23.12.2024 – 4th Week of Advent; Monday
အာဒ်ဝင်တူးကာလ စတုတ္ထ သီတင်းပတ်၊တနင်္လာနေ့
မာလခိ ၃း ၁ - ၄၊ ၂၃ - ၂၄
ရှင်လုကာ ၁း ၅၇ - ၆၆ - Luke 1:57-66
Reflection By Daw Moe Trio
Posted by Sr. Benedetta Myat Hnin Nwe(ISR)
ဒီနေ့ဧဝံဂေလိကျမ်းစာတော်မြတ်က ရှင်ယောဟန်ဗတ္တိစံရဲ့ဖွားမြင်တော်မူခြင်း အကြောင်းကို ဖတ်ရှုရတာဖြစ်ပါတယ်။ယောဟန်ဆိုတဲ့နာမည်အဓိပ္ပာယ်က"သနားခြင်းကရုဏာတော်နှင့်ပြည့်စုံတော်မူသော ဘုရားသခင်" လို့ အဓိပ္ပာယ်ရပါတယ်။ ဒီယောဟန်ဟာ ဧလိဇဘက်နဲ့ဇာခရိယတို့အတွက် ဘုရားရှင် မဟာသနားခြင်းကရုဏာတော်အားဖြင့် ပေးလိုက်တဲ့ဆုလာဘ်တော်ဖြစ်ပါတယ်။အဲဒီအတိုင်းပဲ မက်ဆီးယားကိုစောင့်မျှော်နေတဲ့လူသားတွေကို ကယ်တင်ရှင်မက်ဆီးယားသိရှိလက်ခံလာအောင် ပြင်ဆင်ပေးတဲ့၊ ဘုရားရှင်ရဲ့လက်တော်ဟာ သူနဲ့အတူပါရှိနေတဲ့ ယောဟန်ဟာ ကျွန်ုပ်တို့ ကမ္ဘာသူ ကမ္ဘာသားတွေအတွက်လည်း ဆုလက်ဆောင်လည်းဖြစ်ပါတယ်။ဘုရားရှင်၏သနားခြင်းကရုဏာတော်ဟာ ကျွန်ုပ်တို့အားဖြင့်လည်း ပတ်ဝန်းကျင်ကို သက်ဆင်းစေသလို၊ ပတ်ဝန်းကျင်အားဖြင့်လည်း ကျွန်ုပ်တို့ဘဝတွေထဲမှာ ဘုရားရှင် ၏သနားခြင်းကရုဏာတော်စီးဆင်းပါတယ်။ကျွန်ုပ်တို့အားလုံးလည်းရှင်ယောဟန်ဗတ္တိဇံလိုပဲ သူတစ်ပါးအတွက်ဘုရားရှင်၏လက်တော်တွေပါပဲ။ကိုယ့်ဘက်က ပေးကမ်းစွန့်ကြဲခြင်းတွေလည်း ဘုရားရှင်ရဲ့လက်တော်တွေဖြစ်သလို၊ ကျွန်ုပ်တို့ကို သူတစ်ပါးက ကူညီစောင်မပေးလိုက်တာကလည်း ဘုရား၏လက်တော် တွေပါပဲ။မိမိတို့နဲ့အနီးစပ်ဆုံးမှာရှိနေကြတဲ့မိဘနှစ်ပါး၊ညီအစ်ကိုမောင်နှမ၊ဆွေမျိုးသားချင်း၊ဆရာသမား၊ကျေးဇူးရှင်တွေအားလုံးအားဖြင့် ကျွန်ုပ်တို့တွေ လူတလုံးသူတလုံးဖြစ်လာဖို့ ဘုရားရှင် ၏ရုဏာသနားခြင်းတွေ ရောက်ရှိလာစေတဲ့ဘုရားရှင်၏လက်တော်တွေဖြစ်သလို၊ကျွန်ုပ်တို့တွေကလည်း ဘုရားရှင်၏သနားခြင်းကရုဏာတွေကိုလူတိုင်းဆီ သယ်ဆောင်ပေးတဲ့ ဘုရား၏လက်တော်အဖြစ်ဖို့ ဆက်ကပ်ရတယ်၊ အသုံးတော်ခံဖို့လိုအပ်တယ်ဆိုတာကို အမှတ်ရကြရမှာဖြစ်ပါတယ်။