
ရှင်မာတေဦး ၁း၊ ၁ - ၁၇- Mt.1:1-17
Reflection By Daw Moe Trio
Posted by Sr. Benedetta Myat Hnin Nwe(ISR)
ဒီနေ့ဧဝံဂေလိကျမ်းစာတော်ထဲမှာတော့ ခရစ်တော်ယေဇူးဘုရားဘိုးဘေးစဥ်ဆက်၊ဆွေတော်မျိုးတော် စာရင်းဇယားကိုဖော်ပြထားတာကို တွေ့ရှိလေ့လာရတာဖြစ်ပါတယ်။ ဒီလူတွေအားလုံးဟာ ခရစ်တော်ယေဇူးကိုယ်တော်၏ဘိုးဘေးများဖြစ်ကြပေမယ့်လည်း တစ်ဦးတစ်ယောက်ချင်းစီရဲ့ ကိုယ်ရည်ကိုယ်သွေး၊ဝိညာဥ်ရေးနဲ့၊ တွေ့ ကြုံဖြတ်သန်းခဲ့ရတဲ့ အတွေ့အကြုံချင်းကအများကြီးကွာခြားသွားခဲ့ကြပါတယ်။ခရစ်တော်ယေဇူးဘုရား၏ဘိုးဘေးတွေ၊ ဘိုးဘွားတွေဖြစ်ခဲ့ကြပေမယ့်လည်း တစ်ချို့ကလည်း အာဗြံဟမ်၊ဣဇတ်၊ရုသ်၊ဒေးဗစ်တို့လိုယုံကြည်ခြင်းရဲ့သူရဲကောင်း အကြီးစားတွေ။တစ်ချို့ကျတော့ရာဟပ်တို့၊တာမာတို့လို နာမည်ဆိုးနဲ့ အတိတ်ဆိုးရှိခဲ့တဲ့သူတွေ။ခရစ်တော်ယေဇူးရှင်၏ဘိုးဘေးအများစုကတော့ သူလိုကိုယ်လို သာမန်မထင်မရှား လူပုဂ္ဂိုလ်တွေ။ဒီထဲမှာ မနာရှေ-Manassehတို့၊ အဘိယ-Abijahတို့လို လူတွေကလည်း ပါဝင်လိုက်သေး။မည်သို့ပင်ဆိုစေကာမူလူ့သမိုင်းတလျှောက်လုံးမှာ ဘုရားသခင်၏လုပ်ဆောင်ချက်နဲ့ အကြံအစည်တော်တို့ကို လူတို့ရဲ့ အားနည်းချက်များ၊ မပြည့်စုံမှုများ၊အပြစ်များ၊ အမှားများနဲ့ ကန့်သတ်ဘောင်ခတ်ခဲ့လို့ မရပါဘူး။ ဘုရားသခင်က သာမန်လူတွေ အားဖြင့်လည်း အလုပ်လုပ်ပါတယ်။ဘုရားသခင်က ကယ်တင်ခြင်းစီမံကိန်းအတွက်မိမိရဲ့တစ်ပါးတည်းသောသားတော်ကို ဒီလောကကိုပို့ဆောင်ဖို့အတွက်လူပေါင်းစုံကို အသုံးပြုခဲ့သလိုမျိုး၊ ဒီနေ့ဒီအချိန်ထိလည်း ဘုရား ရှင်အလိုတော်ကို ပြည့်စုံဖို့အတွက် လူအမျိုးမျိုးကို အသုံးပြုလျက်ရှိပါတယ်။ကယ်တင်ရှင်မက်ဆီးယား လူ့အဖြစ်ကိုယူပြီး ဖွားမြင်လာဖို့အတွက် အမိမယ်တော်မာရီးယားနဲ့ ရှင်ဂျိုးဇက်တို့ ဘဝတွေကို အသုံးပြုခဲ့သလိုပဲ၊ ဒီနေ့မှာလည်း ကျွန်ုပ်တို့တွေရဲ့ ဘဝကိုယ်စီကိုလည်း ဘုရားရှင်တော် အလိုတော်၊ အကြံအစည်တော်နဲ့ ဘုန်းတော်ထင်ရှားဖို့အတွက် အသုံးပြုနေတာ၊ အသုံးပြုမှာဖြစ်ပါတယ်။